လက်နက်ကြီးထိမှန်လို့ ကလေးတဦးအပါအဝင် ၃ ဦးသေဆုံး၊ အလောင်းတွေကို စစ်တပ်ကယူသွား

လက်နက်ကြီးထိမှန်လို့ ကလေးတဦးအပါအဝင် ၃ ဦးသေဆုံး၊ အလောင်းတွေကို စစ်တပ်ကယူသွား

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျော်ဇေယျာရပ်ကွက်မှာရှိတဲ့ နေအိမ်တွေပေါ် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ အသက်မပြည့်သေးတဲ့ ကလေးတဦးအပါအဝင် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး အလောင်းတွေကိုတော့ စစ်ကောင်စီကယူသွားတယ်လို့ ဒေသခံတွေဆီကတဆင့် သိရပါတယ်။

 

ဇွန်လ ၃၀ရက် မနေ့ည ၁၂ နာရီအချိန်ခန့်က ကိုးတောင်ဘို့ရွာမှာ တိုက်ပွဲဖြစ်နေတဲ့အတွက် ကောလင်းမြို့ပေါ် ထွေအုပ်ရုံးထဲကနေ လက်နက်ကြီးပစ်ကူပေးတဲ့အနေနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်တာဖြစ်ပြီး တိုက်ပွဲနဲ့ ၃မိုင်လောက်ဝေးတဲ့ ကောလင်းမြို့ပေါ်ရပ်ကွက်ထဲကို လက်နက်ကြီးကျရောက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

“၈နှစ်သမီးကတော့ ခန္ဓာကိုယ်တစစီကောက်လိုက်ရတယ်၊ အန်တီကတော့အူတွေပဲရတယ်။ အလောင်းတွေကို စကစက ဆေးရုံယူသွားတယ်၊ အိမ်ပြန်မရောက်လာဘဲ အင်ကြင်းကုန်းမှာ မီးရှို့လိုက်ပြီ” လို့ ကောလင်းဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

 

လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသက် ၆၅နှစ်အရွယ် ဒေါ်စန်း၊ ၈နှစ်အရွယ် မြေးဖြစ်သူ အိဖူးငုံ၊ အိမ်ချင်းကပ်လျက်က အသက် ၄၃နှစ် အရွယ် မဇာခြည်ဦးတို့  သေဆုံးခဲ့ပြီး ဒေါ်စန်းရဲ့ အမျိုးသားဖြစ်သူကတော့ ခွဲစိတ်ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

 

အလောင်းတွေကိုတော့ စစ်ကောင်စီဘက်က ဒီကနေ့ မနက်မှာလာယူကာ ရင်ခွဲရုံပို့ပြီးနောက် အင်ကြင်းကုန်းသင်္ချိုင်းမှာ မီးရှို့လိုက်လို့ ကျန်ရစ်မိသားစုတွေက အလောင်းမရှိဘဲ နာရေးကျင်းပခဲ့ရတယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ ဇွန်လ ၂၅ရက်ကလည်း ကောလင်းမြို့ KBZဘဏ်ရှေ့ ဗုံးပေါက်ကွဲပြီးနောက် ရမ်းသမ်းပစ်ခတ်လို့ ပြည်သူတဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

 

စာတည်း - ရင်ငြိမ်း

 

#မြေလတ်အသံ

#စစ်ကိုင်း #ကောလင်း #စစ်ကောင်စီတပ် #လက်နက်ကြီး #ပစ်ခတ်မှု #အရပ်သား #သေဆုံးမှု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10