ရှေ့တန်းရောက် PDF ရဲဘော်တွေရဲ့ မိသားစုတွေကို အခမဲ့ဆေးကုသမယ့်အစီအစဥ် ပြုလုပ်ထား

ရှေ့တန်းရောက် PDF ရဲဘော်တွေရဲ့ မိသားစုတွေကို အခမဲ့ဆေးကုသမယ့်အစီအစဥ် ပြုလုပ်ထား

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အခြေစိုက်တပ်ရင်းတခုဖြစ်တဲ့ ရွှေဘိုခရိုင် တပ်ရင်း ၂၆ မှာ ရှေ့တန်းထွက်နေရတဲ့ ရဲဘော်တွေရဲ့မိသားစုတွေအတွက် အခမဲ့ဆေးကုသခွင့်ရမယ့် Medical Care for PDF’s Family ဆိုတဲ့ အစီစဥ်တခု ပြုလုပ်ထားတယ်လို့ အဲ့ဒီတပ်ရင်းကတဆင့် သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေးကြောင့် ရှေ့တန်းရောက်နေတဲ့ ရဲဘော်တွေ၊ အကြောင်းအမျိုးမျိုးကြောင့် တပ်ရင်းမှာမရှိဘဲ ရှေ့တန်းရောက်နေတဲ့ ရဲဘော်တွေအနေနဲ့ မိသားစုကိုနောက်ဆံမတင်းရဘဲ တိုက်ပွဲတွေဝင်နိုင်ဖို့ ရည်ရွယ်ပြီး အကောင်ထည်ဖော်ခဲ့တာလို့ ဆိုပါတယ်။ 

“ရဲဘော်တွေက အိမ်မှာကျန်ခဲ့တဲ့ ကလေးတွေ နေကောင်းလား၊ အမေတွေ အဖေတွေ နေကောင်းလားဆိုတဲ့ ဒီလိုမေးခွန်းလေးတွေကို ပြန်ကြားပြီး အဲ့ဒါဆိုရင် ဒါလေးလုပ်ပေးသင့်တယ်ဆိုပြီး အိုင်ဒီယာရသွားတာပေါ့။”လို့ ရွှေဘိုခရိုင် တပ်ရင်း ၂၆ ရဲ့ ရုံးအဖွဲ့တာဝန်ခံ ကိုကျောက်ခဲက ပြောပါတယ်။

အဆိုပါ အခမဲ့ဆေးကုသပေးတဲ့အစီစဥ်ကို အကောင်ထည်ဖော်ဖို့ ကြိုးစားနေခဲ့ပြီး ဆေးဝါးတွေက ဈေးကြီးတဲ့အတွက် အချိန်ကြန့်ကြာနေကာ ပြီးခဲ့တဲ့ ဇွန်လအစပိုင်းကမှ Ananda Karuna Social Network ရဲ့ မတည်မှုနဲ့ စတင်ခဲ့တာလို့ ဆိုပါတယ်။

မိသားစုတွေကို တပ်ရင်းနာမည်၊ အမည်၊ ရဲဘော်နဲ့ တော်စပ်ပုံ၊ နေရပ်လိပ်စာ စတာတွေပါဝင်တဲ့ ကဒ်ပြားတွေ ထုတ်ပေးထားပြီး ရောဂါတခုခုဖြစ်လို့ ဆေးခန်းသွားချိန် အဆိုပါကဒ်ကို ပြရုံနဲ့ အခမဲ့ ကုသလို့ရအောင် စီစဥ်ပေးထားတယ်လို့ ဆိုပါတယ်။

“ဓါတ်မှန်ရိုက်ပြီးမှ ကုသလို့ရမယ့်ဟာတွေ ဆိုရင်တော့ လွှဲရပါတယ်။ ဓါတ်မှန်စက် မရှိတာရယ်၊ ခွဲစိတ်ခန်းမထားနိုင်သေးတာကြောင့်ရယ်၊ ကျန်တာတွေကိုတော့ အကုန်ကုသပေးနိုင်ပါတယ်။ Minor case တော့ ခွဲစိတ်ကုသပေးပါတယ်။”လို့  သူက ဆက်ပြောပါတယ်။

လက်ရှိ ရဲဘော်မိသားစု ၁၀၀ ကျော်ကို ကုသပေးနေပြီး တုပ်ကွေးရာသီဖြစ်တဲ့အတွက် ဖျားနာရောဂါတွေ အများစုကုသပေးနေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘဏ္ဏာရေးအခြေနေကြောင့် မိသားစုအားလုံးကို ထောက်ပံ့ပေးနိုင်ခြင်း မရှိပေမယ့် ကျဆုံးရဲဘော်မိသားစုတွေကို ကျပ်သိန်း ၃၀၊ မီးဖွားစရိတ်အဖြစ် တဦးကို ကျပ် ၁ သိန်းနဲ့ စားဝတ်နေရေးခက်ခဲပြီး ကလေးသူငယ်ရှိတဲ့ မိသားစုတွေကိုလည်း လစဥ်ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။ 

ဒီအစီစဥ်ကို ရေရှည်ပြုလုပ်သွားဖို့ရှိပေမယ့် ငွေကြေးအခက်ခဲကြောင့် အကန့်သတ်နဲ့သာ လုပ်ဆောင်နေရပြီး ရေရှည်အကောင်ထည်ဖော်နိုင်ဖို့ အလှူရှင်တွေရဲ့ ထောက်ပံ့မှုတွေလည်း လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

၁၀၂၇ တကျော့ပြန် စစ်ဆင်ရေးအတွင်း ရွှေဘိုခရိုင် တပ်ရင်း ၂၆ က ရဲဘော် ၉ ဦးထိ ကျဆုံးထားပြီး ရွှေဘိုခရိုင် တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆ စတဲ့ တပ်ရင်း ၄ ရင်းကို စုဖွဲ့ထားတဲ့ ဗျူဟာ ၅၅ မှာတော့ ရဲဘော် စုစုပေါင်း ၃၅ ဦး ကျဆုံးထားတယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ရွှေဘို #ကျန်းမာရေး #အခမဲ့ဆေးကုသ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10