လင်မယားရန်ဖြစ်တာကနေ ကျေးရွာပကဖ က ဖမ်းဆီးသွားတဲ့အမျိုးသား နာရီပိုင်းအတွင်း သေဆုံး

လင်မယားရန်ဖြစ်တာကနေ ကျေးရွာပကဖ က ဖမ်းဆီးသွားတဲ့အမျိုးသား နာရီပိုင်းအတွင်း သေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကျေးရွာတရွာကရွာခံအမျိုးသား ၁ ဦးကို နိုဝင်ဘာ ၂၈ ရက် ည ၉ နာရီခန့်မှာ ကျေးရွာပကဖအဖွဲ့က ဖမ်းဆီးသွားပြီးနောက် နာရီပိုင်းအတွင်း သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အခင်းဖြစ်ပွားတဲ့ကျေးရွာဟာ ပျူစောထီးအားကောင်းတဲ့ရွာနဲ့ ကပ်လျက်မှာရှိပြီး စစ်ကောင်စီလုံခြုံရေးစခန်းတခုနဲ့လည်း နီးကပ်တာကြောင့် ကျေးရွာပကဖနဲ့ ပလဖတွေရဲ့လုံခြုံရေးအခြေအနေအရ ထည့်သွင်းဖော်ပြလို့မရပါ။

သေဆုံးသူမှာ ကျေးရွာနေ အသက် ၂၇ နှစ်အရွယ် ကိုအောင်ဆန်းမင်း(ခ) သံလုံးဖြစ်ပြီး ဇနီးဖြစ်သူ မမေမြတ်ဆွေနဲ့ အဆိုပါ ည ၈ နာရီခန့်မှာ စကားများရန်ဖြစ်ခဲ့ပြီးနောက် ဇနီးဖြစ်သူကို ဓားမြောင်နဲ့ထိုးပြီး ထွက်ပြေးသွားလို့ ကျေးရွာပကဖအဖွဲ့က ည ၉ နာရီဝန်းကျင်မှာ လိုက်လံဖမ်းဆီးကာ ကျေးရွာပကဖစခန်းကို စစ်ဆေးဖို့ ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

ယောကျ်ားဖြစ်သူရဲ့တိုက်ခိုက်မှုကိုခံခဲ့ရတဲ့ မမေမြတ်ဆွေမှာလည်း ပါးရိုးတဖက်မှာ ဓားထိုးသွင်းဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့တယ်လို့ သိရပါတယ်။

ကိုအောင်ဆန်းမင်းဟာ ကျေးရွာပကဖစခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် နိုဝင်ဘာ ၂၉ ရက် မနက်အစော ၄ နာရီဝန်းကျင်မှာ သေဆုံးသွားခဲ့ကာ  သူ့ကို ဖမ်းဆီးစစ်ဆေးနေချိန်အတွင်း နှိပ်စက်ခံရတာကြောင့် သေဆုံးခဲ့ရတာဖြစ်နိုင်တယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ ကျေးရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။

"ပကဖတွေပြောတာတော့ အအေးမိပြီးသေတာတဲ့။ အလောင်းကိုကြည့်ရတာ လည်ပင်းမှာအပေါက်တွေနဲ့ နှိပ်စက်ခံရပြီးမှသေတာ ဖြစ်နိုင်တယ်" လို့ သူက ပြောပါတယ်။

ကိုအောင်ဆန်းမင်းကို ကျေးရွာပကဖအဖွဲ့ဝင် ငြိမ်းချမ်းဦး ဦးဆောင်တဲ့ ၄ ဦးက အဆိုပါညပိုင်းမှာ ကျေးရွာပကဖစခန်းဆီ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး စစ်ဆေးမေးမြန်းနေချိန် ရုတ်တရက်သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ဒုတာဝန်ခံက ပြောပါတယ်။

"လင်မယားချင်းဖြစ်တဲ့ကိစ္စမှာ ကျနော်တို့ပကဖအနေနဲ့ တာဝန်ရှိလို့ ထိန်းသိမ်းဆောင်ရွက်ထားစဥ် အတွင်းမှာ ညပိုင်းမှာပဲ ရုတ်တရက်ကြီး၊ အက်ဆီးဒင့်ပုံစံမျိုးနဲ့ ဖြစ်သွားတဲ့ကိစ္စပါ။ ဘာအကြောင်းကြောင့် သေသွားလဲဆိုတာကို ကျနော့်အနေနဲ့ မှတ်ချက်မပေးနိုင်တာပါဗျ" လို့ သူက ဆိုပါတယ်။

သေဆုံးသူ ကိုအောင်ဆန်းမင်းရဲ့ ရုပ်အလောင်းမှတ်တမ်း ဓာတ်ပုံမှတ်တမ်းတွေအရ ခန္ဓာကိုယ်အနှံ့ရိုက်နှက်ဒဏ်ရာ၊ မျက်လုံးတဖက်နဲ့ ခြေထောက် ၂ ချောင်း ညိုမဲစွဲဒဏ်ရာ၊ လည်ပင်းနဲ့နဖူးမှာ ချွန်ထက်တဲ့အရာနဲ့ ထိုးသွင်းထားတယ်လို့ယူဆရတဲ့ အပေါက်တချို့ စတဲ့ဒဏ်ရာတွေကို တွေ့ရှိရပါတယ်။

ကိုအောင်ဆန်းမင်းဟာ စစ်ကောင်စီလက်အောက် မြန်မာ့စီးပွားရေးဘဏ်ကနေ CDM ပြုလုပ်ထားသူတဦးဖြစ်သလို ကျေးရွာတွင်း အနေအေးသူတဦးလည်းဖြစ်တယ်လို့ ရွာခံတဦးက ပြောပါတယ်။

အမည်မဖော်လိုတဲ့ ကျေးရွာသားတဦးကတော့ ကိုအောင်ဆန်းမင်းသေဆုံးခဲ့ရမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်စေချင်သလို လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ပြည်သူတွေအပေါ် ညီညွှတ်မျှတစွာ ဆောင်ရွက်စေချင်တယ်လို့ ဆိုပါတယ်။

" ကျနော်တို့ပြည်သူတွေက အခုဆိုရင် ပကဖကိုကြောက်ရ၊ စကစကိုကြောက်ရနဲ့ ကြားမှာမွန်းကြပ်နေတယ်။ သေနတ်ကိုင်ထားတဲ့သူမှန်သမျှကို ကြောက်နေရတယ် " လို့ သူက ပြောပါတယ်။

ကိုအောင်ဆန်းမင်းသေဆုံးသွားခဲ့လို့ နိုဝင်ဘာ ၂၉ ရက်နေ့မနက်ပိုင်းမှာ သူ့ရဲ့ရုပ်အလောင်းကို ချောင်းဦးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)ထံကို လွှဲပြောင်းပေးလိုက်တယ်လို့ ကျေးရွာပကဖ ဒုတာဝန်ခံက ပြောပါတယ်။

မြို့နယ်ပလဖအနေနဲ့ ကိုအောင်ဆန်းမင်းရဲ့ရုပ်အလောင်းကို နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်းက လွှဲပြောင်းရယူပြီးနောက် လိုအပ်တဲ့စစ်ဆေးမှုတွေပြုလုပ်ကာ အဲ့ဒီနေ့မနက်ပိုင်းမှာပဲ မိသားစုထံထပ်မံ လွှဲပြောင်းပေးပြီး သင်္ဂြိုဟ်လိုက်တယ်လို့  သိရပါတယ်။

ကိုအောင်ဆန်းမင်းသေဆုံးမှုကို မြို့နယ်ပလဖ က  ရဲလုပ်ငန်းစဥ်အတိုင်းလုပ်ဆောင်နေပြီး လိုအပ်တဲ့စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ရှိတယ်လို့ ချောင်းဦးမြို့နယ် ပလဖတာဝန်ခံက ဆိုပါတယ်။

“ အောင်ဆန်းမင်း သေတာက ရွာပကဖ စခန်းမှာသေတာဟုတ်တယ်။ သူ့ကိုပကဖတွေက ဖမ်းတယ်။ စခန်းမှာ ညသိပ်လိုက်တယ်။ ညမှာသေတာ။ ပကဖကတော့ အအေးမိလို့သေတာဆိုပြီး ပြောတယ်။ ဒါပေမယ့် အောင်ဆန်းမင်းမှာက ဒဏ်ရာဒဏ်ချက်တွေနဲ့ ထုရိုက်နှက်ထားတဲ့ဟာတွေ တွေ့ခဲ့ရတယ်” လို့ သူက ပြောပါတယ်။

အမှုနဲ့ပတ်သက်ပြီး သေဆုံးသူ ကိုအောင်ဆန်းမင်းကို ဖမ်းဆီးခဲ့တဲ့ ကျေးရွာပကဖအဖွဲ့ဝင် ၄ ဦးကို စစ်ဆေးမေးမြန်းဖို့အတွက် စာထုတ်ထားပြန်ထားပြီး လက်ရှိမှာတော့ ဖမ်းဆီးထိန်းသိမ်းထားတာမျိုး မရှိသေးဘူးလို့ မြို့နယ်ပလဖ က ဆိုပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #ချောင်းဦး #အရပ်သား #သေဆုံးမှု #ပကဖ #ပလဖ #စစ်ဆေးမှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10