လက်နက်တီထွင်စမ်းသပ်မှုနဲ့ ထိခိုက်ဒဏ်ရာရသေဆုံးရတဲ့ ပြည်သူ့ရဲဘော်တွေ

လက်နက်တီထွင်စမ်းသပ်မှုနဲ့ ထိခိုက်ဒဏ်ရာရသေဆုံးရတဲ့ ပြည်သူ့ရဲဘော်တွေ

စစ်ကောင်စီဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေကို မြေပြင်ကသာမကဘဲ၊ နောက်ပိုင်းမှာ ဝေဟင်ကပါ အပြင်းအထန်ပြုလုပ်လာနေပါတယ်။ အဲဒီလိုတိုက်ခိုက်မှုတွေကို ရင်ဆိုင်ဖို့အတွက် ဒေသတွင်း ပြည့်သူကာကွယ်ရေးအဖွဲ့တွေဟာ ယခင်နည်းဟောင်း လက်နက်များနဲ့ပြန်လည်တိုက်ခိုက် တာကနေ အသစ်သစ်သော လက်နက်ခဲယမ်းတွေကို စမ်းသပ်တီထွင်ထုတ်လုပ်လာနေကြပါပြီ။ စမ်းသပ်ဆဲကာလဖြစ်လို့ ထိခိုက်ဒဏ်ရာရမှုတွေ လိုအပ်ချက်တွေများစွာ ရှိခဲ့ပါတယ်။ အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မြေလတ်အသံသတင်းဌာနက မြိုင် MVRF ဥက္ကဌ ဦးအောင်ဇေယျ ကို ဆက်သွယ်မေးမြန်းထားပါတယ်။

 

မေး-အခုဘာလက်နက်တွေထုတ်နေလည်း ဘယ်လိုအမျိုးအစားတွေပါလဲခင်ဗျ။ 

ဖြေ- ကျနော်တို့ လက်လုပ် RPG လည်းနည်းပညာရထားပါတယ်၊ နောက်ပြီးတော့ပုခုံးထမ်းရှော့ဂန်း အဝေးပြေးကိုလည်း စတင်ပြီးတော့လှုပ်ရှားဆောင်ရွက်နေပြီးဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ပြီးစီးအောင်မြင်နိုင်တဲ့အနေအထားမရှိသေးဘူးပေါ့၊ အခုတော့ ကျနော်တို့ထိုက်သင့်အားလျှော်စွာနဲ့ဆောင်ရွက်နေပြီးဖြစ်ပါတယ်။

မေး-ဒီလက်နက်တွေက ဘယ်လောက်အဝေးထိပစ်ခတ်နိုင်လည်းခင်ဗျ။ 

ဖြေ- ကျနော်တို့ရဲ့နည်းပညာသွားသင်ယူတဲ့ရဲဘော်တွေရဲ့ပြောကြားချက်အရတော့ အနည်းဆုံး ၁ မိုင်လောက်တော့ထိရောက်တယ်လို့သိရပါတယ်၊

 

မေး- အခုလက်ရှိမှာကော စစ်ကောင်စီကို ဘယ်လိုမျိုးလက်နက်တွေနဲ့ တိုက်ခိုက်နေလည်းခင်ဗျ။ 

ဖြေ- ကျနော်တို့အဓိကတော့ ဆွဲမိုင်း တိုက်မိုင်းတွေနဲ့စစ်ကောင်စီကိုလက်ရှိ တိုက်ထုတ်နေတာဖြစ်တယ်၊ အဲဒီမှာ ကျနော်တို့ removeနဲ့လုပ်တဲ့မိုင်းတွေရှိတယ်၊အဓိကစစ်ကောင်စီကိုတိုက်ထုတ်နေတာကတော့ ဆွဲမိုင်းနဲ့တိုက်မိုင်းတို့နဲ့တိုက်ပွဲဆင်နွဲနေတာဖြစ်ပါတယ်။

 

 မေး- တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဘယ်လောက်လောက်ထိ ကျဆုံးမှုရှိသွားပြီလဲခင်ဗျ။ 

ဖြေ- ပထမအကြိမ်စစ်ကောင်စီကိုမိုင်းဆွဲတိုက်ခိုက်တုန်း ကဆိုရင်မြိုင်မြို့နယ်မြောက်ပိုင်းစစ်ကြောင်း ထိုးတဲ့အချိန်မှာ မင်းသားကျကျေးရွာနားက ခင်သော်တောကွေ့မှာစတင်ပြီးတော့ မိုင်းဆွဲတိုက်ခိုက်တယ်၊ အဲဒီမှာစစ်ကောင်စီဘက်က ၄ ယောက်ကျဆုံးတယ်၊ မင်းသားကျကျေးရွာနဲ့ ကန်ကြီးတောကျေးရွားကြားမှာ မိုင်းဆွဲတိုက်ခိုက်တယ်၊ အဲဒီမှာလည်း စစ်ကောင်စီဘက်က တစ်ယောက်ကျတယ်၊ အများအပြားဒဏ်ရာ ရတယ်ပေါ့နော်၊ နောက်ကျနော်တို့ကထွန်းမြရတနာလမ်းလို့ခေါ်တာပေါ့ဗျာ၊ နဂိုကခေါ်တာကဆက်သွယ်ရေး  ဝန်ကြီးဟောင်းဦးသိန်းထွန်းလမ်းမှာ စစ်ကောင်စီအဖွဲ့ကိုမိုင်းဆွဲတိုက်ခိုက်တာအနည်းဆုံး ၅ ယောက်ကျပြီး ကားကိုထိထိမိမိမိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်၊ကားတွေကိုတစ်ခြားကားတွေ ပြန်တိုက်ထုတ်ရတဲ့ အနေအထားအထိဆောင်ရွက်နိုင်ခဲ့ပါတယ်။

 

မေး-စစ်ကောင်စီဖက်ကကော ပူးပေါင်းအလင်းဝင်လာမျိုးတွေရှိခဲ့လားခင်ဗျ။ 

ဖြေ- အကြမ်းဖက်စစ်ကောင်စီဘက်ကကျနော်တို့ဘက်ကိုအလင်းဝင်လာတာတွေကတော့ ရန်ကုန်ဘက်က ရဲတပ်သား ၁ ဦး နေပြည်တော်ဘက်က စစ်သား ၁ ဦးကျနော်တို့ MVRFအဖွဲ့ကိုအလင်းဝင်ရောက်လာလို့ လွတ်မြှောက်နယ်မြေကိုပို့ရတာရှိတယ်၊ လုံခြုံရေးအရတစ်ခြားသောနေရာဖော်ပြလို့မရတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူ့ဘက်တော်သားစစ်သားတွေလည်း အများအပြားလွတ်မြှောက်နယ်မြေကို ပို့ဆောင်ပေးထား တာရှိပါတယ်၊

 

မေး-အဲလိုအလင်းဝင်လာသူတွေက ယုံကြည်စိတ်ချရမှုရှိလားခင်ဗျ။ 

ဖြေ- သူတို့ရဲ့ဒေတာအချက်အလက်တွေကိုစီစစ်ပြီးခံမှလက်ခံတယ်၊နောက်ပြီးတော့ကျနော်တို့ လွှဲပြောင်းပေးအပ် တဲ့ပုဂ္ဂိုလ်တွေကိုလည်း ဒီလိုCDMဝင်ရောက်လာပါတယ် ဆိုတာကိုစီစစ်ပြီး လွတ်မြှောက်နယ်မြေကို လွှဲအပ်ပေးနိုင်ခဲ့ပါတယ်။

 

မေး- လက်နက်တွေတီထွင်တဲ့အခါမှာ ဘယ်လိုကြုံတွေ့ခဲ့ကြရလဲ၊ အခက်ခဲတွေဘာတွေလဲ၊ ရဲဘော်တွေကော ထိခိုက်ဒဏ်ရာရခဲ့ကြဘူးလားခင်ဗျ။ 

 

ဖြေ- ကျနော်တို့မှာလက်နက်တီထွင်ရတာက မြေစမ်းခရမ်းပျိုး အကြားအမြင်နဲ့ကျနော်တို့ကလုပ်ကြရတာ ဖြစ်တဲ့အတွက်အရမ်းအန္တရာယ်များပါတယ်၊ ကျနော်ကိုယ်တိုင်လည်း လက်ကျိုးထားတာဗျ၊ တူမီးစမ်းရင်းနဲ့အချိန်အစအားနည်းပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်၊ ကျနော့်ရဲဘော်တစ်ယောက်ဆိုလို့ရှိရင် ကျည်ကပေါက်ပြီးတော့ နောက်ပြန်ပွင့်ပြီးကန်လို့မှန်ပြီး ဆေးကုသမှုခံရတာတွေရှိတယ်၊ ကျနော်ရဲဘော်မိတ်ဆွေရဲ ဘော်တို့ဆိုရင် အသက်ဆုံးရှုံးရသည်အထိတွေ့ရတယ်၊ ဒီကနေ့တောင် ကျနော့်ရဲဘော်တစ်ယောက်ရမ်းစ ထိမှန်ပြီးတော့ ပြင်းထန်ဒဏ်ရာရရှိသွားတာရှိပါတယ်၊ အင်မတန်မှ အန္တရာယ်များတယ်၊ စစ်ကောင်စီတွေနဲ့ တိုက်ပွဲဝင်တဲ့အခါမှာ ကျနော်တို့ကဆွဲမိုင်းတွေ တိုက်မိုင်းတွေကိုအားပြုပြီးတော့ လုပ်ရတဲ့အခါကြတော့ အခုစစ်ကောင်စီကစစ်ရေးဗျူဟာပြောင်းလဲပြီး စစ်ကြောင်းထိုး လာတာတွေရှိပါတယ်၊ ကျနော်တို့ဘက်ကလည်း ဗျူဟာပြောင်းလဲပြီးတော့တိုက်နေပါတယ်၊ ခက်ခက်ခဲခဲနဲ့ ဗျူဟာပြောင်းလဲ လုပ်ရတာရှိတယ်။ အရမ်းအန္တရာယ်များပါတယ်။ ပြည်သူတွေကိုလည်း အတတ်နိုင်ဆုံး အသိပေးထားပါတယ်။ ဆွဲမိုင်းတွေကို အရမ်းအားပြုလို့မရတဲ့အနေအထားတခုဖြစ်နေပါပြီ။ ကုန်ကျစားရိတ်တွေကလည်း အရမ်းလိုအပ်နေတဲ့အနေအထားတခုမှာ ရှိနေပါသေးတယ်။ အများကြီးလုပ်ဆောင်ကြရအုံးမှာပါ။

မေး- အခုစစ်ကောင်စီက လေကြောင်းကနေ တိုက်ထုတ်နေတဲ့အခြေနေပတ်သက်ပြီး အမြင်လေးပြောပါအုံးခင်ဗျ။ 

ဖြေ-အကြမ်းဖက်စစ်ကောင်စီကခုလေကြောင်းနဲ့တိုက်ထုတ် နေတာဟာလူမဆန်တဲ့လုပ်ရပ်ဗျ၊ တူမီးတစ်တောင့်ထိုးရှိတဲ့လူတွေကို လေယာဉ်နဲ့တိုက်တယ်ဆိုကတဲ့က ကျနော်မြင်တာကတော့ အဆိုးထဲကအကောင်းပေါ့၊ ပြည်သူ့ဘက်တော်သား ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို မြေပြင်မှာမရှင်နိုင်လို့ ဝေဟင်ကိုသုံးရတဲ့ အဆင့်ရောက်နေပြီဆိုတာတော့ထင်ရှားတယ်၊ သို့ပေငြားသော်လည်း ကျနော်တို့ရဲဘော်တွေအနေနဲ့ မမျှတတဲ့အင်အားတွေကိုတိုက်ထုတ်နေရတဲ့အတွက် စိတ်ဓါတ်ပိုင်းနဲ့တိုက်ထုတ်နေရတာဖြစ်တယ်။ ဒီကောင်တွေရဲ့ရက်စက်ယုတ်မာမှုတွေကတော့ ကမ္ဘာကလည်းသိနေပြီ ကျနော်တို့ ပြည်သူတွေလည်းသိတယ်၊ ကျနော်တို့ဘက်ကတော့ လေယာဉ်မကလို့ကြိုက်တဲ့ဟာသုံးဗျာ၊ ကျနော်တို့ပြည်သူတွေအတွက် လုံးဝနောက်ဆုတ်သွားမှာမဟုတ်ဖူး၊ ကျနော်တို့လုံးဝသွေးအေးမသွားဘူး၊ ကျနော်တို့လုံးဝ လုံးဝ ကြောက်သွားမှာမဟုတ်ဖူး၊ ရတဲ့နည်းနဲ့ရသလို တွန်းလှန်ပြီးတော့ တိုက်ပွဲဝင်သွားမှာဖြစ်တယ်၊ ဒီအတွက်လည်းစစ်ကောင်စီကိုကျနော်တို့ အထူးသတိပေးချင်တာက ကြိုက်တဲ့နည်းလမ်းနဲ့ကျနော်တို့ပြည်သူတွေကို ရက်စက်အကြမ်းဖက်နေစေကာမှု ကျနော်တို့ရဲ့ တော်လှန်ရေးအင်အားစုများသည် ကျနော်တို့ရဲ့ပြည်သူများသည် နောက်မဆုတ်တမ်း‌ တော်လှန်ရေးကြီးကို အောင်ပွဲရသည်အထိတိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း ပြောချင်ပါတယ်ခင်ဗျ။

 

မေး-ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် မြေလတ်အသံသတင်းဌာနက ကျေးဇူးတင်ရှိပါတယ်။

 

 

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10