လက်ရုံးရည်၊ နှလုံးရည်ဖြင့် ဖြတ်သန်းရမည့် ၂၀၂၄  (အယ်ဒီတာ့အာဘော်)

လက်ရုံးရည်၊ နှလုံးရည်ဖြင့် ဖြတ်သန်းရမည့် ၂၀၂၄  (အယ်ဒီတာ့အာဘော်)

မြေလတ်ဒေသ၏ စစ်အာဏာရှင်နွေဦးတော်လှန်ရေးအထိုင်က ကြည့်မည်ဆိုလျှင် ပြီးခဲ့သည့် ၂၀၂၃ သည် ဆုံးရှုုံးမှု၊ အောင်မြင်မှု၊ ဝေဝါးရှုပ်ထွေးမှု များစွာနှင့် ရင်ဆိုင်ခဲ့ရသည့် နှစ်တနှစ်ဖြစ်သည်။ 

နွေဦးတော်လှန်ရေး ဒီရေငြိမ်သက်ခဲ့ပြီး “တော်လှန်ရေးကြီးက အောင်မြင်ပါ့တော့မလား”“တော်လှန်ရေးကြီးက ဘယ်တော့ပြီးမှာလဲ” စသည့်အတွေးစိတ်များ ဝင်လာဆဲအခိုက်အတန့်တွင် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့ ၏ ၁၀၂၇ စစ်ဆင်ရေးက လူတိုင်းစိတ်အာရုံကို လှုပ်နှိုးဖမ်းစားနိုင်ခဲ့သည်။ 

နွေဦးတော်လှန်ရေးအောင်စိတ်များ လက်သီးလက်မောင်းတန်းကာ ပြန်လည်နိုးကြားလာခဲ့သည်။ ၁၀၂၇ စစ်ဆင် ရေးသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ၊ ဒီမိုကရေစီအရေးလိုလားသူများအတွက် ပျော်ရွှင်မှု၊ စိတ် ကျေနပ်မှု များစွာကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ 

၁၀၂၇ စစ်ဆင်ရေးသည် နွေဦးတော်လှန်ရေး ၂ နှစ်ကျော်၊ ၃ နှစ်ကြာ ကာလတလျှောက်လုံး စစ်အာဏာရှင် မင်းအောင်လှိုင်၏ အရှိုက်ကို အကြီးအကျယ်ထိုးနှက်နိုင်ခဲ့သည့် လုပ်ရပ်ဖြစ်သည်။ စစ်ကောင်စီတပ်များကို ခြောက်ခြား သွေးပျက်စေခဲ့သည့် လက်တွေ့အကောင်အထည်ဖော်မှုဖြစ်သည်။ 

တနည်းအားဖြင့် စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေကြသည့်အဖွဲ့အစည်းများအား “စစ်တိုက်တယ်ဆိုတာ ဒီလိုတိုက်ရတယ်”“စစ်ကောင်စီကို ချေမှုန်းအနိုင်ယူတယ်ဆိုတာ ဒီလိုအနိုင်ယူရတယ်ကွ” ဟူ၍ လက်တွေ့ ကျကျ သင်ခန်းစာပြသွားခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ 

၁၀၂၇ စစ်ဆင်ရေးလှိုင်းကို စီးကာ စစ်ကိုင်းနှင့် မကွေးတိုင်းတွင်လည်း စစ်ရေးအရှိန်များ တိုးမြှင့်ခဲ့သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့မှ တပ်တချို့အပါအဝင် PDF၊ ပကဖ နှင့် Local PDF များ၏ စုပေါင်းတိုက်ခိုက်မှုကြောင့် ကောလင်း၊ မော်လူး၊ ရွှေပြည်အေး၊ ခမ်းပတ်မြို့များအပါအဝင် ရဲစခန်းတချို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ 

ဤနေရာတွင် သတိထားမိသည့်အချက်က လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ၊ တော်လှန်ရေးအင်အားစုများ ပေါများလှသည့် မကွေးနှင့် စစ်ကိုင်းတိုင်းတွင် ယခုထက်ပိုသော စစ်ဆင်ရေးတိုက်ပွဲများ၊ အောင်မြင်မှုများ ပိုမိုမြင်တွေ့ရနိုင်သည့်အခြေအနေဖြစ်သည်။ 

သို့သော် စစ်ဆင်ရေးများ၊ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများဆင်နွှဲနိုင်ရန် တော်လှန်ရေးရဲဘော်များလက်ထဲတွင် ကျည်ဆံလက်နက်ခဲယမ်း လုံလုံလောက်လောက်မရှိ၊ သေနတ်မပြည့်စုံ။ ယင်းအခြေအနေသည် လက်နက်ကိုင် တော်လှန်ရေးစတင်ခဲ့သည့်အချိန်မှစ၍ ယနေ့အချိန်ထိဖြစ်သည်။ 

မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့အများစုသည် လက်လုပ်သေနတ်များကိုသာ ကိုင်ထားရပြီး တိုက်ပွဲဆင်နွှဲရန် ကျည်ဆံကို အလှူခံနေရသည်။ ယင်းအခြေအနေတွင် စခန်းသိမ်း တိုက်ပွဲ၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲရန်က မည်သို့မျှ မဖြစ်နိုင်။  

ထို့အပြင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များသည် အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲများ ဆင်နွှဲနေကြသည်ဟူသော ရည်ရွယ်ချက်ခြင်း တူညီကြသော်လည်း အဖွဲ့များကြားတွင် ဝိဝါဒကွဲပြားများမှု ရှိနေကြသည်။ 

ယင်းကဲ့သို့သော ပွတ်တိုက်မှုများသည် ၂၀၂၃ ခုနှစ်အတွင်း မကြာခဏမြင်တွေ့ခဲ့ရသည်ဟုဆိုရမည်။ အဖွဲ့အချင်း ချင်းကြားအသက်ဆုံးရှုံးရသည်အထိ ဖြစ်ခဲ့ရသည့် သာဓကများလည်းရှိသည်။ 

အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြားဖြစ်ပွားနေခြင်းဖြစ်သည်။ 

ထို့အပြင် ၁၀၂၇ စစ်ဆင်ရေးကို လှိုင်းစီးကာ စစ်ကိုင်းတိုင်းအတွင်း စခန်းသိမ်း၊ မြို့သိမ်းများတိုက်ပွဲဖော်ဆောင်နေသည်နှင့်တပြိုင်တည်း တချို့ကလည်း နိုင်ငံရေးလမ်းကြောင်းကို ဖောက်ကြသည်။ အုပ်ချုပ်ရေးတည်ဆောက်နိုင်ဖို့ ကြိုးစားကြသည်။ 

ယင်းသို့အကောင်အထည်ဖော်ခြင်းနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းအတွင်းရှိ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကြား အငြင်းပွားမှုများရှိခဲ့ကြသည်။ 

အချို့က အုပ်ချုပ်ရေးကို တခါတည်းဆောက်သွားရမည်ဟု အမြင်ရှိသလို အချို့ကလည်း အာဏာရှင်တော်လှန်ရေးကိုသာ အဆုံးသတ်သည်အထိ တိုက်ပွဲဝင်ပြီး နိုင်ငံရေးလမ်းကြောင်းကို အားလုံးပါဝင်သည့် အခြေအနေတခုအဖြစ်ဖန်တီးပြီးမှ ဆောင်ရွက်သင့်သည်ဟု ဝေဖန်ထောက်ပြကြသည်။ 

အထက်ပါဖြစ်စဉ်များကို ထောက်ရှုခြင်းအားဖြင့် ကျိန်းသေသည့်အချက်က စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်း စစ်ရေး၊ နိုင်ငံရေးအရ ကွဲပြားမှုများရှိနေသည်က အမှန်ပင်ဖြစ်သည်။ 

ထို့ကြောင့် အဆိုပါမတူကွဲပြားနေကြသည့် အခြေအနေများကို သဘောထားကြီးစွာဖြင့် အပြန်အလှန်ညှိနှိုင်းပြီး မပြည့်စုံမှုများကို ဖြည့်တင်းလျက် စစ်အာဏာရှင်ဆန့်ကျင်ရေးနွေဦးတော်လှန်ရေးကြီးကို ၂၀၂၄ ခုနှစ်တွင်းလည်း အကောင်းဆုံးဖောင်ဆောင်နိုင်ပါစေကြောင်း ကျွနိုပ်တို့ မြေလတ်အသံက ဆန္ဒပြုအပ်ပါသည်။ 

အယ်ဒီတာ့အာဘော်

၁၆. ၁. ၂၀၂၄။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10