လက်နက်၊ ရိက္ခာအခက်အခဲဖြစ်လာလို့ SKY HERO အဖွဲ့ကို ဖျက်သိမ်း

လက်နက်၊ ရိက္ခာအခက်အခဲဖြစ်လာလို့ SKY HERO အဖွဲ့ကို ဖျက်သိမ်း

မတ္တရာအခြေစိုက် SKY HERO(LPDF)အဖွဲ့မှာ လက်နက်၊ ရိက္ခာတွေ အခက်အခဲဖြစ်ပွားလာနေတာကြောင့် ဇူလိုင် ၂၆ ရက်မှာ အဖွဲ့ကို ဖျက်သိမ်းလိုက်ရတယ်လို့ အဲဒီအဖွဲ့ရဲ့တာဝန်ခံ ကပြောပါတယ်။

အဖွဲ့မှာ လက်နက်ခဲယမ်းမပြည့်စုံတာကြောင့် မိမိတို့လုပ်ချင်တဲ့ Mission တွေကို မလုပ်နိုင်တော့တာ၊ Local PDF ဖြစ်လို့ မိမိတို့ကိုယ်တိုင်ပဲ ရုန်းကန်နေရတာ၊ အရင်ကရှိခဲ့တဲ့ ဒရုန်းတွေကိုလည်း ရောင်းချခဲ့ရတာတွေကြောင့် အခုလိုအဖွဲ့ကို ဖျက်သိမ်းလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

"အဖွဲ့ထဲမှာ အချင်းချင်းအဆင်မပြေမူတွေ မရှိခဲ့ဘူး။ ကျနော်တို့မှာက လက်နက်အစစ် မရှိဘူး။ ကိုယ်တိုင်ထုတ်လုပ်တဲ့ လက်လုပ်သေနတ် တထောင့်ထိုး၊ မိုင်း၊ ၆၀ မမတွေပဲရှိတာ။ အဲတာတွေနဲ့ပဲ mission တွေ လုပ်ဆောင်ခဲ့ကြတာ" လို့ SKY HERO (LPDF) တာဝန်ခံ ကိုထက်ရှားက ပြောပါတယ်။

အဖွဲ့မှာ ဒရုန်း ၃ စီးပိုင်ဆိုင်ခဲ့ရပေမယ့် တိုက်ပွဲအတွင်း ဒရုန်း ၂ စီး ဖျက်ချခံလိုက်ရသလို ကျန်တဲ့ ၁ စီးကိုလည်း မေလအတွင်းမှာ စားနပ်ရိက္ခာ အတွက်ရယ်၊ လက်နက်ကြီး၊ မိုင်းတွေထုတ်လုပ်နိုင်ဖို့အတွက် ရောင်းချခဲ့ရ တယ်လို့ ကိုထက်ရှားကပြောပါတယ်။

လက်ရှိမှာအဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဆိုပေမယ့်လည်း တော်လှန်ရေးထဲက လုံးဝထွက်ခွာတာမျိုးမဟုတ်ဘဲ အဖွဲ့သားအချင်းချင်းတိုင်ပင်ပြီးတော့ တခြား PDF အဖွဲ့တခုရဲ့ လက်အောက်ကို ဝင်ချင်လည်းဝင်သွားမယ်(သို့) နောက်ထပ်အဖွဲ့ အသစ်တခုထူထောင်ပြီးတော့ စစ်အာဏာရှင်ကို တော်လှန်သွားဦးမယ်လို့ သူက ဆိုပါတယ်။

SKY HERO ကို ၂၀၂၂၊ စက်တင်ဘာလမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး တော်လှန်ရေးကာလ ၁ နှစ် နီးပါးအတွင်း Drone mission တွေ၊ လက်နက်ကြီး mission တွေ စုစုပေါင်း ၃၀ ဝန်းကျင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ သူက ဆက်ရှင်းပြပါတယ်။ 

အဆိုပါအဖွဲ့ဟာ မတ္တရာမြို့နယ်အခြေစိုက်ဖြစ်ပေမယ့် တိုက်ပွဲတွေကို တခြား PDF အဖွဲ့တွေနဲ့ပူးပေါင်းပြီး မတ္တရာ၊ စစ်ကိုင်း၊ သပိတ်ကျင်း၊ စဉ့်ကူးမြို့နယ်တွေအထိ ပါဝင်လှုပ်ရှားခဲ့တဲ့ အဖွဲ့အစည်းတခုလည်းဖြစ်ပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မတ္တရာ #SKYHERO(LPDF) #လက်နက် #ရိက္ခာ  #LocalPDF #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10