ရှင်မကန်ပျူစောထီးရွာ ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်အုပ်စု ၁၀ ဦးဝန်းကျင်သေဆုံးကာ ၁ ဦးအရှင်ဖမ်းမိ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုအုပ်စု၊ ရှင်မကန်ပျူစောထီးရွာကို ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ၁၀ ဦးဝန်းကျင်သေဆုံးပြီး ၁ ဦးကိုအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF အဖွဲ့ဆီက သိရပါတယ်။

ရှင်မကန်ပျူစောထီးရွာကို နံနက်ပိုင်း ၅ နာရီ ၂၀ မိနစ်ကဝင်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲချိန် မိနစ် ၅၀ ကြာခဲ့တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF ပြောရေးဆိုခွင့်ရှိသူ ရဲဘော်လွန်းညီက ပြောပါတယ်။ 

"စစ်ကောင်စီဘက်က သုံ့ပန်း ၁ ဦးဖမ်းဆီးရကာ ၁၀ ဦးသေတယ်။ လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းရခဲ့တယ်၊ အဲ့ဒီရွာမှာက ကျနော်တို့ရှိနေတုန်းတော့ ပျူစောထီး ၅၀ ဦးခန့်ရှိတယ်"လို့ ရဲဘော်လွန်းညီက ပြောပါတယ်။ 

တိုက်ခိုက်ပြီးနောက် G 3 ၁ လက်၊ ကာဘိုင် ၄ လက်၊ ဘီအေ(63) အမျိုးအစား သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ကာဘိုင်သေနတ်ပြောင်း ၂ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ စကားပြောစက် ၁ လုံး၊ ခဲယမ်းကျည်မျိုးစုံ ၅၀၀ နဲ့ အခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း ဧရာဒေါင်းတပ်ဖွဲ့က ရဲဘော် ဟီးရိုးက တိုက်ပွဲမှာ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ ABSDF အမှတ် ၃ စစ်ကြောင်း၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)၊ ဒေသခံ ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင် ပကဖ၊ ဓါးမင်းကြီး တပ်ဖွဲ့၊ MCKC PDF၊King Fighter (SGF)၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပေါက်)၊PDF Kamma တပ်ပေါင်းစု၊ Pauk Basic on Revolution Force (ဗိုလ်တစ္ဆအဖွဲ့)၊ Pauk ပကဖ Drone Team၊ 7 star ( မြိုင် ပကဖ)၊ ဗိုလ်စနေ အဖွဲ့၊ Red Giantနဂါးနီ၊ ကမ္မတော်လှန်ရေးတပ်ဦး KMRF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်း‌ဇော်

#မြေလတ်အသံ

#ပခုက္ကူ #ရှင်မကန် #ပျူစောထီးရွာ #တိုက်ပွဲ #လက်နက်ခဲယမ်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10