လက်ပံတံခါး နယ်မြေရဲစခန်းကို PDF တွေတိုက်ခိုက်၊ လက်နက်အင်အားမမျှလို့ စခန်းမသိမ်းနိုင်ပေမဲ့ စစ်အုပ်စုဘက်က ၅ ဦး သေဆုံးဟုဆို

လက်ပံတံခါး နယ်မြေရဲစခန်းကို PDF တွေတိုက်ခိုက်၊ လက်နက်အင်အားမမျှလို့ စခန်းမသိမ်းနိုင်ပေမဲ့ စစ်အုပ်စုဘက်က ၅ ဦး သေဆုံးဟုဆို

မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ လက်ပံတံခါးကျေးရွာရှိ နယ်မြေရဲစခန်းကို စက်တင်ဘာ ၂၆ရက် ဒီကနေ့မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ PRA Magway က ပြောပါတယ်။

အဲ့ဒီရဲစခန်းမှာ စစ်ကာင်စီတပ်နဲ့ ရဲတပ်ဖွဲ့ ၃၀ ဦးကျော် အထိုင်ချတပ်စွဲနေတာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားချိန် ၄၅ မိနစ်ခန့်အတွင်း ရဲစခန်းအတွင်း ဗဟိုကင်းဘန်ကာနဲ့ မီတာ ၃၀ အကွာအထိ ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့ပေမယ့် လက်နက်အင်အားမမျှလို့ စခန်းကိုမသိမ်းပိုက်နိုင်ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။

" သူတို့(စစ်အုပ်စု) ဘန်ကာတွေထဲက စက်လက်တွေ၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ်ပြန်ပစ်တယ်။ ကျနော်တို့ဘက်က ကျည်ကွယ်၊ မျက်ကွယ်မရှိဘူး" လို့ People's Revolution Alliance (Magway)မှ စစ်ဦးစီးချုပ် ဟာကြူလီက ပြောပါတယ်။

ရဲစခန်းသိမ်းပိုက်နိုင်ခြင်းမရှိပေမယ့် တိုက်ပွဲအတွင်းစစ်အုပ်စုတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းပေးပို့ချက်တွေကို ကိုးကားပြီးတော့ PRA စစ်ဦးစီးချုပ် က ဆက်ပြောပါတယ်။

လက်ပံတံခါးနယ်မြေရဲစခန်းဟာ စခန်းပတ်လည်မှာ ဘန်ကာ ၇ ခုတည်ဆောက်ကာ စစ်အုပ်စု အခိုင်အမာတပ်စွဲထားတဲ့စခန်းဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ဒီစခန်းကို ပထမဆုံးအကြိမ် တိုက်ခိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ရဲစခန်းတိုက်ခိုက်ခံရပြီးတဲ့နောက် ဆင်ပေါင်ဝဲမြို့နယ်၊ ပိတောက်ကန်ရွာအခြေစိုက် ကပစ ၁၃ က စစ်ကောင်စီတပ်က စစ်ကား ၃ စီးနဲ့ ရောက်ရှိလာကာ ရဲစခန်းအနီးဝန်းကျင် ကျေးရွာတွေကို ဝင်ရောက်ရှာဖွေတာ၊ မေးမြန်းတာတွေ လုပ်နေကြတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA Magway)၊ အထက်မင်းလှပကဖ၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မကွေး ပကဖ)၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF)၊ Key of Revolution ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၇ ရက်ကလည်း မင်းလှမြို့နယ်အခြေစိုက် ကပစ-၁၀ ကို ကာကွယ်ရေး မဟာမိတ်တပ်တွေက ၁၀၇ မမ ရှော့တိုက်ဒုံး ၂  လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။ 

ပုံစာ - တပ်ဖွဲ့တည်ထောင်ခြင်း ၂ နှစ်ပြည့်၊ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်က စစ်ရေးပြအခမ်းအနားတွင် တွေ့မြင်ရသည့် PRA မကွေးတပ်ဖွဲ့ဝင်များ။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#မကွေး #မင်းလှ #နယ်မြေရဲစခန်း #တိုက်ခိုက်ခံရ #စစ်အုပ်စု #ထိခိုက်သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10