ရွှေဘို၊ ဘုန်းဘွဲ့ရွာမှာ ပကဖ ၃ ဦးနဲ့ မသန်စွမ်း ၁ ဦးကို စစ်တပ်က သတ်သွား

ရွှေဘို၊ ဘုန်းဘွဲ့ရွာမှာ ပကဖ ၃ ဦးနဲ့ မသန်စွမ်း ၁ ဦးကို စစ်တပ်က သတ်သွား

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ စစ်ကောင်စီတပ်က သတ်ဖြတ်ထားခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦးနဲ့ မသန်စွမ်း ၁ ဦးရဲ့ ရုပ်အလောင်းတွေကို အောက်တိုဘာ ၂၁ ရက် မနက်မှာ တွေ့ရှိခဲ့ရတယ်လို့ တော်လှန်ရေး ရဲဘော်တွေဆီက သိရပါတယ်။

အသတ်ခံရသူ ၄ ဦးမှာ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တိုက်နယ်(၅)ခေါင်းဆောင် ဦးယမ်းဘီလူး၊ ဘုန်းဘွဲ့ကျေးရွာရဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးမောင်စိုး၊ အမည်မသိရတဲ့ ရဲဘော် ၁ ဦးနဲ့ အမည်မသိရတဲ့ မသန်စွမ်း အမျိုးသား ၁ ဦးတို့ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၁၄ ရက်မှာ ရွှေဘို အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်သားအင်အား ၁၀၀ ခန့်က ဘုန်းဘွဲ့ကျေးရွာကို ဝင်ရောက်ကာ တညအိပ်တပ်စွဲပြီး နောက်တနေ့ ၁၅ ရက်မှာ ကာကွယ်ရေးရဲဘော် ၃ ဦးနဲ့ အရပ်သား ၁ ဦးအသတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

"ကာကွယ်ရေးအဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို ရွာလယ်က လမ်းမပေါ်မှာ တွေ့တာ။ မသန်စွမ်း အလောင်းကိုတော့ နေအိမ်ထဲမှာ တွေ့တာ။ အလောင်းတွေကတော့ ရုပ်မပီပြင်တော့ဘူး" လို့ ရွှေဘို PDF တပ်ရင်းတခုမှ ရဲဘော်အမျိုးသားတဦးက ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက်မှာ ကျေးရွာကနေ စစ်ကြောင်းထွက်သွားပြီလို့ ယူဆတဲ့အတွက် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးက ကျေးရွာထဲ ဝင်ရောက်တဲ့အခါမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ ကင်းပုန်းနဲ့တွေ့ကာ အပစ်ခံလိုက်ရတာဖြစ်ပြီး ၁ ဦးကတော့ ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။ 

မသန်စွမ်း ၁ ဦးကတော့ ခြေထောက်တဖက် လိမ်နေတာကြောင့် မပြေးနိုင်ဘဲ ကျေးရွာထဲ ကျန်နေခဲ့တာမှာ အသတ်ခံလိုက်ရတာလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ 

ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ၃ ဦးအသတ်ခံရပြီးနောက် ၇ ရက်အကြာ အောက်တိုဘာ ၂၁ ရက်မှာ ဇာမဏီ ပြည်သူ့ကာကွယ်တပ်ဖွဲ့၊ နယ်မြေခံတပ်ရင်း၊ ပကဖများနဲ့ပူးပေါင်းပြီး ကျေးရွာထဲနယ်မြေရှင်းလင်းရေးဝင်ချိန် အလောင်းတွေကို တွေ့ရှိခဲ့ရတာဖြစ်ပြီး အဲနေ့မှာပဲ ချက်ချင်းသင်္ဂြိုဟ်လိုက်ကြတယ်လို့သိရပါတယ်။

ဘုန်းဘွဲ့ကျေးရွာမှာ လူသတ်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကတော့ အောက်တိုဘာ ၂၃ရက် ဒီကနေ့မှာ ရွှေဘိုမြို့နယ်၊ ပလိုင်းကျေးရွာထဲမှာ ဝင်ရောက်တပ်စွဲထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုကြပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #ပြည်သူ့ကာကွယ်ရေး #ရဲဘော် #မသန်စွမ်း #စစ်တပ် #သတ်ဖြတ် #ဘုန်းဘွဲ့ကျေးရွာ  #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10