ရှမ်းမြောက်တိုက်ပွဲမှာကျဆုံးခဲ့တဲ့ PDF ၃ ဦးရဲ့ မိသားစုတွေကိုသွားရောက်ကန်တော့ပြီး ကျပ်သိန်း ၂၀ စီထောက်ပံ့

ရှမ်းမြောက်တိုက်ပွဲမှာကျဆုံးခဲ့တဲ့ PDF ၃ ဦးရဲ့ မိသားစုတွေကိုသွားရောက်ကန်တော့ပြီး ကျပ်သိန်း ၂၀ စီထောက်ပံ့

ရှမ်းမြောက်စစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ ရွှေဘိုခရိုင် အမှတ် ၁၇ တပ်ရင်း(တောကြီးမြွေပွေးတပ်ဖွဲ့)က တပ်ဖွဲ့ဝင် ၃ ဦးရဲ့မိသားစုဝင်တွေကို တပ်ရင်းတာဝန်ရှိသူတွေက သွားရောက်ကန်တော့ပြီး ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ထံက သိရပါတယ်။

အောက်တိုဘာနဲ့နိုဝင်ဘာလအတွင်းက ရှမ်းမြောက်၊ သီပေါမြို့နယ်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ ကျဆုံးခဲ့တဲ့တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်ကိုထောက်ပံ့ပေးခဲ့တာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန - MOD က ငွေကျပ် ၁၀ သိန်းနဲ့ တပ်ရင်းထောက်ပံ့ငွေကျပ် ၁၀ သိန်း စုစုပေါင်း ကျပ်သိန်း ၂၀ စီကို ဒီဇင်ဘာ ၇ ရက်မှာ NUGMOD ကိုယ်စားပေးအပ်ခဲ့တာလို့ ဆိုပါတယ်။ 

" လောလောဆယ်က စစ်ရေးအရှိန်နဲ့သွားနေတဲ့အချိန်ဆိုတော့ ကျန်ရစ်သူမိသားစုတွေကို အရမ်းကြီးတော့ ဆောင်ရွက်ပေးနိုင်တာမရှိသေးဘူး" လို့ တောကြီးမြွေပွေးအဖွဲ့ခေါင်း‌ဆောင် ဗိုလ်တီက ပြောပါတယ်။

ရှမ်းမြောက်စစ်ဆင်ရေးတွေအတွင်းမှာ တောကြီးမြွေပွေးရဲ့တပ်ဖွဲ့၀င် ၃ ဦးကျဆုံး ၅ ဦးဒဏ်ရာရရှိထားကာ လက်ရှိအထိလည်း ဆက်လက်တိုက်ပွဲဝင်နေဆဲဖြစ်ပြီး သွားရောက်ပူးပေါင်းတိုက်ခိုက်နေတဲ့ အင်အားနဲ့ ကျဆုံးရဲဘော်တွေရဲ့ အချက်အလက်တွေကိုတော့ ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

တောကြီးမြွေပွေးအဖွဲ့ဟာ လက်နက်ကိုင်တော်လှန်မှုအစပိုင်းမှာ ရွှေဘိုခရိုင်အတွင်း Local PDF အဖြစ်လှုပ်ရှားခဲ့ရာကနေ အမျိုးသားညီညွတ်ရေး အစိုးရ NUGMOD လက်အောက် ရွှေဘိုခရိုင် အမှတ် ၁၇ တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ရှမ်းမြောက်စစ်ဆင်ရေးအပါအ၀င် မစ်ရှင်(တိုက်ပွဲ)အများအပြားဖော်ဆောင်ထားခဲ့ကာ ရှမ်းမြောက်ဒေသမှာကျဆုံးသူတွေအပါအဝင် ကျဆုံးရဲဘော် ၁၅ ဦးအထိရှိပြီလို့ သိရပါတယ်။

သတင်း - ဒိန်းဂျား၊ လက်ျာ၊ စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ရှမ်းမြောက်တိုက်ပွဲ #ကျဆုံး #ရဲဘော် #ထောက်ပံ့ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10