လက်ဖက်ရည်သောက်နေတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး သေဆုံး

လက်ဖက်ရည်သောက်နေတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ သစ်တပွေရပ်ကွက်၊ ရွှေဘုံသာရပ်၊ သခင်ဖိုးလှကြီးလမ်း‌ပေါ်ရှိ ပိတောက်ဖူး လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင် ၁၃ ရက် မနက်နာရီ ၇ ခွဲခန့်မှာ ရွာသစ်ရပ်ကွက်အုပ်ချုပ်ရေးမှူး အသက် ၅၀ နှစ်အရွယ် ဦးသန်းထွေး က အဖော်ဖြစ်သူတွေနဲ့အတူ လက်ဖက်ရည်ဆိုင်ထိုင်နေချိန်မှာ သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

"သိရသလောက် သူတို့ (အုပ်ချုပ်ရေးမှူးအဖွဲ့) ရောက်လာပြီး လက်ဖက်ရည်သောက်နေချိန် သူတို့ကို ပစ်မယ့်သူတွေက အခြားဝိုင်းမှာရှိနေတာတဲ့။ နောက်မှ အုပ်ကြီးကို အနီးကပ်ပစ်ပြီးဆိုင်ထဲက ထွက်သွားတယ်လို့တော့ သိရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူး ဦးသန်းထွေးမှာ ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ၊ ပါး ကျည်ထိဒဏ်ရာရ သေဆုံးခဲ့ကာ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီအဖွဲ့တွေရောက်လာပြီး စစ်ဆေးကာ အလောင်းကိုသယ်သွားတယ်လို့ သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကိုတော့ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့မတ် ၂၀ ရက်ကလည်း ရေနံချောင်းမြို့နယ်၊ အုတ်ရှစ်ကုန်းကျေးရွာသွားလမ်းပေါ်မှာ အုတ်ရှစ်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စာရေးဖြစ်သူတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေနံချောင်း #အုပ်ချုပ်ရေးမှူး #အသတ်ခံရ #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10