သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်ခဲယမ်းမီးကျောက်တွေကို ပြန်လည်ရောင်းချတာမျိုး မပြုလုပ်ရန် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဇန်နဝါရီ ၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
တော်လှန်ရေးကာလအတွင်း ရရှိပိုင်ဆိုင်ထားတဲ့ လက်နက်၊ ခဲယမ်းမီးကျောက်တွေဟာ ပြည်သူလူထုရဲ့ ချွေးနှဲစာမှ ရရှိလာတာဖြစ်တဲ့အတွက် တော်လှန်ရေးနဲ့ ပြည်သူအကျိုးအတွက်သာ အသုံးပြုသင့်ပြီး မိမိကိုယ်ကျိုး အခက်အခဲတွေအတွက် ရောင်းချအသုံးပြုတာမျိုး မသင့်တော်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခက်အခဲ၊ ပြဿနာရှိပါက မိမိတို့ရဲ့ လက်နက်ခဲယမ်းတွေကို ရောင်းချသုံးစွဲတာမျိုး မလုပ်ဘဲ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံကိုဖြစ်စေ၊ နီးစပ်ရာ ဇုန်၊ တိုက်နယ်၊ ကျေးရွာတာဝန်ခံတွေဆီကိုဖြစ်စေ သွားရောက်ညှိနှိုင်း ဆွေးနွေး အကူအညီတောင်းသင့်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
တော်လှန်ရေးကာလအတွင်း ရရှိပိုင်ဆိုင်ထားတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ ရောင်းချသုံးစွဲတာကို တိုင်ကြားတာဖြစ်စေ၊ အလွဲသုံးစားပြုလုပ်တာဖြစ်စေ စုံစမ်းသိရှိရပါက အပြစ်ပေး အရေးယူတာတွေ လုပ်ဆောင်မယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“လက်နက်ခဲယမ်းတွေဆိုတာက ပြည်သူလူထုဆီကနေ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်ပြီး သော်လည်းကောင်း ရထားတဲ့ ငွေကြေးတွေနဲ့ ဝယ်ထားတာတွေပေါ့။ တချို့ရဲဘော်တွေက ကိုယ်ကျိုးစီးပွားအတွက် ရောင်းချသုံးနေတာလေးတွေ ရှိနေတာပေါ့။” လို့ မြိုင်မြို့နယ် ပကဖတာဝန်ရှိသူတဦးက ဆိုပါတယ်။
လက်နက်ခဲယမ်းရောင်းချမှုတွေဟာ အများကြီးမဟုတ်ပေမယ့် တချို့တပ်ဖွဲ့ဝင်တွေဟာ နယ်မြေကျယ်ပြန့်လာတဲ့အခါ ရှေ့ကိုဆက်လက်မပါဝင်ဘဲ လက်နက်ခဲယမ်းတွေကို ကိုယ်ပိုင်သဘောမျိုးထားပြီး ရောင်းချတာတွေ ရှိလာတဲ့အတွက် ထုတ်ပြန်သတိပေးရတာဖြစ်တယ်လို့ ဆိုပါတယ်။
မြို့နယ်အတွင်း လက်နက်ခဲယမ်းအင်အား လျော့ကျသွားမှာကို မလိုလားတဲ့အတွက် တားမြစ်ရခြင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။
”အခက်အခဲရှိရင် လာရောက်ဆွေးနွေးပါ။ တကယ်ခက်ခဲနေတာလား၊ လက်နက်တော့မရောင်းနဲ့။ မြို့နယ်တာဝန်ခံမှာ လာရောက်ဆွေးနွေးပြီး ဝိုင်းဝန်းဖြေရှင်းပေးမယ်ဆိုတဲ့အကြောင်းလည်း သိစေချင်တာ။” လို့ မြိုင်မြို့နယ် ပကဖတာဝန်ရှိသူတဦးက ဆိုပါတယ်။
ပုံစာ - စစ်ရေးလေ့ကျင့်နေသည့် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
သတင်း - ဟယ်သာ၊ စာတည်း - လင်းဇေ
#မြေလတ်အသံ
#မကွေးတိုင်း #မြိုင်မြို့နယ် #ပကဖ #လက်နက် #ခဲယမ်း
Share Share Share