လက်ရုံးတပ် ညွှန်ကြားရေးမှူးတွေအပါ စစ်တပ်ထိပ်ပိုင်းနေရာတချို့ ထပ်မံလူစားလဲ

လက်ရုံးတပ် ညွှန်ကြားရေးမှူးတွေအပါ စစ်တပ်ထိပ်ပိုင်းနေရာတချို့ ထပ်မံလူစားလဲ

စစ်ကောင်စီတပ်ရဲ့ စစ်လက်ရုံးတပ်ညွှန်ကြားရေးမှူး စစ်ဗိုလ်ချုပ်တွေ အပါအဝင် စစ်တပ်ထိပ်ပိုင်းနေရာ တချို့ကို ထပ်မံအပြောင်းအလဲလုပ်ဆောင်တယ်လို့ နေပြည်တော်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူး ဗိုလ်ချုပ် သက်အောင်၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထွန်းထွန်းဦး၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင် ၊ သံချပ်ကာနှင့်ယန္တရားတပ်ဖွဲ့ညွှန်ကြားရေးမှူးနဲ့ နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်တို့ကို အရံအင်အားကို ပို့ဆောင်ခဲ့တာပါ။

ရာထူးမှဖယ်ရှားခံရသည့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်။

လစ်လပ်သွားတဲ့ အမြောက်တပ်ဖွဲ့ညွှန်ကြားရေးမှူးနေရာကို မိုးခွန်မြို့အခြေစိုက် အမှတ် ၉၀၉ အမြောက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထင်ကျော်စိုး ၊ ဆက်သွယ်ရေးညွှန်ကြားရေးမှူးအဖြစ် ပြင် ဦးလွင်မြို့ တပ်မတော်အီလက်ထရောနစ်နှင့်ဆက်သွယ်ရေးကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ရဲမြင့်နိုင် ၊ စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူးအဖြစ် ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းမြတ် ၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးအဖြစ် စစ်ထောက်ချုပ်ရုံးမှ ဗိုလ်မှူးချုပ် တင်စိုး၊ သံချပ်ကာနဲ့ ယန္တရားတပ်ညွှန်ကြားရေးမှူးအဖြစ် ဒု-ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ထူးမြတ်တိုး တို့ကို အသီးသီး ခန့်အပ်ခဲ့ပါတယ်။

“ အရင်က အခုလို ပထမ လေးလပတ်ကာလပြီးရင်လည်း အပြောင်းအရွှေ့ဘုတ်တွေ ထွက်တာရှိတယ်။ ခုက လေးလပတ်မလုပ်နိုင်တာကြာပြီ။ အရေးကြီးတဲ့သူတွေလောက်ပဲ ခေါ်တွေ့ပြီး အပြောင်းအရွှေ့တွေ လုပ်တာများတယ်” လို့ နေပြည်တော်စစ်ရုံးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက ပြောပါတယ်။

အရံအင်အားသို့ရောက်ရှိသွားသည့် စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင်။
အရံအင်အားသို့ရောက်ရှိသွားသည့် စစ်လက်နက်ပစ္စည်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင်။

တခါ နေပြည်တော်တိုင်းမှူးနေရာကို ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်(ကရခ) တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း က ရောက်ရှိသွားပြီး လစ်လပ်သွားတဲ့ ကရခတိုင်းမှူးအစား လယ်ဝေးအခြေစိုက် ၊ စကခ ၆ တပ်မမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းကို ပြောင်းရွှေ့ခန့်အပ်လိုက်ပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဗိုလ်ချုပ် ကိုလေး ကို ခန့်အပ်တယ်လို့ ယမန်နေ့ ညပိုင်းမှာ စစ်တပ်ဝါဒဖြန့်မီဒီယာတွေမှာ ထုတ်ပြန်လာပါတယ်။

အရန်အင်အားသို့ပို့ခံရသည့် ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထွန်းထွန်းဦး။

ကျားဖြန့်နဲ့ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံရတာကြောင့် လစ်လပ်သွားခဲ့တဲ့နေရာ ယခင်ဒုဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်းအစား ဒုတိယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်ဖြစ်တဲ့ ဗိုလ်ချုပ် ကိုလေး ကို ခန့်အပ်ခဲ့တာပါ။

နေပြည်တော်က စစ်ခေါင်းဆောင်တွေဟာ တိုင်းမှူး ၊ တပ်မမှူးတွေကို ဖြုတ်ချတာ၊ နေရာပြောင်းရွှေ့တာ တွေကို မကြာခဏပြုလုပ်နေတဲ့အပြင် စစ်ဆင်ရေးတွေကို တိုက်ရိုက်လိုက်ပါဆောင်ရွက်ရတဲ့ လက်ရုံး တပ်တွေဖြစ်တဲ့ အမြောက်၊ သံချပ်ကာ၊ ဆက်သွယ်ရေးနဲ့ ထောက်ပို့တပ် ညွှန်ကြားရေးမှူးတွေကိုပါ လူစားထိုး ခန့်အပ်တာတွေ လုပ်ဆောင်လာတာပါ။ 

ပုံစာ - အရန်အင်အားကို ပို့ဆောင်ခံလိုက်ရသည့် အမြောက်တပ်၊ ဆက်သွယ်ရေး၊ ထောက်ပံ့ပို့ဆောင်ရေး၊ သံချပ်ကာယန္တရားတပ်ဖွဲ့ ညွှန်ကြားရေးမှူး စစ်ဗိုလ်ချုပ်များ။

#မြေလတ်အသံ

#နေပြည်တော် #စစ်ဗိုလ်ချုပ် #အပြောင်းအလဲ #လက်ရုံးတပ် #တိုင်းစစ်ဌာနချုပ် #လူစားလဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10