ရှမ်းမြောက်မှာ လက်နက်ချ၊ ဖမ်းဆီးခံရတဲ့ ဗိုလ်မှူးချုပ်တွေနေရာကို လူစားထိုးခန့်

ရှမ်းမြောက်မှာ လက်နက်ချ၊ ဖမ်းဆီးခံရတဲ့ ဗိုလ်မှူးချုပ်တွေနေရာကို လူစားထိုးခန့်

ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့်ဒေသ ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)ကနေ လက်နက်ချလာသူတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ဗိုလ်မှူးချုပ်တွေရဲ့နေရာကို စစ်ကောင်စီတပ်က အစားထိုးခန့်အပ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေက ပြောပါတယ်။

လောက်ကိုင်မှာလက်နက်ချတဲ့အထဲက အကြီးဆုံးဖြစ်တဲ့ ကိုးကန့်ယာယီအုပ်ချုပ်ရေးမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်ရဲ့ မူလစစ်ဘက်ရာထူးဖြစ်တဲ့ ရမခတိုင်းဦးစီးချုပ်နေရာကို လင်းခေးအခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန့်ထင်စိုး ကို ခန့်အပ်ခဲ့ပြီး ကိုးကန့်တပ်က သိမ်းပိုက်ထားတဲ့ လောက်ကိုင်ဒကစရဲ့ ဒကစမှူးအဖြစ် တပ်မ ၁၁ ဒုတပ်မမှူး ဗိုလ်မှူးကြီး မျိုးမင်းထွေးကို ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ချတာမှာပါဝင်တဲ့ စကခ ၁၂ စကခမှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်းနေရာမှာ ရဲမွန်အခြေစိုက် အမှတ် ၂ အရာခံနဲ့အကြပ်ကြီးသင်ကျောင်း (ရကသ ၂) ဒုကျောင်းအုပ်ကြီးနဲ့ နည်းပြအရာရှိချုပ် ဗိုလ်မှူးကြီး မျိုးမင်းထွေး၊ စကခ ၁၆ စကခမှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး အစား စကခ ၁၅ ဒုစကခမှူး ဗိုလ်မှူးကြီး မောင်မောင်လေး တို့ကို ခန့်အပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရှမ်းတောင်၊ ဖယ်ခုံအခြေစိုက်တဲ့ စကခ ၇ စကခမှူး ဗိုလ်မှူးချုပ် လင်းအောင်မိုးနေရာကို နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကျောင်းက ဗိုလ်မှူးကြီး ကျော်သူရ၊ တခါ တအာင်းဒေသ နမ့်ဆန်မြို့မှာ TNLA လက်ထဲဖမ်းဆီးခံလိုက်ရတဲ့ တမခ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်း အစား နေပြည်တော်၊ စစ်ရာထူးခန့်ချုပ်ရုံးက ဦးစီးဗိုလ်မှူးကြီး ဗိုလ်မှူးကြီး မြင့်ရွှေ တို့ကို ခန့်အပ်ခဲ့ပါတယ်။

အလားတူ ကရင်ပြည်နယ် တပ်မဟာ ၆ မှာ တိုက်ခိုက်ရေးဝင်နေရတဲ့ တမခ ၄၄ တပ်မမှူး ဗိုလ်မှူးကြီး ဝင်းနောင်စိုးအစား ဖာပွန်အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းနောင် ကို ခန့်အပ်ပြီး အသီးသီး အစားထိုးခဲ့တာပါ။

“ ဗိုလ်မှူးကြီး အေးမင်းနောင် က DSA ၄၁ က။  ၂၀၂၁ လောက်က စကခ ၆ နည်းဗျူဟာမှူး ကနေ ဖာပွန် စစ်ဗျူဟာမှူးဖြစ်လာတာ။ ခုက မှူးချုပ် အော့ဖ်ရှိန်းနီး(တာဝန်တိုးယူထမ်းဆောင်မှု)နဲ့ တပ်မမှူးထွက်တာ။ အရင် ၄၄ တပ်မမှူး ဝင်းနောင်စိုးက စစ်သံ(စစ်သံမှူး) ထွက်တယ်လို့ ကြားတယ်” လို့ တပ်သတင်းရင်း မြစ်က မြေလတ်အသံကို ပြောပါတယ်။

လောက်ကိုင်မှာလက်နက်ချခဲ့တဲ့ ဗိုလ်မှူးချုပ် ၆ ဦးဟာ အဲ့ဒီဖြစ်စဉ်ကြောင့် လားရှိုး ရမခ မှာ စစ်ခုံရုံးနဲ့စစ်ဆေးခံနေရတာဖြစ်ပြီး လစ်လပ်နေတဲ့နေရာသူတို့ရဲ့နေရာတွေကို အစားထိုးခဲ့တာဖြစ်ကာ ဗိုလ်မှူးချုပ် ၆ ဦးက စစ်ဆေးဆဲကာလဖြစ်လို့ နောက်ဆက်တွဲတွေကိုတော့ မသိရသေးပါဘူး။

ပုံစာ - လက်နက်ချခဲ့သည့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) ဒကစမှူး ဗိုလ်မှူးချုပ် မိုးကျော်သူနှင့် TNLA က အရှင်ဖမ်းမိထားသည့် တပ်မ ၁၀၁ တပ်မမှူး ဗိုလ်မှူးချုပ် မင်းမင်းထွန်း။

#မြေလတ်အသံ

#လောက်ကိုင် #ဗိုလ်မှူးချုပ် #တပ်မမှူး #လက်နက်ချ #အသစ်ခန့်အပ် #တမခ၄၄ #ဒကစ #စကခ၁၂ #စကခ၁၆ #စကခ၇ #တမခ၁၀၁ #စစ်ခုံရုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10