လက်နက်ကြီးထိလို့ ဝေါ ဒေသခံ ၄ ဦးသေဆုံး

လက်နက်ကြီးထိလို့ ဝေါ ဒေသခံ ၄ ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ တနော်ကျွန်းကျေးရွာ၊ မိုးကြိုးကုန်းဆိပ်ကမ်းနားမှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျပြီး ဒေသခံ ၄ ဦးသေဆုံးသွားတယ်လို့ ဝေါမြို့နယ် ပကဖထံက သိရပါတယ်။

နိုဝင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီကျော်မှာ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် အခြေစိုက် အမတ ၃၁၀ ကနေ  လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာပါ။

အဲဒီလို စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေထဲက တလုံးက လှေသမားတွေနဲ့ ဆိုင်ကယ်သမားတွေ၊ လှေအသုံးပြုခရီးသွားတွေ အနားယူလေ့ရှိတဲ့ နေရာနားမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။

"သိရသလောက်ကတော့ ကျိုက်ထိုမြို့နယ်ဘက်ခြမ်းက ထွေအုပ်ရုံးကို KNLA တပ်ဘက်က ဒရုန်းဗုံးသွားချတယ်လို့ သိရတယ်။ အဲဒါကို တပ်ဘက်က လက်နက်ကြီးပစ်ကူပေးတာ။ သူတို့ပစ်တဲ့ လက်နက်ကြီးက ဒေသခံတွေရှိတဲ့နား ကျတာ" လို့ ဝေါမြို့နယ်ပကဖ တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကျလို့ တနော်ကျွန်းကမ်းနား သဲကွင်းနားမှာရှိနေတဲ့ ဦးကျော်မြင့် ၆၇ နှစ်၊ ကိုအောင်ကို ၃၀ နှစ်၊ ကိုကျော်လင်းထွန်း ၃၃ နှစ် နဲ့ ကိုအောင်ဆန်းဦး ၃၅ နှစ် တို့ သေဆုံးသွားပါတယ်။

ဒါ့အပြင် ကိုအောင်သူ၊ ကိုနေလင်းထွန်း၊ ကိုဟန်ထွန်းအောင်၊ ကိုဖိုးပိန်၊ ဦးစိုးထွေးနဲ့ အမျိုးသမီး ၁ ဦးစုစုပေါင်း ၆ ဦး စိုးရိမ်ရဒဏ်ရာတွေ ရသွားတယ်လို့ဆိုပါတယ်။

ညနေ ၄ နာရီကျော်လောက်ထိ ဝေါမြို့နယ်၊ လက်ပံပင်ကျေးရွာနဲ့ စစ်တောင်းတံတားအဟောင်း (ဝေါမြို့နယ်ဘက်ခြမ်း)မှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့တွေကနေ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ဝေါမြို့နယ်ထဲမှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက လက်ပံရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့က လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ ဒေသခံတွေပိုင်တဲ့ စပါးကွင်းတွေ၊ နွားတင်းကုပ်တွေလောက်သာ ထိခိုက်ပျက်စီးတာရှိပြီး လူထိခိုက်တာမရှိခဲ့ဘဲ အခုအကြိမ် ဒေသခံသေဆုံးတာဟာ ပထမဆုံးအကြိမ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ဝေါမြို့နယ်ထဲက စစ်ကောင်စီကင်းစခန်းနဲ့ရဲစခန်းတွေတိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်သားတွေနဲ့ရဲတွေသေဆုံးထိခိုက်သူတွေရှိခဲ့ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #ဝေါမြို့နယ် #တနော်ကျွန်းကျေး #မိုးကြိုးကုန်း #စစ်ကောင်စီ #မွန်ပြည်နယ် #ကျိုက်ထို #သိမ်ဇရပ် #အမြောက်တပ် #လက်နက်ကြီး #ပစ်ခတ် #ပြည်သူ #ထိခိုက်ဒဏ်ရာရ #သေဆုံး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10