လက်ပန်လှကျေးရွာ လေကြောင်းတိုက်ခံရပြီး အမျိုးသမီး ၁ ဦး ထပ်မံသေဆုံးကာ ၉ ဦးဒဏ်ရာရ

လက်ပန်လှကျေးရွာ လေကြောင်းတိုက်ခံရပြီး အမျိုးသမီး ၁ ဦး ထပ်မံသေဆုံးကာ ၉ ဦးဒဏ်ရာရ

စဉ့်ကူးမြို့နယ်၊ လက်ပန်လှကျေးရွာကို စစ်တပ်က လေကြောင်းနဲ့ထပ်မံတိုက်ခဲ့တာကြောင့် ပြည်စိုးအောင် ရပ်ကွက်ထဲကိုကျပြီး အမျိုးသမီး ၁ ဦးသေဆုံးကာ ၉ ဦး ဒဏ်ရာရခဲ့တယ်လို့  စဉ့်ကူးမြို့နယ်ပကဖဆီက သိရပါတယ်။

ဇူလိုင် ၁၇ ရက် ညနေ ၆ နာရီမှာ လက်ပန်လှကျေးရွာ၊ ပြည်စိုးအောင်ရပ်ကွက်ကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့တာကြောင့် အသက် ၆၇ နှစ် အရွယ် ဒေါ်ညိုသေဆုံးခဲ့ပြီး အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၆ ဦး ထိခိုက်ဒဏ်ရာတွေရရှိကာ အဲဒီအထဲက အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာပြင်းထန်တယ်လို့ မြို့နယ်ပကဖ သတင်းတာဝန်ခံက ပြောပါတယ်။

ဇူလိုင် ၃ ရက်မှာ ပင်လယ်ကြီးစစ်တပ်ဂိတ်ကို PDF တွေက ဝင်ရောက်တိုက်ခိုက်ချိန် စစ်တပ်က အဲဒီစစ်တပ် ဂိတ်ရဲ့ တောင်ဘက် တမိုင်ခန့်ဝေးတဲ့ လက်ပန်လှကျေးရွာကို လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ ပြုလုပ်ခဲ့ရာမှာ အမျိုးသမီး ၃ ဦးသေဆုံးခဲ့ပါသေးတယ်။ 

ဒေသခံတဦးကတော့ "တိုက်ပွဲလည်း မရှိဘူး။ ရဲစခန်းနဲ့လည်းဝေးတယ်။ ပြည်စိုးအောင်ရပ်ကွက်က လက်ပန်လှ တောင်ဘက် အဝင်မှာရှိတာ။ သပ်သပ်ယုတ်မာပြီး ပြည်သူတွေ ထိခိုက်အောင်လုပ်တာ" လို့ ဆိုပါတယ်။

နယ်မြေအခြေအနေ အနည်းငယ်ပြန်ငြိမ်တာကြောင့် ဒေသခံအများစု နေအိမ်ထဲပြန်ဝင်ပြီးချိန်မှာ အခုလို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တာလို့ မြို့ခံတွေက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း စစ်ကောင်စီက စဉ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်ထဲကို တရစပ် လေကြောင်းတိုက်ခိုက်တာ တွေပြုလုပ်နေပြီး မနေ့ကလည်း မတ္တရာမြို့နယ်၊ ကျောက်တံတားကျေးရွာကို လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပုံစာ - ဇူလိုင် ၃ ရက်က လက်ပန်လှကျေးရွာမှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များ။ 

သတင်း-N၊ စာတည်း-လင်းဇေ

#မြေလတ်အသံ

#စဉ့်ကူးမြို့နယ် #လက်ပန်လှကျေးရွာ #စစ်တပ် #လေကြောင်း #ပြည်စိုးအောင် #အမျိုးသမီး #ပကဖ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10