လင်းဇင်းရဲစခန်း ဝင်တိုက်ခံရ၊ စစ်ကူလာတဲ့ ယာဉ်တန်းပါ မိုင်းဆွဲခံရလို့  စစ်ကောင်စီဘက် သေဆုံးမှုများနိုင်

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို မေ ၁၈ ရက် မနက် ၅ နာရီကနေ ၆ နာရီခွဲအထိ ဒေသခံကာကွယ်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကူလာတဲ့ယာဥ်တန်းကိုပါ မိုင်းဆွဲခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းဆီက သိရပါတယ်။ 

ခလရ  ၂၅၃၊ ခလရ  ၂၅၄ နဲ့ ခလရ ၂၅၅ က စစ်သား၊ နယ်မြေခံရဲနဲ့ ပျူစောထီး အင်အား ၃၀ ဝန်းကျင်ရှိတဲ့ လင်းဇင်းစခန်းကို ဒေသခံမဟာမိတ်တပ်ဖွဲ့တွေပူးပေါင်းကာ စခန်းအတွင်းအထိ တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဘက်ပစ်ခတ်မှု ၁ နာရီခွဲလောက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

“စခန်းသိမ်းဖို့သွားတာ စခန်းတော့မရခဲ့ဘူး၊ ဒါပေမဲ့ထိထိမိမိလုပ်ခဲ့တာဆိုတော့ တန်တော့တန်ပါတယ်” လို့  မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။ 

နှစ်ဘက်တိုက်ပွဲဖြစ်ပွားမှုဟာ တနာရီခွဲကြာမြင့်ခဲ့ပြီး ပထမပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေက အသာစီးရထားပေမယ့် တော်လှန်ရေးရဲဘော် ၂ ဦး ဒဏ်ရာရသွားတာနဲ့ စစ်ကောင်စီဘက်က စစ်ကူအလုံးအရင်ရောက်လာတာကြောင့် နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။ 

“ရဲဘော်တွေရဲ့ မျက်မြင်တွေ့ရှိခဲ့တာကတော့ ရန်သူတွေ ကျနော်တို့ဘက်က လက်နက်တွေထိမှန်ပြီးမှ လဲကျသွားတာ ၂၀ ဝန်းကျင်လောက်ရှိတယ်။ ကျနော်တို့ဘက်က အခုအတိအကျသတင်းတော့ပြန်ရပြီ၊ စခန်းထဲမှာ ဝင်သိမ်းတဲ့အချိန်မှာ သူတို့ဘက်က သေဆုံးတာ ၂၁ ဦးရှိတယ်” လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တာဝန်ရှိ သူတဦးက ပြောပါတယ်။ 

တိုက်ပွဲဖြစ်ပွားရာ လင်းဇင်းရဲစခန်းကို စလင်းမြို့ဘက်က စစ်ကူလာတဲ့ ခလရ  ၂၅၃ ၊ ခလရ  ၂၅၄ နဲ့ ခလရ  ၂၅၅ ယာဉ်တန်းကို တက်တူတမံလမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်မိုင်းဆွဲတိုက်ခဲ့သေးတယ်လို့ သိရပါတယ်။ 

“မနက် ၅ နာရီခွဲလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။ အဲ့ဒီမှာလည်း ၂၀ ဦးလောက်ထိပြီး ၇ ဦး သေတယ်” လို့  အမှတ် ၅ တပ်ရင်း တာဝန်ရှိ သူတဦးက ဆိုပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအရေအတွက်အားလုံးကို မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုထားတာမရှိသေးပါဘူး။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ကျေးရွာတွေဘက်ကို ရမ်းသမ်းပစ်ခတ်တာတွေလုပ်တာကြောင့် အနီးအနားပတ်ဝန်းကျင်ရွာတွေက ပြည်သူတွေရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းက ဦးဆောင်ပြီး  အမှတ် ၁ တပ်ရင်း ၊ အမှတ် ၄ တပ်ရင်း၊ စလင်းမြို့နယ် ပကဖ ၊ GZ ARMY ၊ MLDC ၊ SLN( PDF ) ၊ ဒေါင်းစစ်အောင် Local ( PDF ) ၊ မိုးကြိုးပြောက်ကျား တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။ 

လင်းဇင်းတိုက်နယ်ရဲစခန်းနဲ့ပတ်သက်ပြီး ဒီတကြိမ်နဲ့ မရရင် နောက်ထပ်မရမခြင်း အကြိမ်ကြိမ်ကြိုးစား လုပ်ဆောင်သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း တတ်နိုင်တဲ့ဘက်ကနေ ပူးပေါင်းပါဝင်လက်တွဲပေးစေချင် တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #စလင်းမြို့နယ် #လင်းဇင်း #ရဲစခန်း #မိုင်းဆွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10