ရွှေရင်ပူလို့ မောရတယ် (ဆောင်းပါး)

ရွှေရင်ပူလို့ မောရတယ် (ဆောင်းပါး)

 

အချိန်က ၂၀၂၃ ဖေဖော်ဝါရီ ၂၀ ရက်၊ ည ၁၀ နာရီကျော်ကျော်။ အလင်းရောင်မရှိတော့ပေမယ့် ရွာမြောက်ဘက် လယ်ကန်သင်းရိုးပေါ်မှာတော့ ဆိုင်ကယ်တစီးဟာ ညအမှောင်ထဲ မီးမဖွင့်ဘဲ မောင်းနှင်နေပါတယ်။ 

ဆိုင်ကယ်ရှေ့ ခွကြားထဲမှာလည်း အဝတ်အစားနဲ့ အိုးခွက်ပန်းကန်တွေ ထည့်ထားတဲ့ အထုပ်တထုပ်ရှိပြီး အသက် ၃၈ နှစ်အရွယ် အမျိုးသားတဦးက မောင်းသူနေရာမှာထိုင်ကာ နောက်ထိုင်ခုံမှာတော့ စောင်ထုပ်ကို ပိုက်ထားတဲ့ အသက် ၃၆ နှစ်အရွယ် မွေးခါနီး ကိုယ်ဝန်သည်အမျိုးသမီးတဦးနဲ့ အသက် ၈ နှစ်အရွယ် ကလေးမလေး တဦးတို့ ရှိပါတယ်။

သူတို့ကတော့ ရွာထဲကို စစ်ကောင်စီစစ်ကြောင်းဝင်လာတယ်ကြားလို့ ဘေးလွတ်ရာပြေးဖို့ ကြိုးစားနေကြတဲ့ မိသားစု တခုပါ။ 

ဘေးလွတ်ရာအရပ်ကို သွားနေရင်း ရွာနဲ့ ၂ ဖာလုံလောက်ဝေးတဲ့ နေရာအရောက်မှာတော့ “ဟေ့ ရပ် ရပ်” ဆိုတဲ့ အသံကြားလိုက်ရပါတယ်။ ယောကျ်ားဖြစ်သူက “မင်းတို့က ဘယ်သူမို့လို့ ရပ်ရမှာလဲ” ပြန်မေးချိန် “သိချင်ရင် လှမ်းကြည့်လိုက်၊ ငါတို့ ဘယ်သူလဲ ကြည့်စမ်း” ဆိုတဲ့ အသံတွေနဲ့အတူ စစ်ကောင်စီတပ်သား ၁၅ ယောက်ခန့် သူတို့ရှေ့ရောက်လာကာ ယောကျ်ားဖြစ်သူကို ဝိုင်းရိုက်ခဲ့ကြတယ်လို့ မချို (အမည်လွှဲ)က သူတို့မိသားစု စစ်သားတွေနဲ့ စတွေ့ခဲ့ပုံကို ပြောပြပါတယ်။

“သူတို့က ဝပ်နေတာကို ကျမတို့က မသိဘူး။ ကုန်းကုန်း ကုန်းကုန်းနဲ့ဆိုတော့ ကလေးကလည်း ဟိုထဲက ကျွဲတွေလား မသိဘူး အမေ မဲမဲ မဲမဲတွေနဲ့ဆိုတော့။ ညဆိုတော့ မကွဲဘူး။” လို့ မချိုက ပြောပါတယ်။

အဲ့ဒီ စစ်သားတွေက ဆိုင်ကယ်ကို တားပြီးပြီးချင်းမှာပဲ ယောကျ်ားဖြစ်သူရဲ့ မျက်နှာကို သေနတ်နဲ့ထိုးကာ သေနတ်ဒင်နဲ့ သွေးထွက်တဲ့ထိ ရိုက်ခဲ့ကြတယ်။ ပြီးတော့ စစ်သား ၅ ယောက်လောက်က လဲကျသွားတဲ့ သူ့ယောကျ်ားကို ခြေထောက်တွေနဲ့ ဝိုင်းကန်ကြတယ်။ မွေးခါနီး ကိုယ်ဝန်သည် မချိုနဲ့ အသက် ၈ နှစ်အရွယ် သမီးဖြစ်သူတို့က ငိုယိုပြီးတောင်းပန်နေတဲ့ကြားကပဲ သူ့ယောက်ျားကို စစ်သားတွေက ဒရွတ်တိုက်ဆွဲ ခေါ်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။ 

“မျက်ခွက်တွေ ထုခွဲပြီး သွေးထွက် သံယိုနဲ့ ဒရွတ်၊ ဒရွတ်ဆွဲပြီး ပါသွားတာပဲ။ သမီးကလည်း ငိုပြီး အဖေ အဖေ ပလေ (ပေါ့လေ)၊ ကျမကလည်း ဗိုက်ကြီးနဲ့ပါ ကလေးနဲ့ပါပြောလည်း မရဘူး၊ ယောကျ်ားက ထန်းရည်လေး သောက်ထားတော့ ဘယ်သူဘယ်ဝါမှန်းမသိလို့ ဘယ်သူတွေတုန်း ပြောမိတာပါ။ ကျုပ်ယောကျ်ားက ဒီလိုပြောတတ်တာမို့ပါ တောင်းပန်ပါတယ်နဲ့ ပြောတာပဲ ပြောမရဘူး။ ဆိုင်ကယ်တွေရော အကုန်လဲနေခဲ့တာ။ ကျမတို့ကို နာရီဝက်လောက် ခေါင်းငုံ့နေဆိုပြီး ဆွဲခေါ်သွားတာပဲ။”

အဆိုပါ စစ်သားတွေဟာ ဘီလူးစစ်ကြောင်းလို့ခေါ်တဲ့ ခမရ ၇၀၈ ကဖြစ်ပြီး ဖေဖော်ဝါရီ ၂၁ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ကံထူးမရဲစခန်းသိမ်းတိုက်ပွဲကို စစ်ကူဖို့အတွက် အင်အား ၈၀ ကျော်နဲ့ ရေဦးကနေ ထွက်လာတဲ့စစ်ကြောင်း ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ရဲ ပူးပေါင်းအင်အား ၃၅ ယောက်ခန့်ရှိတဲ့ ကံထူးမရဲစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဖေဖော်ဝါရီ ၂၁ ရက်မှာ ဝင်စီးပြီး ဘန်ကာ ၆ ခုရှိတဲ့အနက် ဘန်ကာ ၅ ခုကို မီးရှို့ဖျက်ဆီးခဲ့ကာ ရဲစခန်းကိုလည်း ဘူဒိုဇာနဲ့ ထိုးချ ဖျက်ဆီးနိုင်ခဲ့တာပါ။ 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၀ ကျော်သေဆုံးပြီး ရွှေဘိုခရိုင် တပ်ရင်း ၇ ကလည်း ရဲဘော် ၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မချိုတို့ ကြုံခဲ့ရတဲ့ စစ်ကြောင်းကတော့ ရေဦးကထွက်လာတဲ့ စစ်ကူ အင်အား ၈၀ ကျော်ထဲက တချို့တဝက်ဖြစ်ပါတယ်။ စစ်တပ်ဟာ သူတို့ရွာကို အရှေ့၊ အနောက်နဲ့ မြောက်ဘက်ကနေ ၃ ဖွဲ့ခွဲပြီးဝင်လာချိန် ရွာမြောက်ဘက်ကအဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ရတာပါ။

သူတို့ မိသားစုတွေ့ခဲ့ရတဲ့ စစ်သားတွေထဲက တချို့က အရပ်ဝတ် အင်္ကျီအတို ဘောင်းဘီအတို ဝတ်ထားပြီး၊ အပေါ်တီရှပ်နဲ့ စစ်ပြောက်ကျားဘောင်းဘီရှည် ဝတ်ထားသူတွေလည်း ပါဝင်တယ်လို့ မချိုက သူမြင်ခဲ့ရတဲ့ စစ်သားတွေရဲ့ပုံစံကို ပြောပြပါတယ်။

ကိုယ်ဝန်ရှိနေတာက တကြောင်း၊ လူမမယ်သမီးလေးရှိသေးတာက တကြောင်းမို့ ယောက်ျားဖြစ်သူကို စစ်ကောင်စီတပ်သားတွေက ဒရွတ်တိုက်ဆွဲခေါ်သွားတဲ့အချိန်မှာ သူတို့သားအမိဟာ တညလုံး ဘေးလွတ်မယ်ထင်တဲ့တောစပ်မှာ ပုန်းရင်း ယောကျ်ားဖြစ်သူဘေးကင်းဖို့၊ မနက်လင်းရင် စစ်သားတွေကို သွားတောင်းပန်ဖို့ တွေးရင်းနဲ့သာ တညလုံး မေတ္တာသုတ်တွေရွတ် ဖြတ်သန်းခဲ့ရတယ်လို့ ဆိုပါတယ်။

မချိုရဲ့ မျှော်လင့်ချက်နဲ့ အတွေးတွေကတော့ မနက်လင်းလို့ ရွာထဲမှာ တိတ်တဆိတ် ပျံ့နေတဲ့စကားတွေ ကြောင့် ပျက်စီးခဲ့ရပါတယ်။ ရွာသားတွေက မချို မသိအောင် ပြောဆိုကြပေမယ့် မချိုကတော့ အဲ့ဒီစကားတွေကို ကြားခဲ့ရပါတယ်။

“ရွာရပ်က တိုးတိုးလေးပြောကြတာပလေ (ပေါ့လေ)။ မချို မကြားစေနဲ့၊ **ရွာမှာ လူတယောက်ဖမ်းမိတာတဲ့၊ ကောက်ရိုးပုံထဲ သတ်ထားခဲ့တာတဲ့၊ သွားကြည့်ရအောင် ဟုတ်သလားနဲ့။ အဲ့ချိန် ကျမက ကြားလိုက်ပြီ၊ ခြေထောက်တွေဖြင့် ကျိုးကျသွားတာ ထကို မထနိုင်တော့ဘူး။” 

မချိုတို့ရွာနဲ့ ၁ ရွာကျော်မှာရှိတဲ့ ရွာသားတယောက်ရဲ့ ကောက်ရိုးပုံထဲမှာ သူ့ယောကျ်ားဖြစ်သူ အလောင်းကို ပြန်တွေ့ခဲ့ပြီး အလောင်းတွေ့တဲ့အနေအထားအရ အသတ်ခံရချိန် ရုန်းကန်ထားပုံမျိုး တွေ့ခဲ့ရတယ်လို့ အလောင်းသွားသယ်ပေးခဲ့တဲ့ ရွာသားတဦးက အခင်းနေရာကို ပြောပြပါတယ်။

“ရုန်းရင်းကန်ရင်း ပုံစံမျိုးပါ။ သူရဲ့ ဖနောင့်အောက်က မြေက ပေါက်ထားတာ အောက်တောင်ခွက်နေတယ်။ ခေါင်းမှာက ၂ လက်မလောက်ရှိတဲ့ သေနတ်ဒင်နဲ့ ဆောင့်ထားလို့ ကွာနေတာ တခုရယ်၊ ကျောမှာ ထိုးသွင်းဒဏ်ရာ ဘယ်တချက် ညာတချက်။ ကျန်တာကတော့ လည်ပင်းမှာ လှီးထားတာ။ မျက်နှာရော ခြေသလုံးမှာရော ညိုနေတာပဲ။”

အဲ့ဒီဖြစ်စဉ်တွေ ဖြစ်နေတဲ့ တချိန်တည်းမှာပဲ ခလရ ၇၀၈ ရဲ့ နောက်ထပ်စစ်ကြောင်းခွဲတခုက မချိုတို့ ရွာနဲ့ ၁ မိုင်လောက် ဝေးတဲ့ရွာမှာလည်း ရွာသားတွေကို ဝင်ရောက်ဖမ်းဆီးနေခဲ့ပါတယ်။ ဖမ်းမိတဲ့ ရွာသားတွေကို ကြိုးတုပ်ပြီး အိမ်တအိမ်မှာ ညအိပ်နားကြတယ်။ ညသန်းခေါင်ကျော်အချိန် စစ်သားတွေရဲ့ စကားပြောစက်ကတဆင့် မချိုရဲ့ယောကျ်ားကိုသတ်ဖို့ အမိန့်ပေးသံကို ဖမ်းဆီးခံထားရတဲ့ ရွာသားတယောက်က ကြားခဲ့ရတယ်လို့ ဆိုပါတယ်။ 

အဲဒီရွာသားဟာ စစ်ကောင်စီတပ်သားတွေဖမ်းဆီးထားတဲ့လက်က ထွက်ပြေးလွတ်မြောက်ခဲ့ပြီးနောက် မြေလတ်အသံသတင်းဌာနနဲ့ အင်တာဗျူးမှာ မချိုရဲ့ယောက်ျားအကြောင်းကို ပြောပြခဲ့တာပါ။ 

“သတ်တာတော့ မမြင်လိုက်ဘူး၊ သတ်တယ်ဆိုတာတော့ သိလိုက်တယ်။ (စကားပြောစက်ကနေ) အင်္ကျီအနီကို ဒါကြီးကို လက်စဖျောက်လိုက်တော့ ဆိုပြီး ပြောလိုက်တာ။ ကျနော်က ကျနော်နဲ့ တူတူ အဖမ်းခံရတဲ့သူတော့ သေပြီပဲလို့ အောက်မေ့နေတာ။ မနက်လင်းမှ တခြားတယောက်မှန်းသိတာ။” လို့ သူက ရှင်းပြပါတယ်။ 

သူနဲ့အတူအဖမ်းခံခဲ့ရတဲ့သူ ၃ ဦးဟာလည်း နောက်ပိုင်းမှာ စစ်တပ်က ပြန်လည်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက် တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ခမရ ၇၀၈၊ ခလရ ၁၁ စစ်ကြောင်းနဲ့ ဝါသဝ လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ စုစုပေါင်း အင်အား ၂၀၀ လောက်ဟာ တန့်ဆည်မြို့နယ်ထဲက ကျေးရွာတွေကို ရွာစဉ်လှည့် စစ်ကြောင်းထိုးခဲ့တာပါ။ 

ဒီလို စစ်ကြောင်းထိုးတဲ့အခါမှာ လမ်းတလျှောက်တွေ့သမျှ ပြည်သူနဲ့ ကျေးရွာအတွင်းနေထိုင်သူတွေကို ဖမ်းဆီးပြီး ပေါတာဆွဲ၊ လူသားဒိုင်းလုပ်ခဲ့တာပါ။ ဖမ်းဆီးခံရတဲ့သူတွေကို ပြန်လွှတ်ပေးခဲ့တာမျိုး ရှိသလို တချို့ကိုလည်း သတ်ပစ်ခဲ့တာကြောင့် အဲဒီစစ်ကြောင်းထိုးတဲ့အချိန်မှာ ရပ်ကျေး ပကဖနဲ့ ပအဖ တာဝန်ခံ ၂ ဦး အပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ရပါတယ်။ 

စစ်ကောင်စီစစ်ကြောင်း အဲဒီလို ရွာစဉ်လှည့်သတ်ဖြတ်သွားရာမှာ လူတွေကို ခြေထောက်၊ လက်နဲ့ ခေါင်းတွေကို ဖြတ်တောက်တာ၊ ဗိုက်ဖောက် အူထုတ်တာတွေလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ဖြတ်ထားတဲ့ခေါင်းတွေရဲ့ ပါးစပ်မှာ ဆေးလိပ်တပ်ပေးထားတာ၊ နေကာမျက်မှန်တပ်ထားတာ၊ ဦးခေါင်းရဲ့ ပါးစပ်အရှေ့မှာ ကိုယ်တွင်းကလီစာတွေကို ပုံထားတာ၊ ဖြတ်ထားတဲ့ခြေထောက်တွေကို ဆောင်းဘောက်(Sound Box)တွေ ဘေးချထားတာ၊ အမျိုးသားအင်္ဂါတွေကို ဖြတ်တောက်ထားတာ စတဲ့ လှောင်ရယ်စရာအဖြစ်ပြုမူတာတွေကို လုပ်ခဲ့ကြပါတယ်။ 

အဲဒီအသတ်ခံရတဲ့ ၁၁ ဦးထဲမှာ မချိုရဲ့ အမျိုးသားလည်း ဖမ်းဆီးခံရပြီးနောက် အသတ်ခံလိုက်ရတာပါ။ 

မချိုတယောက် အခုလို ကြောက်စရာအဖြစ်ပျက်နဲ့ ကြုံရချိန်မှာ ဒုတိယကိုယ်ဝန်ကို မီးဖွားဖို့ ၂ လသာ လိုတော့တာပါ။ 

မိသားစုက ငွေကြေးချို့တဲ့တဲ့အတွက် မချိုကတော့ ကလေးထပ်မယူဘဲ သမီးလေးတယောက်နဲ့သာ နေမယ်လို့ စိတ်ကူးရှိခဲ့ပေမယ့် ယောကျ်ားဖြစ်သူက သားယောကျ်ားလေးမွေးကာ ရှင်ပြုပေးချင်တဲ့ ဆန္ဒပြင်းပြတာကြောင့် ဒုတိယကိုယ်ဝန် ယူဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ယောကျ်ားဖြစ်သူက ကျပ် ၁၀,၀၀၀ ဝန်းကျင်ရတဲ့ နေ့စားလက်သမားအလုပ်ကို အဓိကလုပ်ပြီး အလုပ်မရှိတဲ့ရက်တွေမှာတော့ ရွာထဲမှာ ပျိုးနှုတ် အငှားလိုက်တာ၊ အိမ်သာကျင်းတူးတာ စတဲ့ဝင်ငွေရအလုပ်မှန်သမျှ အကုန်လုပ်ပြီး တနေ့လုံးမှ ၄,၀၀၀ ပဲ ရတဲ့ရက်တွေလည်း ရှိပေမယ့် ဇနီးသည်အတွက် ကိုယ်ဝန်ဆောင်အားဆေးတွေ၊ မိသားစုအတွက် လိုအပ်တာတွေကတော့ မဖြစ်မနေဝယ်ပေးပြီး မိသားစုကို ချစ်သူပါ။ 

“ကျမက စားဝတ်နေရေးလည်း မပြေလည်ဘူး၊ ခေတ်ကလည်း မကောင်းတော့ ကလေး မယူချင် သေးဘူး။ သူက ကလေးတအားချစ်တတ်တော့ ယူခိုင်းတာ။ မစားရရင်နေ ဗိုက်ကိုဂရုစိုက် အားဆေးတွေ ဝယ်ပေးနဲ့။ သူက ယောကျ်ားလေးလိုချင်တာ အတင်း၊ ယောကျ်ားလေးရရင်တော့ ရှင်ပြုမှာ၊ ဘယ်လိုလုပ်မှာ ညာလိုလုပ်မှာနဲ့ အတင်းညှိုးနေတာပါရှင်။“ လို့ မချိုက ဆိုပါတယ်။

ကိုယ်ဝန်လွယ်ထားစဉ်ကတည်းက မချိုတို့ ဇနီးမောင်နှံက သားလေးလား၊ သမီးလေးလား သိချင်ပေမယ့် အာထရာဆောင်း(Ultrasound)ရိုက်ခ ကျပ် ၂၈,၀၀၀ ကို မတတ်နိုင်တာကြောင့် ယောကျ်ားဖြစ်သူဟာ သေဆုံးသွားတဲ့အထိ မချိုဗိုက်ထဲက ကလေးဟာ သားလား၊ သမီးလားဆိုတာ သိမသွားခဲ့ရဘူးလို့ ငိုသံကိုထိန်းကာ အင်္ကျီနဲ့ မျက်ရည်သုတ်ရင်း မချိုက ရှင်းပြပါတယ်။ 

ယောကျ်ားဖြစ်သူဆုံးပါးပြီး ၂ လအကြာ ဧပြီ ၂၂ ရက်မှာတော့ ကျေးရွာဆေးပေးခန်းမှာပဲ သားဖွား ဆရာမ အကူအညီနဲ့ ယောကျ်ားဖြစ်သူ လိုချင်ခဲ့တဲ့ သားယောကျ်ားလေးကို မချိုတယောက် အောင်မြင်စွာ မွေးဖွားခဲ့ပါတယ်။ 

အခုတော့ မချိုတယောက် သွေးနုသားနုဖြစ်ပေမယ့် ရှာဖွေကျွေးမယ့် ယောကျ်ား မရှိတော့တာကြောင့် အနားမနေနိုင်ဘဲ သမီးငယ်လေးနဲ့ လသားအရွယ် သားလေးရဲ့ စားဝတ်နေရေးအတွက် ရုန်းကန်နေရပါတယ်။ 

မနက်ခင်း ၂ တန်းတက်နေတဲ့ သမီးငယ်လေးကို ကျောင်းပို့၊ လသားအရွယ်သားလေးကို ပုခတ်ထဲ သိပ်ပြီးရင် မချိုတယောက် နွားစာရိတ် ထွက်ရပါတယ်။ နွားစာတထုံးကို ကျပ် ၁၀၀၀ ရပြီး ကလေးတဖက်နဲ့မို့ အများကြီးမရိတ်နိုင်ဘဲ တမနက်ကို ၃ ထုံးလောက်ပဲ ရိတ်နိုင်ပါတယ်။ 

ပြီးရင်တော့ အိမ်ကိုအမြန်ပြန်ကာ ကလေးကို နို့တိုက် အိမ်အလုပ်လုပ်၊ နေ့လယ် အားတဲ့ချိန်မှာတော့ အနှီးဝတ်တွေပြေးလျှော်နဲ့ ဘဝကို ကြံ့ကြံ့ခံကာ ဖြတ်သန်းနေပါတယ်။

“တခါတလေကျ တွေးမိတယ်၊ တို့မိသားစု ဘယ်လိုရှေ့ဆက်မှာလဲ၊ ငွေတိုးလိုက်ရှာတာလည်း ပေးမယ့် သူမရှိပါဘူး။ တခါတလေကျတော့ ကလေးလေးပဲ သူများပေးလိုက်ရမလားလို့၊ သမီးဖြစ်သူက မပေးနဲ့အမေ၊ ကြီးလာရင် အမေအားကိုးရမှာပါ မပေးပါနဲ့ လုပ်တာ။” လို့ မချိုက ဆိုပါတယ်။

သမီးလေးက လက်ရှိ ရွာကျောင်းမှာ ၂ တန်းတက်နေပြီး တလကို ကျောင်းစရိတ် ၆,၀၀၀ ပေးရကာ စာတော်တဲ့အတွက် ပညာရေးကို ပံ့ပိုးပေးချင်ပေမယ့် ကျောင်းစာအုပ်ဝယ်ပေးဖို့တောင် ခက်ခဲနေတဲ့ အခြေနေနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။ 

သူ့အမျိုးသားက သားယောကျ်ားလေး ထပ်လိုချင်တယ်ဆိုပေမယ့် သမီးဖြစ်သူကိုလည်း တခြားသူတွေ မျက်စောင်းထိုးကြည့်ရင်တောင် မကြိုက်တတ်တဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။ 

“သမီးကလည်း အဖေကို ချစ်တာမှ သူ့အဖေ ခရီးသွားရင်တောင် အဖေ့ခေါ်ပေး အဖေမရှိရင် သမီးက မနေတတ်ဘူး။ အဖေကလည်း သမီးကို ချစ်လိုက်တာမှ၊ သူ့သမီး ဆူရင်ငေါက်ရင်ကို မကြိုက်တာ၊ မျက်စောင်းထိုးကြည့်တောင် မကြိုက်ဘူး။ သေတော့လည်း သူ့သမီးကို တယောက်ယောက်ကများ ငေါက်လိုက်ရင် ညနေကျ အဲ့ငေါက်လိုက်တဲ့အိမ်က ကလေးတွေကို ဝင်ပူးပြီး ငိုတော့တာပဲ။ တညလုံး မအိပ်ရတော့ဘူး။“ လို့ မချိုက ပြောပါတယ်။

အမျိုးသားဖြစ်သူ သေဆုံးပြီး နောက်ရက်တွေမှာ ဘေးအိမ်က ကလေးငယ်လေးကို ဝိဉာဉ်ဝင်ပူးပြီး သမီးကြီးဖြစ်သူကို နမ်းရှုံ့တာတွေကြုံရတယ်လို့ မချိုက သူကြုံရတဲ့အဖြစ်ပျက်တခုကို ပြောပြပါတယ်။

“အစ်မရဲ့ ကလေးကို ပူးနေလို့ နေမဖြစ်လို့ ပရိတ်ကြိုး သွားလုပ်ရတယ်။ အတင်းပူးပြီး ခွဖက်နေတာ။ ကလေးက စကားမပီသေးဘူး၊ သမီးကို ခွနမ်းနေတာပဲ။” လို့ မချိုက ပြောပါတယ်။

ရွာထဲက တခြားကလေးငယ်တွေကိုလည်း သူ့ယောကျ်ားရဲ့ ဝိဉာဉ် ဝင်ပူးပြီး ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ ရှိနေလို့ အထိမခံနိုင်ကြောင်း ပြောဆိုတာတွေကြုံရတယ်လို့  ရွာသားတွေက ပြောပြကြပါတယ်။

“ကျောတွေထိုးထားလို့ပါ ကျောမထိပါနဲ့ အတင်းကော့ထိုးတာ။ ဟိုးနား ပူးတဲ့ဟာကျ ခါးတွေကလည်း နာနေလို့ပါ၊ ကျောတွေနာနေလို့ပါ ကျောမထိကြပါနဲ့ လုပ်တာ။” လို့ ရွာသားတဦးက ပြောပြပါတယ်။

မချိုကတော့ သေသွားတဲ့ ယောကျ်ားရဲ့ ဝိဉာဉ်ဟာ  ကျန်ခဲ့တဲ့ သူတို့သားအမိကို စိတ်မချတာကြောင့် သူတို့ရွာက ကလေးငယ်တွေကို ဝင်ပူးကပ်နေတာလို့ ယူဆနေပါတယ်။

#မြေလတ်အသံ

#ဆောင်းပါး #စစ်တပ် #တန့်ဆည် #ဘီလူးစစ်ကြောင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10