သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကောင်စီတပ်ဖွဲ့တွေထံ လက်လွှတ်ခဲ့ရတဲ့ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းက ကျေးရွာ ၃ ရွာကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၉ ရက် ဒီကနေ့မှာ MDYPDF ကသတင်းထုတ်ပြန်ပါတယ်။
မတ္တရာမြို့နယ်၊ အနောက်ဖက်ခြမ်းရှိ ရွာသစ်ကျေးရွာ၊ ဝန်စုကျေးရွာနဲ့ ထိန်ပင်စောက်ကျေးရွာတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ဒီဇင်ဘာ ၆ ရက်နေ့မှာ အပြီးသတ်ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သိမ်းဆည်းရမိ လက်နက်ခဲယမ်းစာရင်းတွေကို အသေးစိတ်ဖော်ပြတာမျိုးမရှိပေမယ့် ထုတ်ပြန်လာတဲ့ ဓာတ်ပုံမှတ်တမ်းအရ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုင်ဆောင်တဲ့ အမ်အေအမျိုးအစားမောင်းပြန်သေနတ် ၆ လက်၊ ကျည်ဆံ၊ ခဲယမ်းနဲ့ ဗုံးသီးအများအပြား၊ မြေမြှုပ်မိုင်းနဲ့ဆက်စပ်ပစ္စည်းတွေကို တွေ့ရပါတယ်။
၁၀၂၇ နဲ့ နောက်ဆက်တွဲ ရှမ်းမန်းစစ်ဆင်ရေးတွေအတွင်း MDYPDFနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက မတ္တရာမြို့နယ်တခုလုံးနီးပါးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကစတင်ကာ မတ္တရာမြို့နယ်ကို စစ်ကောင်စီတပ်က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အထက်ပါကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က သိမ်းယူထားခဲ့တာဖြစ်ပါတယ်။
အဆိုပါကျေးရွာတွေကို စစ်ကောင်စီတပ်တွေပြန်လည်ထိန်းချုပ်ထားချိန်မှာ လက်နက်ကြီးတွေအထိုင်ချပြီး အနီးဝန်းကျင်ကျေးရွာတွေဘက်ကို နေ့စဥ်လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ကြောင်း ဒေသခံတွေထံကသိရှိရပြီး တော်လှန်ရေးတပ်တွေအနေနဲ့ လက်လွှတ်လိုက်ရတဲ့ ကျေးရွာတွေကို ၁ လနီးပါးအကြာမှာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာပါ။
တော်လှန်ရေးအဖွဲ့တွေ ပြန်လည်ထိန်းချုပ်ခဲ့တဲ့ ကျေးရွာတွေက ဧရာဝတီမြစ်ကမ်းဘေးကျေးရွာတွေဖြစ်ပြီး တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းကနေပါ ပစ်ကူပေးတာတွေရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
တိုက်ပွဲတွေကြောင့် မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာပေါင်း ၂၀ နီးပါး စစ်ရှောင်နေကြရတာ ၁ လကျော် အကြာရှိနေပြီဖြစ်ပြီး နေရပ်မပြန်ကြနိုင်ကြသေးဘူးလို့ သိရပါတယ်။
#မြေလတ်အသံ
#မန္တလေး #မတ္တရာ #MDYPDF #တိုက်ပွဲ
Share Share Share