သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်မှာ ဒီဇင်ဘာ ၁၅ ရက်ကနေ ဒီဇင်ဘာ ၂၁ ရက်အထိ ၁ ပတ်အတွင်း ပြည်သူ ၁၂ ဦးခန့် ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ညပိုင်းတွေမှာ ဧည့်စာရင်းစစ်ဖမ်းဆီးတာ၊ နေ့လယ်ပိုင်းတွေမှာ မြို့အဝင်အထွက်တွေမှာ စစ်ဆေးတာတွေပြုလုပ်ပြီး ဖမ်းဆီးနေတာလို့ ဆိုပါတယ်။
"ဧည့်စာရင်းစစ်ရင် အိမ်ထောင်စုမရှိတာကောရှိတာကော ဆွဲတယ်။ နယ်တွေဘက်က စစ်ရှောင်တွေ မြို့ပေါ်တက်နေတာတွေလည်း ဆွဲတယ်။ နေ့ခင်းတွေမှာလည်း စျေးသွားစျေးလာ အလုပ်သွား လမ်းမှာတွေ့ရင် စစ်ဆေးပြီး ဖမ်းဆီးတာတွေလုပ်တယ်" ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေကို ငွေနဲ့ပြန်ရွေးမရဘဲ စစ်မှုထမ်းဖို့ ရွှေဘို စခတ ၈ ထဲကို တခါတည်းဖမ်းဆီးသွားပြီး မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်မပေးဘူးလို့ သိရပါတယ်။
သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကနေတဆင့် မိသားစုဝင်တွေက စုံစမ်းရာမှာလည်း စခတ ၈ ထဲမှာ ဖမ်းဆီးထားတယ်လို့သာ ပြန်လည်ပြောဆိုပြီး တာဝန်ခံကာ တွေ့ခွင့်ရအောင်ကူညီပေးတာမျိုးမရှိဘူးလို့ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အမှတ် ၁၀ နယ်မြေ၊ နွားလေးကုန်းရပ်ကွက်နေ အသက် ၃၅ နှစ်အရွယ် ကျော်မင်းထွန်း (ခ) ကိုကတုံး၊ အသက် ၂၅ နှစ်အရွယ် စိုးမိုးကျော် (ခ) ကိုဝိုင်းဝိုင်း၊ အမှတ် ၁၀ နယ်မြေ၊ သရက်ခြံ ရပ်ကွက်၊ ၄ လမ်းနေ အသက် ၂၅ နှစ်အရွယ် အောင်ဖြိုးကျော် (ခ) အုန်းသီး အပါအဝင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား အမျိုးသား ၁၂ ဦးခန့် ဖမ်းဆီးခံထားရတာလို့ ဆိုပါတယ်။
" အောင်ဖြိုးကျော်တို့ဆို နယ်ဘက်ကနေ အလုပ်လာလုပ်တာ သူငယ်ချင်းတွေ ၁၀ ယောက်၊ ၁၀ ယောက်လုံးပါသွားတယ်။ အဆောင်ငှားပြီးနေတာ။ သရက်ခြံ ၄ လမ်းထဲမှာ နေကြတာ။ သူတို့က ဧည့်စာရင်းတိုင်ထားတာကို ဧည့်သည်တွေဆိုပြီး ဧည့်စာရင်းနဲ့လိုက်တာဖြစ်နိုင်တယ်။ ဧည့်စာရင်းတိုင်လည်းဆွဲ မတိုင်လည်းဆွဲတာပဲ"လို့ အထက်ပါဒေသခံက ဆက်ပြောပါတယ်။
ဒီပမာဏဟာ အတိအကျသိရှိထားတဲ့ဖမ်းဆီးခံရသူ အရေအတွက်ဖြစ်ပြီး မြေပြင်မှာဒီထပ်ပိုများကာ အဖမ်းခံရသူဦးရေ ၃၀ ကျော်လောက်ရှိနိုင်တယ်လို့ သူကပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အမှတ် ၁၀ နယ်မြေ၊ အမှတ် ၃ နယ်မြေနဲ့ အမှတ် ၉ နယ်မြေတွေထဲက စစ်ရှောင်တွေ၊ နယ်ဝေးကနေ လာနေသူတွေအများစုပါဝင်တယ်လို့ ဆိုပါတယ်။
အမှတ် ၁၀ နယ်မြေနေ ဒေသခံအမျိုးသမီးတဦးကလည်း "ဧည့်စာရင်းကတော့ တအားစစ်တာ။ ည ၇ နာရီနောက်ပိုင်းဆိုစစ်ပြီ။ အိမ်ထဲထိ ဝင်စစ်တာ။ အဲလိုစစ်တာက ဒီရက်ပိုင်းတော်တော်ဆိုးတာ။ တံခါးတွေထုတယ်။ အိမ်ထောင်စုဇယားတွေ ထုတ်ခိုင်းတယ်။ ဖမ်းခံထိတဲ့သူတွေဆို ဟိုအရင်ကဆို ပိုက်ဆံနဲ့ရွေးလို့ရတယ်။ အခုမရတော့ဘူး။ ဖမ်းပြီး စစ်မှုထမ်းခိုင်းတာ။"လို့ ပြောပါတယ်။
၂၀၂၃ ဖေဖော်ဝါရီလမှာ စစ်ကောင်စီက ရွှေဘိုမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီး ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်ကိုလည်း ထုတ်ပြန်ကြေညာထားတာဖြစ်ပါတယ်။
စစ်ကောင်စီဘက်က ပေါ်တာမဆွဲခင်၊ စစ်မှုထမ်းအတွက် လူတွေဖမ်းဆီးမှုမလုပ်ခင် ဒီဇင်ဘာလ ဒုတိယပတ်အတွင်းအထိ မြို့ပေါ်လမ်းတွေမှာ ည ၈ နာရီခန့်ထိ လူသွားလူလာတွေရှိနေခဲ့တယ်လို့ သိရပါတယ်။
အခုလို ရွှေဘိုမြို့ပေါ်မှာ စစ်ကောင်စီဘက်က စစ်မှုထမ်းရဖို့ အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖမ်းဆီးမှုတွေရှိလာတဲ့နောက်မှာတော့ ရွှေဘိုမြို့ပေါ်က လမ်းတွေမှာဆို ညနေ ၆ နာရီနောက်ပိုင်းဆို လူသွားလူလာမရှိသလောက် နည်းပါးသွားတယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ပုံစာ - ဧည့်စာရင်းစစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များ။ (ပုံဟောင်း)
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #ရွှေဘို #စစ်ကောင်စီ #ဖမ်းဆီး
Share Share Share