ရွှေဘိုမှာ ၂ ရက်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုရှိ

ရွှေဘိုမှာ ၂ ရက်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးမှုရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပေါက်တုံ၊ ယင်းပုဂံ၊ ဘုရားလေးခြံကျေးရွာတွေနားမှာ ၂ ရက်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ဦးသေဆုံးသွားတယ်လို့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့ထံက သိရပါတယ်။

စက်တင်ဘာ ၄ ရက် မနက် ၅ နာရီခန့်မှာ ရွှေဘိုအခြေစိုက် လေ့ကျင့်ရေး ၈ (စခတ ၈) ကနေ ထွက်လာတဲ့ စစ်ကောင်စီအင်အား ၁၀၀ ကျော်ကို ပေါက်တုံကျေးရွာနားမှာ ၁ ကြိမ်၊ ပေါက်တုံနဲ့ ယင်းပုဂံကျေးရွာနားမှာ ၂ ကြိမ်၊ ယင်းပုဂံကျေးရွာအထွက်မှာ ၁ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

စက်တင်ဘာ ၅ ရက် မနက် ၇ နာရီကျော်မှာတော့ ဘုရားခြံကျေးရွာအနားမှာ ၁ ကြိမ် ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

" ၄ ရက်နေ့ကဆို တနေကုန်နီးပါးဖြစ်တာ။ သူတို့ စစ်ကြောင်းသွားရာလမ်းတွေမှာ ကြိုစောင့်ပြီး တိုက်ခိုက်ကြတာ။"လို့ နယ်စည်းမခြားရွှေဘိုသားအဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာမှာ မိုင်းဆွဲတာ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာတွေသာ လုပ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က စက်လတ်တွေနဲ့ ပြန်လည်ပစ်ခတ်တာကြောင့် အနီးကပ်ပစ်ခတ်ဖို့ မလွယ်ကူခဲ့ဘူးလို့ ဆိုပါတယ်။

၂ ရက်တာ တိုက်ပွဲအတွင်း ပေါက်တုံနဲ့ယင်းပုဂံကြား မိုင်းဆွဲမှုမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်းရှိနိုင်ပြီး အဆိုပါ စစ်ကြောင်းဟာ ဝက်လက်မြို့ဘက်ကို ဆက်လက်ထွက်ခွာ သွားတယ်တယ်လို့ သိရပါတယ်။

ရွှေဘိုမြို့နယ်ထဲက ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းလှည့်ပတ်ထိုးနေပြီး စက်တင်ဘာလ ၁ ရက်ကလည်း ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာမှာ စစ်ကောင်စီစစ်ကြောင်းဝင်ရောက်ချိန် ပစ်ခတ်လို့ PDF ၁ ဦးနဲ့ပြည်သူ ၁ ဦးသေ၊ ပြည်သူ ၁ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #ပေါက်တုံ #ယင်းပုဂံ #ဘုရားလေးခြံကျေးရွာ #တိုက်ပွဲ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10