ရှိမ်းမကားစျေးကို စစ်ကောင်စီတပ်သားတွေက အရက်မူးပြီး မီးရှို့ဖျက်ဆီး

ရှိမ်းမကားစျေးကို စစ်ကောင်စီတပ်သားတွေက အရက်မူးပြီး မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အရှေ့ဘက်ခြမ်းရှိ ရှိမ်းမကားကျေးရွာမှာ တပ်စွဲထားတဲ့စစ်တပ်က မူးယစ်သောက်စားပြီး ညသန်းခေါင်မှာ ကျေးရွာစျေးကိုမီးရှို့ဖျက်ဆီးခဲ့လို့ ဆိုင်ခန်းနဲ့နေအိမ် ၃၀ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ယမန်နေ့ ဇူလိုင် ၁၄ ရက် ည ၈နာရီလောက်မှာ ရှိမ်းမကားတိုက်နယ်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီး ရွာအဝင်လမ်းစျေးထိပ်ကစျေးဆိုင်နဲ့ နေအိမ်တလုံးကို အရင်ဆုံးမီးရှို့ခဲ့တယ်လို့ သိရပါတယ်။

"စျေးဆိုင်ခန်းဆိုတာကလေ ဆိုင်ခန်းနဲ့လူနေတွဲပြီးနေကြတဲ့သူတွေလည်း ရှိတယ်။ ညကရှိနေတဲ့အိမ်တွေကလည်း အကုန် အသံတိတ်ကြောက်လန့်နေရတာပေါ့။ သူတို့ပထမအကြိမ်ရှို့ပြီးမှ လာရှို့မှာစိုးလို့ နေရာပြောင်းအိပ်ရတဲ့သူတွေလည်းရှိတယ်" လို့ စျေးအတွင်းမှာ နေထိုင်တဲ့စျေးသည်တဦးက ပြောပါတယ်။

ညပိုင်း ၁၂ နာရီလောက်မှာတော့ စစ်အင်အား ၃၀လောက်နဲ့ စျေးထဲကိုဝင်ပြီးမီးရှို့ဖျက်ဆီးခဲ့တာကြောင့် စျေးဆိုင်ခန်း ၃၀ ကျော်ထက်မနည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဗိုလ်ရိုင်းပြောက်ကျားတပ်ဖွဲ့ဝင် ရဲဘော်တဦးကလည်း ပြောပါတယ်။

"ကျ‌နော့အထင်တော့ သူတို့ကုန်စုံဆိုင်တွေကို ညပိုင်းမှာဝင်ဖောက်ပြီး လိုချင်တာယူပြီး ရှို့တယ်လို့တော့ ထင်တာပဲ " လို့ အဲဒီရဲဘော်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာ၊ နယ်မြေမတည်ငြိမ်တာတွေမရှိဘဲ စစ်အုပ်စုက ရှိမ်းမကားစျေးကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ရှိမ်းမကားကျေးရွာဟာ တိုက်နယ်ကျေးရွာတခုဖြစ်ပြီး ဝက်လက်နယ်အရှေ့ပိုင်း၊ စဥ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်က ဒေသခံတွေ ပစ္စည်းဝယ်ယူရောင်းချတာတွေပြုလုပ်နေရတဲ့ အားထားရတဲ့စျေးတခုဖြစ်ပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက် #ရှိမ်းမကား #ဈေး #စစ်ကောင်စီ #မီးရှို့ဖျက်ဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10