လင်းကတောရွာကစစ်ရှောင်တွေ အနွေးထည်နဲ့ စောင်တွေ လိုအပ်နေ၊ ရာသီဥတုကြောင့် သေဆုံးသူတချို့ရှိ

လင်းကတောရွာကစစ်ရှောင်တွေ အနွေးထည်နဲ့ စောင်တွေ လိုအပ်နေ၊ ရာသီဥတုကြောင့် သေဆုံးသူတချို့ရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောရွာက စစ်ရှောင်တွေဟာ ကျေးရွာကိုမပြန်နိုင်ဘဲ စစ်ရှောင်နေရတာဟာ ၁ နှစ်ခန့်ကြာမြင့်လာပြီဖြစ်ပြီး လက်ရှိမှာ အနွေးထည်နဲ့ခြုံစောင်တွေ လိုအပ်လျက်ရှိနေတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်တွေဟာ မြိုင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်ကြားမှာ စစ်ရှောင်နေထိုင်နေရတာဖြစ်ပြီး အချိန်ကြာမြင့် လာတာတဲ့အမျှ စစ်ရှောင်တွေကို ထောက်ပံ့ပေးနိုင်တဲ့သူတွေလည်း လျော့နည်းလာတယ်လို့ သိရပါတယ်။

လင်းကတောရွာမှာ အိမ်ထောင်စု ၃၀၀ ကျော်အနက် ၈၀ ခန့် စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးခံလိုက်ရတာဖြစ်ပြီး လက်ရှိမှာ အိမ်ထောင်စု ၃၀၀ ကျော်၊ လူဦးရေ ၁,၀၀၀ ကျော် စစ်ဘေးရှောင်နေရတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီစစ်ရှောင်တွေဟာ ထောက်ပံ့ကူညီသူတွေနည်းလာတဲ့အတွက် သူတို့ရဲ့နေ့စဉ်အတွက် လိုအပ်တဲ့စားနပ်ရိက္ခာကို ကိုယ့်ဘာသာရှာဖွေစားသောက်နေရတယ်လို့ စစ်ရှောင်စခန်းမှာ လုပ်အားပေးနေတဲ့ ကျောင်းဆရာတဦးက ပြောပါတယ်။

“ကလေးတွေအတွက်ပညာရေးကိုတော့ မြို့နယ်ကာကွယ်ရေးအဖွဲ့တွေ၊ ကျောင်းတာဝန်ခံတွေနဲ့ ချိတ်ဆက်ပြီး အနီးအနားက ကျောင်းတွေမှာ ပူးပေါင်းပြီး ပညာသင်ကြားနေရပါတယ်။” လို့ သူက ဆိုပါတယ်။ 

စစ်ရှောင်စခန်းမှာ ကလေးအရေအတွက် ၆၀ ကျော်ရှိပြီး အမျိုးသမီးဦးရေဟာ စုစုပေါင်းစစ်ရှောင်ဦးရေရဲ့ တဝက်ခန့်ရှိတယ်လို့ ဆိုပါတယ်။ 

လင်းကတောရွာထဲမှာ စစ်ကောင်စီဟာ စခန်းချတပ်စွဲထားတာကြောင့်လည်း ရွာခံတွေဟာ မပြန်နိုင်ဘဲ အခုလိုကြာမြင့်စွာ စစ်ရှောင်နေရတာဖြစ်တယ်လို့ သိရပါတယ်။

အလှူရှင်တွေကိုအားထားနေရပြီး အခုလပိုင်းတွေမှာ အလှူရှင်နည်းပါးလာလို့ တချို့စစ်ရှောင်တွေဟာ အနီးအနားက ရွာတွေမှာ စပါးရိတ်၊ ကြက်သွန်စိုက်အလုပ်တွေကို နေ့စားလုပ်ကာ စားဝတ်နေရေး ဖြေရှင်း နေရတယ်လို့ ဆိုပါတယ်။ 

“ကျောင်းမတက်နိုင်ကြတဲ့ ကလေးလေးတွေဆိုရင် လမ်းထွက်ပြီး လမ်းလေးတွေပြင်၊ မြေဖို့ပေးရင်း ဖြတ်သွား ဖြတ်လာကားတွေက ၅၀၀၊ ၁၀၀၀ မုန့်ဖိုးပေးတာလေးတွေယူပြီး စားဖို့တွက် ဖြေရှင်းနေရတယ်” လို့ အဲဒီ စစ်ရှောင်စခန်းက ကျောင်းဆရာတဦးက ပြောကြားထားပါတယ်။

စစ်ရှောင်စခန်းမှာ အိမ်သာမလုံလောက်တာ၊ အမျိုးသမီးစစ်ရှောင်တွေအတွက် လစဉ်သုံးပစ္စည်းလိုအပ်တာတွေလည်းရှိတယ်လို့ ဆိုပါတယ်။           

“မနှစ်က ဆောင်းတွင်းကာလမှာ ဘုန်းကြီးက ကျောင်းတိုက်တွေထဲမှာ နေခွင့်ပေးခဲ့ပေမယ့် ဒီနှစ်ဝါတွင်းကာလမှာ သီလယူလာကြတဲ့သူတွေနဲ့ အဆင်မပြေလို့ တဲလေးတွေဆောက်ပြီး နေကြတာပေါ့။ အဲဒါကြောင့် ဒီနှစ်ဆောင်းမှာ ပိုပြီးလိုအပ်လာတာပေါ့နော်။” လို့ ကျောင်းဆရာက ဆိုပါတယ်။ 

မိုးတွင်းကာလအချိန်ကလည်း ရာသီဥတုဒဏ် အတော်လေးခံစားခဲ့ရပြီး ကလေးနဲ့ သက်ကြီးရွယ်အိုတွေ အအေးပတ်ဖျားနာတာတွေ ခံစားခဲ့ကြရကာ ၁ နှစ်အတွင်းသေဆုံးသူ ၉ ဦးထိ ရှိခဲ့တယ်လို့ သိရပါတယ်။ 

“အခုရက်ပိုင်းအတွင်း လူလတ်ပိုင်း ၂ ယောက်လည်းသေဆုံးတာရှိတယ်။ ရောဂါအခံတော့ ရှိတာပေါ့။ ဆေးရုံ ဆေးခန်းလည်း မလွယ်ကူတာလည်းပါတာပေါ့၊ ရာသီဥတုဒဏ်တွေကြောင့် ရောဂါအခြေနေဆိုးပြီး ဆုံးပါးသွားတာပေါ့။” လို့ စစ်ရှောင်စခန်းမှာ ကလေးပညာရေးအတွက် လုပ်အားပေးနေတဲ့ ကျောင်းဆရာက ပြောပါတယ်။ 

သတင်း - ဟယ်သာ၊ စာတည်း - JCG

#မြေလတ်အသံ 

#မကွေးတိုင်း #မြိုင်မြို့ #လင်းကတော #စစ်ရှောင် #အနွေးထည် #ခြုံစောင် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10