ရှေ့တန်းရဲဘော်တွေရဲ့ အသက်ကိုကာကွယ်ပေးမယ့် သံကွန်ချာကမ်ပိန်း (ရုပ်/သံ)

မြေလတ်ဒေသနဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ သာယာဝတီခရိုင်တပ်ရင်း ၃ Myanmar Defense Force မှာ ရှေ့တန်းရဲဘော်တွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်နိုင်ဖို့ သံကွန်ချာကမ်ပိန်း (Campaign)တခု ပြုလုပ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီကမ်ပိန်းမှာ ရဲဘော်တွေအတွက် Helmet နဲ့ ကျည်ကာတွေရရှိဖို့ ရည်ရွယ်ပြီး မေ ၁ ရက်ကနေ ကမ်ပိန်းလျာထားချက် ပြည့်တဲ့အထိ ရက်အကန့်အသတ်မရှိ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Helmet နဲ့ ကျည်ကာတွေ မဝတ်ဆင်ဘဲ ရှေ့တန်းထွက်တဲ့အခါ ကျည်ကွယ်မျက်ကွယ်နေရာမှာ နေရာယူထားနိုင်ရင်တောင် ၄၀ ရာခိုင်နှုန်းပဲ အန္တရာယ်ကင်းနိုင်တာဖြစ်ပြီး Helmet နဲ့ ကျည်ကာတွေဝတ်ဆင်ပြီး တိုက်ပွဲဝင်ရင်တော့ ရဲဘော်တွေရဲ့ အသက်ကို ၈၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့  MDF တပ်ဖွဲ့ဝင် အမျိုးသမီးရဲဘော်တွေက ပြောပါတယ်။

ကျည်ကာဦးထုပ်နဲ့ ကျည်ကာအင်္ကျီတွေက အသက်အန္တရာယ် အများဆုံး အစိတ်အပိုင်းတွေဖြစ်တဲ့ ဦးခေါင်း၊ နှလုံး၊ ကျောက်ကပ်နဲ့ အဆုတ်ကို ကာကွယ်ပေးနိုင်တဲ့အတွက် ထိခိုက်ကျဆုံးမှုတွေကို လျော့ချပေးနိုင်သလို အီကွေ့မန့်အပြည့်အစုံဝတ်ပြီး ရှေ့တန်းထွက်ရင် ရဲဘော်တွေအတွက် စိတ်ခွန်အား တက်ကြွစေတယ်လို့လည်း ဆိုပါတယ်။

Myanmar Defense Force တပ်ဖွဲ့မှာ တော်လှန်ရေးကာလ ၃ နှစ်ကျော်အတွင်း ကျဆုံးရဲဘော် ၄ ဦးရှိထားကာ လက်နက်ငယ်ထိမှန်ပြီး ကျဆုံးတဲ့ ရဲဘော် ၂ ဦးနဲ့ လက်နက်ကြီးစ ထိမှန်ပြီး ကျဆုံးခဲ့တဲ့ ရဲဘော် ၂ ဦး ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ အခြေနေမဟုတ်ပေမယ့် ပုံမှန်အတိုင်းလှုပ်ရှားလို့ မရတော့တဲ့ ဒဏ်ရာရ ရဲဘော်တွေလည်း ရှိနေတယ်လို့ သိရပါတယ်။

ရှေ့တန်းတိုက်ပွဲထွက်တဲ့အခါ ကျည်ဒဏ်ကို ကာကွယ်နိုင်တဲ့ အီကွေ့မန့်တွေသာ ရှိမယ်ဆိုရင် အသေးစားဒဏ်ရာတွေကို ကာကွယ်နိုင်သလို အသက်ဘေးနဲ့နီးတဲ့ ဒဏ်ရာရမှုတွေကိုလည်း လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။ 

တပ်ဖွဲ့မှာ အရင်က အီကွေ့မန့်တွေ အသုံးပြုဖူးပေမယ့် အရည်အသွေးနိမ့်တဲ့အတွက် ကျည်ကာကွယ်နိုင်စွမ်းမရှိခဲ့တာကြောင့် အခုလက်ရှိပြုလုပ်နေတဲ့ သံကွန်ချာကမ်ပိန်းက ရရှိငွေတွေနဲ့ ရဲဘော်တွေအတွက် ကျည်ဒဏ်ကို သေချာကာကွယ်နိုင်တဲ့ ကျည်ကာတွေ တပ်ဆင်ပေးသွားမှာဖြစ်တယ်လို့ MDF တပ်ဖွဲ့ရဲ့ ဘဏ္ဍာရေးတာဝန်ခံ အမျိုးသမီးရဲဘော်က ပြောပါတယ်။

အခုလက်ရှိ ကမ်ပိန်းလျာထားချက်ရဲ့ ၁၈ ရာခိုင်နှုန်းသာ ရောင်းချထားရပြီး လက်မှတ်တစောင်ကို မြန်မာငွေ ၂ သောင်းနှုန်းနဲ့ လက်မှတ် ၅၀၀၀ ကုန်တဲ့ထိ ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#သာယာဝတီခရိုင် #တပ်ရင်း၃ #သံကွန်ချာကမ်ပိန်း #ကျည်ကာ #Helmet 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10