ရွှေဘိုမှာ အမောင်းသင်နေတဲ့ကား မိုင်းထိလို့ အမျိုးသား ၂ ဦးဒဏ်ရာရ

ရွှေဘိုမှာ အမောင်းသင်နေတဲ့ကား မိုင်းထိလို့ အမျိုးသား ၂ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့အထွက် ရွှေဘို-မန္တလေးလမ်းပိုင်းမှာ အမောင်းသင်နေတဲ့ကား မိုင်းထိလို့ အမျိုးသား ၂ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၂၂ ရက်ဒီမနက် ၁၁ နာရီခွဲလောက်မှာ ရွှေဘိုမြို့ထဲကနေ မြို့ပြင်ဘက်ကို ကားမောင်းသင်ရင်း ထွက်လာတဲ့ အိမ်စီးကားတစီးဟာ မြို့အထွက်ဆိုင်းဘုတ်အနီး အရောက်မှာ မိုင်းထိခဲ့တာလို့ ဆိုပါတယ်။

"ကားက ဆိုင်းဘုတ်နားအရောက်မှာ ထကွဲတာလို့တော့ သိရတယ်။ ကားက မိုင်းပေါ် တက်ကြိတ်မိတာတော့ မဟုတ်ဘူး။ လမ်းဘေးထောင်ထားတဲ့ မိုင်းကနေ ထကွဲတာမျိုးပါ။ ကားပေါ်မှာက အမျိုးသား ၂ ယောက်ပါတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းထိလို့ အမှတ် ၈ ရပ်ကွက်နေ ဦးစောဦး အသက် ၄၂ နှစ်မှာ နဖူး၊ ခေါင်းနဲ့ ခြေထောက်တွေမှာ မိုင်းအစမှန် ဒဏ်ရာရခဲ့သလို နောက်အမျိုးသား တဦးမှာလည်း ပွန်းပဲဒဏ်ရာလောက်သာရခဲ့ပြီး ကားထိခိုက်ပျက်စီးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီအမျိုးသား ၂ ဦးအနက် ဦးစောဦးကိုသာ ရွှေဘိုဆေးရုံကြီးကို ဒေသခံတွေက ပို့ဆောင်ပေးခဲ့ရပြီး ကျန်တဦးကတော့ ဆေးရုံတက်ကုသတာ မရှိဘူးလို့ သိရပါတယ်။

ဒီမိုင်းတွေကို ဘယ်အဖွဲ့က ထောင်ထားလဲ ဆိုတာကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ကလည်း ရွှေဘိုမြို့ ကားကြီးကွင်းနားမှာ မိုင်းပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ ၁၉ ဦး ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

 

စာတည်း - လင်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #မိုင်းကွဲ #ဒေသခံထိခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10