လက်နက်နဲ့ လစာသွားယူတဲ့ စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး ၂ ဦးသေ

လက်နက်နဲ့ လစာသွားယူတဲ့ စစ်ကောင်စီကား တိုက်ခိုက်ခံရပြီး ၂ ဦးသေ

 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်နဲ့ ကသာမြိုနယ်အကြားမှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ၁၂ ဘီးယာဉ် ၂ စီး ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၂ ဦးသေဆုံးကာ ကားတစီးပျက်စီးခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေထံက သိရပါတယ်။

ခမရ ၄၁၆ နဲ့ တပ်မ ၇၇ လက်အောက် တပ်ရင်း ၁ ရင်းတို့  ပူးပေါင်းအင်အား ၁၀၀ ကျော် လိုက်ပါလာတဲ့ ၁၂ ဘီးယာဉ် ၂ စီးဟာ ကသာဘက်ကနေ အင်းတော်ဘက်ကို မောင်းနှင်လာစဉ် ဒေသအခေါ် ၉ မိုင် ကျောက်ခွဲစက်အနီးမှာ ဩဂုတ်လ ၁၄ ရက် ဒီကနေ့ မနက်အစောပိုင်း ၁ နာရီကနေ  ၄ နာရီအထိ KIA၊ KPDF၊ ABSDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အင်းတော်အတွက် သင်္ဘောနဲ့ပါလာတဲ့ စားနပ်ရိက္ခာနဲ့ လခပိုက်ဆံတွေကို  ၁၂ ဘီးကားနဲ့ ကသာမှာသွားထုတ်တာ။  ၁၃ ရက်နေ့ သွားပြီး ၁၄ ရက်နေ့ ညတွင်းချင်း ပြန်ဆင်းတာမှာ ညတွင်းချင်း အတိုက်ခံရတာ။ လတ်တလော အလောင်း ၂လောင်း အလံအုပ်ထားတယ်" လို့ ဒေသသတင်းရင်းမြစ် Indaw Revolution - IR အဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်တပ်ရဲံ လက်နက်၊ ရိက္ခာထောက်ပို့ သင်္ဘောတွေဟာ လက်ရှိ ကသာမှာ ကမ်းကပ်ထားပြီး သင်္ဘောပေါ်ပါ လက်နက်၊ခဲယမ်းနဲ့ ရိက္ခာတွေကို ဗန်းမောက်မြို့စစ်ကောင်စီတပ် တွေကို ကားတွေနဲ့ ဆက်လက်ပို့ဆောင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး IR က ဆက်ပြောပါတယ်။

တိုက်ခိုက်ခံရလို့ စစ်သား ၂ ဦးသေဆုံးတာကို ကနဦးအတည်ပြုထားနိုင်ပြီး ၁၂ ဘီး ကားတစီးပျက်စီးသွားလို့ အင်းတော်ရဲစခန်းထဲကို ဆွဲယူသွားတယ်လို့ ဆိုပါတယ်။

လက်နက်တွေတင်ဆောင်လာတဲ့ နောက်ထပ် ၁၂ ဘီးကားတစီးကတော့ စစ်တပ်ကုန်းထဲကို မောင်းနှင်သွားပြီး အဆိုပါ ကားပေါ်မှာလည်း ဒဏ်ရာရစစ်သားတွေ ပါသွားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့ကလည်း အင်းတော်-နဘား လမ်းဆုံမှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ခရီးသွားကားတစီး ပစ်ခတ်ခံရလို့ ယာဉ်မောင်း သေဆုံးခဲ့ပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ကသာ #အင်းတော် #စစ်ကောင်စီယာဉ် #ကြားဖြတ်တိုက်ခိုက် #သေဆုံးမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10