လင်းဇင်းရဲစခန်းကို PDF ဝင်တိုက်၊ ကျည်မလောက်လို့ စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရ

လင်းဇင်းရဲစခန်းကို PDF ဝင်တိုက်၊ ကျည်မလောက်လို့ စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ရ

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းရဲစခန်းကို ဧပြီ ၁၁ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ဒေသခံကာကွယ်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ စလင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဆီက သိရပါတယ်။ 

စစ်သားနဲ့ရဲ အင်အား ၂၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီစခန်းကို ဒေသခံမဟာမိတ်တပ်ဖွဲ့ ၃ ဖွဲ့ပူးပေါင်းကာ မီတာ ၅၀ အကွာကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဘက်ပစ်ခတ်မှု နာရီဝက်လောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

“ကျနော်တို့လည်း လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်တယ်။ ထိခိုက်သေဆုံးမှုရှိတယ်လို့ သိရတယ်။ အခုထိတော့ စုံစမ်းလို့မရသေးဘူး။ ပထမတော့ စခန်းသိမ်းဖို့သွားတာ စခန်းသိမ်းဖို့ လုံလောက်တဲ့ ကျည်မရှိတာကြောင့် နောက်ပြန်ဆုတ်ခဲ့ရတယ်။” လို့ စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းတာဝန်ခံက ပြောပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ ယခင်က အဲ့ဒီရဲစခန်းကို လက်နက်ကြီးတွေနဲ့ အဝေးကပစ်ခတ်ခဲ့ဖူးပြီး ခုလိုအနီးကပ်တိုက်ခိုက်တာကတော့ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုကို စလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်း၊ ဒေါင်းစစ်အောင် Local PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ 

တိုက်ခိုက်ခံရပြီးနောက် ည ၈ နာရီကျော်မှာပဲ လင်းဇင်းရဲစခန်းကို စလင်းနဲ့ ကံပြားမြို့ဘက်ကနေ စစ်ကောင်စီဘက်က တပ်ကူတွေရောက်လာပြီး အင်အားထပ်ဖြည့်ထားတယ်လို့ ဆိုပါတယ်။ 

လင်းဇင်းရဲစခန်းဟာ စလင်းမြို့နဲ့ ၁၃ မိုင်အကွာရှိ လင်းဇင်းကျေးရွာရဲ့အနောက်ဘက်မှာ တည်ရှိပြီး လက်ရှိမှာ ရဲစခန်းတဝိုက် ကတုတ်ကျင်းတွေတူးထားပြီး စစ်ရေးအခြေအနေကတော့ ငြိမ်နေတယ်လို့ သတင်းတာဝန်ခံက ပြောပါတယ်။ 

ဒါ့အပြင် လင်းဇင်းရွာအနီးရှီ ကံပြားရွာအနီးမှာ စစ်ကောင်စီဘက်က အင်အားထပ်ဖြည့်ထားပြီး လမ်းသွားလမ်းလာတွေကိုလည်း စစ်ဆေးမှုတွေတင်းကျပ်ထားတယ်လို့ ကာကွယ်ရေးရဲဘော်တွေဆီက သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#မကွေး #စလင်း #လင်းဇင်းရဲစခန်း #ကာကွယ်ရေးတပ် #တိုက်ခိုက် #စစ်ပွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10