လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတဲ့ ခမရ ၁၀၇ တပ်သား ဆုကြေး သိန်း ၅၀ ရရှိ

လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတဲ့ ခမရ ၁၀၇ တပ်သား ဆုကြေး သိန်း ၅၀ ရရှိ

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အမှတ် ၁၈ တပ်ရင်း၊ Yaw Revolution Force-Htilin ဆီကို စစ်ကောင်စီတပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ အဲဒီအဖွဲ့ဆီက သိရပါတယ်။ 

စက်တင်ဘာ ၁၁ ရက်က ထီးလင်းမြို့ပေါ်မှာ တာဝန်ကျနေချိန် YDF - Htilin တပ်ဖွဲ့ဝင်တွေရဲ့ အကူအညီနဲ့ အလင်းဝင်လာခဲ့တာလို့ Yaw Revolution Force-Htilin တာဝန်ခံက ပြောပါတယ်။

အလင်းဝင်တပ်သား ထက်လင်းအောင်ဟာ တပ်မ ၇၇ လက်အောက်ခံ အင်းတကော်အခြေစိုက် ခမရ ၁၀၇ တပ်ကဖြစ်ပေမယ့် ကျောက်ထုအမြောက်တပ်ကို ရောက်ရှိနေပြီး ထီးလင်းမြို့ပေါ်မှာ တာဝန်ထမ်းဆောင်နေချိန် အလင်းဝင်လာခဲ့တာပါ။ 

"စက်တင်ဘာ ၁၆ ရက်မှာ သူ့ကို ဆုကြေးငွေ သိန်း ၅၀ ပေးအပ်တယ်။ ကျနော်တို့ တချို့သောအကြောင်းအရာတွေကြောင့် သတင်းထုတ်ပြန်တာ နောက်ကျသွားတာ။" လို့ Yaw Revolution Force-Htilin တာဝန်ခံက ပြောပါတယ်။

အဲဒီတပ်သားဟာ စစ်ကောင်စီရဲ့လုပ်ရပ်တွေကို သဘောမကျတာနဲ့ စစ်ကောင်စီရဲ့ဖိနှိပ်ချုပ်ခြယ်တာတွေမကြိုက်တာရော လွတ်လွတ်လပ်လပ်နေချင်တာကြောင့်ပါ အလင်းဝင်လာတာလို့ ဆိုပါတယ်။ 

တပ်သား ထက်လင်းအောင် ဟာ MA 3  ၁ လက်၊ ကျည်ဘောက် ၁ ခုနဲ့  ၅.၅၆ ကျည် ၂၀ ကျော် ယူလာခဲ့တာကြောင့် သူ့ကို ငွေကျပ်သိန်း ၅၀ ဆုချီးမြှင့်ပေးခဲ့ပြီး လက်ရှိ စခန်းမှာပဲနေထိုင်လျက်ရှိတယ်လို့ ဆိုပါတယ်။ 

အဲ့ဒီတပ်သားအပါအဝင် ဂန့်ဂေါခရိုင်အမှတ် ၁၈ တပ်ရင်း Yaw Revolution Force-Htilin အဖွဲ့ဆီ အလင်းဝင်လာတဲ့ စစ်သား စုစုပေါင်း ၃ ဦး ရှိပြီလို့ သိရပါတယ်။

စာတည်း - ဈာန်မြင့်

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #တပ်သား #အလင်းဝင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10