လက်နက်ကြီးကျည်ထိလို့ ကလေး ၁ ဦးအပါ ၃ ဦးဒဏ်ရာရပြီး နွား ၂ ကောင်သေ

လက်နက်ကြီးကျည်ထိလို့ ကလေး ၁ ဦးအပါ ၃ ဦးဒဏ်ရာရပြီး နွား ၂ ကောင်သေ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ရွာရှည်ကျေးရွာမှာ မုံရွာ-နမခကနေပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့  ၆ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါ ၃ ဦး ဒဏ်ရာရပြီး နွား ၂ ကောင် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇန်နဝါရီ ၂၀ ရက် ညနေ ၇ နာရီဝန်းကျင်မှာ မုံရွာ-နမခနဲ့ ၅ မိုင်အကွာမှာရှိတဲ့ ရွာရှည်ကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

"လက်နက်ကြီးက ရှပ်ပြေးတောင်ပေါ်ကနေ နေ့တိုင်းပစ်နေတာ။ ၁ ပတ် ၁၀ ရက်လောက်ရှိပြီ။ (ဇန်နဝါရီ ၂၀ ရက်က) ရွာရှည်ရွာပေါ် လက်နက်ကြီး ၂ လုံးကျတယ်။ နမခနဲ့နီးတဲ့ ကျေးရွာတွေကတော့ လောလောဆယ် ရှောင်တိမ်းနေကြရတယ်။" လို့ ဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးကျည် ထိမှန်လို့ ရွာရှည်ရွာက အသက် ၆ နှစ်အရွယ် ကလေးငယ် ၁ ဦး ဘယ်ဘက်လက် တံတောင်ဆစ်ထိ ကြေမွဒဏ်ရာ၊ အသက် ၃၀ အရွယ် အမျိုးသား ၁ ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရပြီး နွား ၂ ကောင်သေကာ နွား ၂ ကောင် ထိခိုက်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာ နမခထဲကနေ လက်နက်ကြီးပစ်ခတ်ချိန် ၁ ကြိမ်ကို ၃ လုံးကနေ ၈ လုံးထိ ပစ်ခတ်လေ့ရှိပြီး ဘုတလင်၊ ယင်းမာပင်နဲ့ ကနီမြို့နယ်တွေထဲကို ကျရောက်ပေါက်ကွဲကာ လူထိခိုက်သေဆုံးမှုတွေ မကြာခဏဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်ကလည်း မုံရွာ နမခနဲ့ ၃ မိုင်ကျော်ဝေးတဲ့ ကျောက်မှော်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး စားသုံးဆီစက်ဂိုထောင် ၁ လုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - သိုက်ထွန်း၊ ကျော်စွာ၊ စာတည်း - ချယ်ရီ

#မြေလတ်အသံ 

#ဘုတလင် #နမခ #လက်နက်ကြီး # ဒဏ်ရာရ #အရပ်သား 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10