ရှေ့တန်းကို ထောက်ပို့သွားမယ့် စစ်တပ် ဆီဘောက်ဆာကားတစီး မိုင်းဆွဲခံရ (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်ထဲမှာ စစ်တပ် ဆီဘောက်ဆာကားတစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ ကားပေါ်ပါ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ကားလည်း ပျက်စီးသွားတယ်လို့ နတ်မောက်ဂဠုန် PDF ဆီက သိရပါတယ်။

ဧပြီလ ၂၈ ရက် ဒီနေ့ မနက်ပိုင်းမှာ မကွေးတိုင်း တောင်တွင်းကြီးနဲ့ ပေါက်မြို့တွေဘက်ကို သွားတဲ့ ထောက်ပို့ယာဥ်တန်းတွေထဲက ဆီဘောက်ဆာကားတစီးကို ပျော်ဘွယ်နတ်မောက်လမ်းမကြီးပေါ်မှာ ကြိုတင်ထောင်ထားတဲ့ မိုင်းနဲ့ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ နတ်မောက်ဂဠုန် PDF တပ်ခွဲမှူး ဗိုလ်အောင်ဒင်က ပြောပါတယ်။

"မိုင်းဆွဲတဲ့အချိန်မှာ ဂန်းတွေနဲ့တော့ မပစ်ဘူး။ ဒီအတိုင်းပဲ မိုင်းပဲဆွဲပြီးတော့ ပြန်ဆုတ်လာခဲ့တာ။ ဆီဘောက်ဆာကားတော့ ပွင့်ထွက်သွားတယ်။ ကားပေါ်ပါတဲ့ ဒရိုင်ဘာနဲ့ နောက်တယောက်ကတော့ ဒဏ်ရာရတယ်" လို့ ပြောပါတယ်။

ဒီနေ့မနက် နတ်မောက်မြို့နယ်ထဲက ဖြတ်သွားတဲ့ ထောက်ပို့ယာဥ် အစီး ၅၀ ဝန်းကျင်လောက်ပါဝင်ပြီး အဲ့ဒီထဲက ဆီဘောက်ဆာကားကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် ဆီကားက မီးမလောင်ခဲ့ပေမယ့် ဒဏ်ရာရသွားသူ ၂ ဦးကို လူနာတင်ယာဥ်နဲ့ လာခေါ်သွားတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်ကလည်း သမုန်းကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို နတ်မောက်ဂဠုန် PDF အဖွဲ့က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။  

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10