ရှမ်းမြောက်ဆုတ်ခွါခဲ့ရမှု ပြည်ပနိုင်ငံများရဲ့အလိုကျ MNDAA နဲ့ TNLA သောင်းကျန်းသူပူးပေါင်းအဖွဲ့တွေ လုပ်ဆောင်တယ်လို့ တပ်ချုပ်မင်းအောင်လှိုင်ပြော

ရှမ်းမြောက်ဆုတ်ခွါခဲ့ရမှု ပြည်ပနိုင်ငံများရဲ့အလိုကျ MNDAA နဲ့ TNLA သောင်းကျန်းသူပူးပေါင်းအဖွဲ့တွေ လုပ်ဆောင်တယ်လို့ တပ်ချုပ်မင်းအောင်လှိုင်ပြော

ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေဆုတ်ခွါပေးနေရမှုတွေရှိပြီး အဲဒီလုပ်ရပ်တွေဟာ ပြည်ပနိုင်ငံများရဲ့ အလိုကျ ပူးပေါင်းလုပ်ဆောင်နေကြတာလို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်၏ လုံခြုံရေးဆိုင်ရာအခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောကြားချက်ဆိုပြီး ယနေ့ ဩဂုတ်လ ၅ ရက်နေ့ ညနေမှာပဲ စစ်ကောင်စီရဲ့ မီဒီယာတွေကနေ တိုက်ရိုက်ထုတ်လွှင့် ပြောကြားမှုတခုကို ပြုလုပ်ခဲ့တာပါ။

"ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေနဲ့ လက်ရှိနေရာများ လုံခြုံရေးနဲ့ လာရောက်ခိုလှုံနေသူများရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး ဦးစားပေးပြီး ဆုတ်ခွါခဲ့ရတာများလည်း ရှိပါတယ်။ ဒါကို MNDAA TNLA သောင်းကျန်းသူပူးပေါင်းအဖွဲ့တွေနဲ့ နောက်ကွယ်ကနေအားပေးအားမြှောက်ပြုနေတဲ့ ပြည်တွင်းပြည်ပက လောက်ကောင်တွေနဲ့ ချိတ်ဆက်ပြီး သူတို့ခိုင်းစေတဲ့ နိုင်ငံများရဲ့အလိုကျ မြန်မာပြည်သူလူထု စိတ်မချမ်းမသာဖြစ်အောင် အင်အားလျော့လာအောင် ဝါဒဖြန့်ချီတာတွေလုပ်ဆောင်နေတယ်။" လို့ တပ်ချုပ်မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် တပ်ချုပ်မင်းအောင်လှိုင်က ရှမ်းပြည်မြောက်ပိုင်းဒေကိုသာမကဘဲ နိုင်ငံတဝှမ်းလုံးကို တည်ငြိမ်အေးချမ်းရေးပြန်လည်ရရှိတဲ့အထိ ဆက်လက်ကြိုးပမ်းမယ်လို့ ဆိုပါတယ်။

"ကျနော်တို့အနေနဲ့ လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးအရမဖြေရှင်းဘဲ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဖြေရှင်းနေမှုကို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတခုအနေနဲ့ လုံးဝလက်ခံလို့မရတာကြောင့် ဘုံရန်သူအဖြစ် သတ်မှတ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသကိုသာမဟုတ်ဘဲ နိုင်ငံတဝှမ်းလုံးတည်ငြိမ်အေးချမ်းရေး ပြန်လည်ရရှိတဲ့အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။" လို့ ဆိုပါတယ်။

မိိန့်ခွန်းအဆုံးသတ်မှာတော့ တပ်ချုပ်မင်းအောင်လှိုင်က "တပ်မတော်နဲ့ မျိုးချစ်ပြည်သူလူထု ရှိနေသမျှ မြန်မာနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲနေရပါမယ်၊ တည်တံ့ခိုင်မြဲအောင်လည်း လုပ်ဆောင်မယ်" လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်နေ့မှာတော့ စစ်တပ်ရဲ့ အရေးပါလှတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်မတော် (MNDAA) နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက အပြီးသတ်သိမ်းပိုက်ထားကြောင်း ထုတ်ပြန်ထားပါတယ်။

ပုံစာ - ယနေ့ ဩဂုတ်လ ၅ ရက်နေ့ ညနေက လူထုအသိပေးရှင်းလင်းပြောကြားမှုပြုလုပ်နေတဲ့ တပ်ချုပ်မင်းအောင်လှိုင်။

#မြေလတ်အသံ

#မင်းအောင်လှိုင် #MNDAA #TNLA #ရှမ်းမြောက် #စစ်ရှုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10