လက်ပံရဲရာ ပေါက်ရဲရာ အောက်ချင်းငှက်များ ပျံသန်းရာ

လက်ပံရဲရာ ပေါက်ရဲရာ အောက်ချင်းငှက်များ ပျံသန်းရာ

မထုံးချောင်းလေးရဲ့ ကမ်းတနေရာ မင်းတုန်းမြို့လေးမှာ ၇၅ နှစ်မြောက် ချင်းအမျိုးသားနေ့ကို မလုပ်ဖြစ်တော့ဘူးလို့ သိလိုက်ရသည်။ မင်းတုန်းမြို့လေးဆီ ကျနော် မရောက်ဖြစ်တော့ပါ။ ဘယ်တော့ပြန်ရောက်မည် ဆိုတာလည်း မသိတော့ပါ။

ဖေဖော်ဝါရီ လလယ်ကိုကျော်တော့ လက်ပံရဲရဲ၊ ပေါက်ပွင့်ရဲရဲတို့ကို မြင်ရသည်။ ပူပြင်းခြောက်သွေ့သော မြေလတ်မကွေးဒေသမှာ နွေဦးက အမြဲပင်စောစီးစွာ ကျရောက်တတ်သည်။ လမ်းဘေးဝဲယာ မြေမှုန့်ဖွားဖွား ဖုန်မှုန့် မအားတယားနဲ့ မွှန်နေတတ်ပြီး ရိုးပြတ်ယာခင်းဆီက လွှင့်ပျံ့လာတတ်သည့် မတ်ပဲခင်းခြောက် ရနံ့တို့က ကျနော်ကို တနှစ်တခါ လှုပ်နှိုးတတ်သည်။

လွန်ခဲ့သောနှစ်များဆီက ဖေဖော်ဝါရီရောက်တိုင်း သတင်းစကား ပါးပို့သမှု တခုကို ကျနော်တို့ ရတတ်သည်။ ချစ်သောမိတ်ဆွေများက ပို့သသော သတင်းစကားပဲဖြစ်သည်။ ချစ်ရသော ချင်းတိုင်းရင်းသားများနဲ့ မိတ်ဆွေတချို့က သူတို့ဒေသတွေဆီမှာ ချင်းအမျိုးသားနေ့ကို ကျင်းပကြမည်ဖြစ်ရာ ကျနော်တို့ကို အမြဲခေါ်ကြ ပျော်ကြသည်။

မကွေးတိုင်းထဲက ချင်းအမျိုးသားနေ့တွေကို နှစ်စဉ်အလိုက် ကံမ၊ အောင်လံ၊ မင်းတုန်း၊ ပန်းတောင်း၊ တို့ဆီက ရွာတွေမှာ ပြုလုပ်လေ့ရှိသည့် အခမ်းအနားများကို ရောက်ခဲ့ရဖူးသည်။ အမှတ်တရများစွာလည်း ရှိခဲ့ဖူးပါသည်။ မှတ်မှတ်ရရကတော့ မင်းတုန်းမြို့ဆီက ချင်းအမျိုးသားနေ့ပင် ဖြစ်သည်။

မြန်မာနိုင်ငံထဲက မြေလတ်ဒေသဖြစ်သည့် မင်းတုန်း၊ ကံမ နယ်တဝိုက်က ဒေသခံတွေရဲ့ စကားပြောဆိုဝဲ(ကျနော်တို့ အခေါ်) ပုံက ဘယ်နေရာနှင့်မှ မတူ။ တချို့အသုံးလေးတွေကလည်း တမျိုးထူးသည်။ 

ဆိုပါစို့ရဲ့ လိုင်းကားစီးဖို့ လမ်းမပေါ် ရပ်စောင့်နေသည့် မင်းတုန်း-ကံမ အမျိုးသမီးကြီးတယောက်ကို ကားစပါယ်လေးက “အဒေါ်ကားနဲ့ လိုက်မှာလား လိုက်ရင် တက်…တက်” လို့ ခေါ်သည်ဆိုပါစို့။ မင်းတုန်းသူကြီးက “မလိုက်ရင် မောင်…….” ဆိုပြီး ခပ်ဝဲဝဲ ပြန်ပြောပေလိမ့်မည်။ မကြုံဖူးသူအဖို့ “မလိုက်တော့ဘူး မောင်း” လို့ ထင်ပေမည်။ မဟုတ်ပါအဆွေ။ သူတို့အသုံးက တခုခုကို “မစားရင်…….” မလိုက်ရင်……….” “မသောက်ရင်……” ဆိုပြီး သုံးကြသည် အဲနောက်မှာမှ “မောင်….” ဆိုပြီး သားတွေ တူတွေ လူငယ်တွေကို ခေါ်တတ်သည်။ 

နောက်တခုအသုံးက တခုခုကို ထောက်ခံသည်ဆိုပါစို့။ ကျနော်တို့လို “ဟုတ်တယ်”။ “ဟုတ်ပါ့” ဒါမျိုးကိုမသုံးကြ။ “ဒါဘီ……” ဆိုပြီး “ဘီ” သံမှာ သံဖိနဲ့ စွဲခေါ်သွားတတ်သည်။ နောက်အသုံးများစွာ ရှိသေးသည်။ ကိန်းဂဏာန်း ၇ ကို “ခွန်” လို့ မသုံး “ခွင်” လို့ သုံးသလို၊ “ကြက်ဥ” ကိုလည်း “ကြစ်ဥ” အဲလိုမျိုး ခေါ်ကြသလို “တ” နဲ့ “သ” သံကို မကွဲ “သီး” နဲ့ “ဒီး” ကိုလည်း မကွဲ။

ဒီစာလုံး အသုံးကတော့ ကျနော် အတော် မှတ်မိသည်။ နားနဲ့မနာ ဖဝါးနဲ့ နာပါ။ ရိုင်းသည်ဟု မထင်စေလို။ ဓလေ့အသုံးလေးတခုကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ရေးပြခြင်းသာပါ။ အဒေါ်ကြီးတွေက သူတို့ တူသားတွေကို စိတ်တအားဆိုးလို့ ဆုံးမဆဲဆိုသည့်အခါမှာ “သောက်ချီးရက်..(ရပ်)” အဲလိုသုံးကာ ကျောပြင်ကို လက်နဲ့သာနာနာထုတော့သည်။

နွေဦးရဲ့ ဖေဖော်ဝါရီမှာ ချင်းအမျိုးသားနေ့ကို ကျနော် ရောက်ဖြစ်ခဲ့ရာ ဒေသတွေမှာ ကြားခဲ့ အမှတ်ရနေခဲ့တာလေးတွေ ဖြစ်သည်။ မင်းတုန်းနယ်တဝိုက်မှာ လက်ပံတွေပေါသည်။ မထုံးချောင်းလေး ဘေးဝဲယာနဲ့ လယ်ယာစိုက်ခင်း တောရိုးခင်တန်းတွေဆီမှာ လက်ပံတွေ ရဲနေအောင် ပွင့်ကြသည်။ ပေါက်ပန်းရဲရဲ အဆုပ်လိုက်တွေကိုလည်း တွေ့ရတတ်သည်။

မင်းတုန်းမြို့လေးက ရခိုင်ရိုးမကို နောက်ကျောပေးလို့ မြို့ကွက်ကျဉ်းကျဉ်းမှာ တောင်ဆင်းတောင်တက် တောင်လှေခါး လမ်းအထပ်လေးတွေနဲ့ တောင်ပေါ်မြို့လေးလို ရှုစဖွယ်ချစ်ဖွယ်။ တောမြို့လေးမို့ အထင်မသေးလိုက်ပါနဲ့ အဆွေ မြို့ကြီးပြကြီးက ပညာတတ် စီးပွားရေးသမားတွေကို မေးလိုက်ပါက မင်းတုန်းနယ်တဝိုက်က ချည်းဖြစ်သည်။ ပြည်မြို့လို နာမည်ကြီး မြို့မျက်နှာဖုံး စီးပွားရေးသမားတွေကို မေးကြည့်ပါက မင်းတုန်းနယ်တဝိုက်က ဖြစ်ကြသည်။

ထိုနယ်တဝိုက်တွင် ဗမာ၊ ချင်း၊ ကရင်၊ ရခိုင် နဲ့ အခြား တိုင်းရင်းသား မျှတစွာ နေထိုင်ကြသည်။ ရခိုင်ရိုးမတောထဲမှာ အခြေချနေတတ်သည့် တောင်ပေါ်ချင်း(ခေါ်) ချင်းနားပေါက်ကျယ်တွေ ရံဖန်ရံခါ ဆင်းလာတတ်ပြီး တောင်ယာသီးနှံနှင့် ဆေးဖက်ဝင်သစ်ဥသစ်ဖု နဲ့ အမဲလိုက်ထားသည့် တောကောင်လေးတွေကို လာရောက် ရောင်းချတတ်သည်။

ချင်းအမျိုးသားနေ့တွေကို ကျနော် နောက်ဆုံး ကြုံဆုံ ဆင်နွဲခွင့်ရခဲ့တာက ၂၀၁၈ ခုနှစ်က မင်းတုန်းမြို့နယ်၊ အင်းလယ်ကုန်း ချင်းရွာလေးမှာ ပြုလုပ်တဲ့ ၂၀၁၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ နှစ် ၇၀ မြောက် ချင်းအမျိုးသားနေ့မှာ ဖြစ်သည်။ မင်းတုန်းမြို့အဝင် --- ရွာမှာ ပြုလုပ်ခဲ့တာ ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မဲအနိုင်ရပြီး အစိုးရလုပ် အုပ်ချုပ်နေစဉ် မကွေးတိုင်း တိုင်းရင်းသားဝန်ကြီးအဖြစ် ချင်းတိုင်းရင်းသားဝန်ကြီးကို ခန့်အပ်ထားပြီး တိုင်းဒေသလုံးဆိုင်ရာ ချင်းအမျိုးသားနေ့ကို အဲနေရာမှာ ပြုလုပ်ပေးသည်။

မိတ်ဆွေတဦးရဲ့ ဖိတ်ကြားချက်အရ ပုသိမ်-မုံရွာ ကားလမ်းနဘေးက သူအိမ်ကလေးမှာ အရင် ခဏနားကြပြီး ပွဲကျင်းပသည့် အင်းလယ်ကုန်းရွာ ချင်းတိုင်းရင်းသားတဦးအိမ်မှာ ညအိပ်ကြရသည်။ နွေဦးပေမယ့် ချမ်းလိုက်သည့်ဖြစ်ခြင်း အိမ်ထဲမီးဖိုရှိနေသည့်တိုင် ပါလာသည့် ဧည်သည်တယောက်က ချမ်းရှာလွန်းလို့ အိမ်အောက်သို့ မဆင်းနိုင်ဘဲ အိမ်ပေါ်ထပ်မှာပင် အပေါ့စွန့်မိသွားခဲ့ရသည်။ ကျနော်တို့မှာ အိမ်ရှင်ကိုအားနာလှပါဘိ။

မနက်မလင်းခင်တော့ ကျနော်တို့ ဓါတ်ပုံရိုက်မည့်သူများ ဝိရိယရှိစွာ မင်းတုန်းမြို့လေးရဲ့ဘေး မထုံးချောင်းလေးဆီ အပြေးသွားကာ ဓါတ်ပုံတွေ ရိုက်ကြပါသည်။ မထုံးချောင်းလေးအကြောင်းကိုတော့ ကျနော် သက်သက်ပြောပြရေးပြပါအုံးမည်။ နေမြင့်တော့ အခမ်းအနားကို မသွားခင် မင်းတုန်းဈေးလေးဘေးက လက်ဖက်ရည်ဆိုင်လေးမှာ ထိုင်ရင်း ဈေးထဲလာရောက် ရောင်းချကြသည့် ဒေသခံတောင်သူတွေကို တမေ့တမော ငေးမိပြန်ပါသည်။

သရက်ဖူးတွေကတော့ ဖွေးဖွေးလှုပ်အောင် ဝေနေပြီ။ မိတ်ဆွေတယောက် ငယ်စဉ်က နေထိုင် ကစားဖူးရာနေရာတွေ ကိုရင်ဝတ်ခဲ့ရာ ဘုန်းကြီးကျောင်းတွေကို လိုက်ကြည့်ခွင့်ရသည်။ မြန်မာမှုလက်ရာတွေ များစွာကျန်နေသေးသည်။ မထုံးချောင်းကလေးက မင်းတုန်းမြို့လေးကို ရှေ့မှနောက်မှသည် ကွေ့ဝိုက်စီးဆင်းနေတော့သည်။

အခမ်းအနားမှာတော့ အစိုးရအစီအမံဖြင့် လာရောက်ကြသည့် ဧည့်သည်တွေရှိသလို မြို့နား ရွာစပ်၊ ဆီကလည်း ကိုယ်အစီစဉ်ဖြင့် လာကြသည်။ ထိုထိုသောပွဲမှာ ရခိုင်ရိုးမထဲက ဆင်းလာကြသည့် ချင်းနားပေါက်ကျယ် အမျိုးသမီးကြီးတွေကို ချည်ထည် ပလိုင်း ခြေဗလာနဲ့ ကျနော်တွေ့မြင်ခဲ့ရသည်။ ချင်းတိုင်းရင်းသားများနည်းတူ အခြားတိုင်းရင်းသားများရဲ့ ဘဝအနာဂတ်တွေက မလှပသေး တိုင်းရင်းသားအခွင့်အရေးတွေက မပြည့်ဝသေး၊ အစစအရာရာ နွမ်းပါးခက်ခဲနေမှုများက ရှိနေဆဲ။

အခမ်းအနားမှာတော့ ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံနဲ့ ချင်းတိုင်းရင်းသား သူရဲကောင်းတွေအကြောင်း ပြောဆိုကြသည်။ တကယ်တော့လည်း ချင်းအမျိုးသားတို့သည် လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ ဒီမိုကရေစီတိုက်ပွဲတိုင်းမှာ အခြားတောင်တန်းပြည်မ တိုင်းရင်းသားများနည်းတူ ရှေ့တန်းကနေ ပါဝင်တိုက်ပွဲဝင်ခဲ့ကြသည်။ 

နယ်ချဲ့တော်လှန်ရေး၊ အမျိုးသားလွတ်မြောက်ရေးတို့ရဲ့ အမှတ်လက္ခဏာ ချင်းအမျိုးသားထု တရပ်လုံး သွေးစည်းညီညွတ်မှုဖြင့် မျိုးနွယ်စုအကြီးအကဲများ အုပ်ချုပ်သည့် စနစ်ဟောင်းမှ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဒီမိုကရေစီစနစ်ကို ကူးပြောင်းရန် ကြိုးပမ်းအားထုတ်မှုကို ဖော်ညွှန်းသတ်မှတ်တာတွေ စုပေါင်းပြီး ချင်းအမျိုးသားနေ့ကို ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကို သတ်မှတ်ခဲ့သည်လို့ ဆိုကြသည်။ အခြား ဖော်ညွှန်းမှု များစွာလည်း ရှိနေနိုင်ပါသည်။ 

ချင်းအမျိုးသား သမိုင်းတလျှောက်မှာတော့ ဦးဝမ္မသူးမောင်း၊ ဆလိုင်းတင်မောင်ဦးတို့လို အာဇာနည်သူရဲကောင်းများ ပေါ်ထွန်းခဲ့ဖူးသည်မဟုတ်လား။ အခြားသောထင်ရှားသည့် အာဇာနည်သူရဲကောင်းများ အများအကျိုးသယ်ပိုးနေသည့် သူများစွာလည်း ပေါ်ထွန်းခဲ့ပါသေးသည်။ 

ယခုလို နွေဦးတော်လှန်ရေးဖြစ်သည့် စစ်အာဏာသိမ်းမှုကို တော်လှန်ရာမှာလည်း တူမီးတလက်နဲ့ ချင်းတောင်တန်းတွေထဲ ရဲရဲတောက် ကြံ့ကြံ့ခိုင်ခိုင်နဲ့ ပြောက်ကျားနည်းစနစ်များနဲ့ တိုက်ပွဲဝင်နေကြသည်မှာလည်း ချင်းတိုင်းရင်းသားများပင် ဖြစ်သည်။

တော်လှန်ရေးများကို အခြေခံကာ ပေါ်ပေါက်လာခဲ့သည့် ချင်းအမျိုးသားနေ့က ၇၅ နှစ်ဆိုသည့် စိန်ရတုသို့ တိုင်ခဲ့ပြီ။ လက်ပံတို့သည် ရဲရဲပွင့်မြဲ၊ ပေါက်ပန်းပွင့်တို့သည့် ရဲရဲပွင့်မြဲ၊ ဖေဖော်ဝါရီလ ရာသီကလည်း ရောက်လာမြဲပင်။ 

တကြော့ပြန် စစ်အာဏာသိမ်းမှုမှ အစပြုခဲ့သည့် နွေဦးတော်လှန်ရေးသည်လည်း ဖေဖော်ဝါရီမှာ အစပြုခဲ့ရပြီ။ ချင်းအမျိုးသားနေ့ကို မင်းတုန်းမြို့လေးနည်းတူ တခြားဒေသတွေမှာလည်း ပျော်ရွှင်ခမ်းနားစွာ မကျင်းနိုင်ကြတော့ပေ။

တခြားတဖက်မှာတော့ ချင်းအမျိုးသားနေ့၏ အနှစ်သာရဖြစ်သည့် တော်လှန်ရေးသည် နွေဦးတော်လှန်ရေးတွင် ထဲထဲဝင်ဝင် ပူးပေါင်းဆင်နွှဲနေသည်။ ချင်းတိုင်းရင်းသားတို့၏ တိုက်ပွဲများနှင့် ပေးဆပ်မှုတို့က လက်ပံပွင့်ရဲရဲ၊ ပေါက်ပွင့်ရဲရဲ တို့လို့ ရဲရင့်နေသည်။ တပွင့်ကြွေလို့ တခက်ဝေနေကြသည်။ ဖေဖော်ဝါရီလသည် သမိုင်းတွင် ကျန်ရစ်နေအုံးမည်။ အောက်ချင်းငှက်သည် သစ္စာတရားဖြင့် ပျံသန်းနေဆဲ ဖြစ်သည်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10