လက်ပံတန်းမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းက ကျေးရွာနှစ်ရွာကိုမီးရှို့

လက်ပံတန်းမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီစစ်ကြောင်းက ကျေးရွာနှစ်ရွာကိုမီးရှို့

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာအရှေ့ဘက်ထန်းတောနဲ့ ဘုရားကြီးတောင်ကြားမှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ခဲ့ပြီးနောက် ကျေးရွာနှစ်ရွာကို စစ်ကောင်စီအဖွဲ့က မီးရှို့သွားတယ်လို့ ထန်းတပင်မြို့နယ်ပကဖဆီက သိရပါတယ်။

ဩဂုတ် ၂၆ ရက် မနက် ၇ နာရီလောက်ကနေ ညနေ ၅ နာရီခန့်ထိ စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီအင်အား ၁၀၀ ကျော်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။ 

"စကစ စစ်ကြောင်းက ပြီးခဲ့တဲ့ရက်က အထိနာထားတော့ အခဲမကျေဘဲ ထပ်ဝင်လာရာကနေ တနေကုန် တိုက်ပွဲဖြစ်တာ။ ညနေလောက်မှာ စကစဘက်က အင်အားထပ်တိုးလာလို့ တော်လှန်ရေးအဖွဲ့တွေဘက်က နောက်ဆုတ်ပေးလိုက်ရတာ။" လို့ လက်ပံတန်းမြို့နယ် ပကဖတာဝန်ခံက ပြောပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးများပေမယ့် အတိအကျမသိရသေးဘဲ တော်လှန်ရေးအဖွဲ့တွေဘက်က ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားပြီးနောက် သြဂုတ် ၂၆ ရက် ည ၉ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေက အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ အုတ်ဖိုစုကျေးရွာနဲ့ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ရေငံရွာကို မီးဝင်ရှို့ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ကမီးရှို့လို့ အုတ်ဖိုစုရွာက တရွာလုံးနီးပါး နေအိမ်တွေမီးလောက်ပျက်စီးသွားသလို ရေငံရွာက အိမ်ခြေထက်ဝက်ကျော်မီးလောင်လို့ ကျေးရွာနှစ်ရွာပေါင်း အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ပျက်စီးသွားနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။

ဩဂုတ် ၂၈ ရက် ဒီမနက်ပိုင်းမှာ စစ်ကောင်စီအဖွဲ့တွေဟာ ထန်းပင်ချောင်ကျေးရွာမှာ တပ်စွဲနေထိုင်နေလို့ ဒေသခံတွေက မီးလောင်ပျက်စီးမှုအခြေနေကို ဝင်မကြည့်ရဲကြသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုး မီးဝင်ရှို့နေလို့ ရေငံ၊ အုတ်ဖိုစု၊ ထန်းပင်ချောင်ကျေးရွာတွေအပါအဝင် ကျေးရွာ ၅ ရွာက ဒေသခံ ၁၀၀၀ ကျော်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက်ကလည်း ရေငံကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကူလာတဲ့စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့် ၁ ဦးအပါ ၂၀ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၀ ဦးဖမ်းမိကာ လက်နက်မျိုးစုံနဲ့ ကျည်ဆန်တွေ သိမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #လက်ပံတန်း #စစ်ကောင်စီ #စစ်ကြောင်း #မီးရှို့  #တိုက်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10