လင်းဇင်းရွာကဒေသခံတွေကို စစ်အုပ်စုက အကာကွယ်ယူပြီး သွားလာခွင့်ကန့်သတ်ထား      ■ရဲစခန်းကိုတိုက်ခိုက်ဖို့ ကာကွယ်ရေးတပ်တွေ အခက်တွေ့နေ

လင်းဇင်းရွာကဒေသခံတွေကို စစ်အုပ်စုက အကာကွယ်ယူပြီး သွားလာခွင့်ကန့်သတ်ထား   ■ရဲစခန်းကိုတိုက်ခိုက်ဖို့ ကာကွယ်ရေးတပ်တွေ အခက်တွေ့နေ

 

မကွေးတိုင်း၊ စလင်းမြို့နယ်၊ လင်းဇင်းကျေးရွာဒေသခံတွေကို ကျေးရွာရဲစခန်းက ရဲနဲ့ စစ်ကောင်စီ တပ်သားတွေက ရွာကနေမထွက်ကြဖို့ ကန့်သတ်ခြိမ်းခြောက်ထားပြီး သူတို့အတွက် အကာအကွယ် လုပ်ထားတယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လကစတင်ကန့်သတ်ထားတာဖြစ်ပြီး ရွာထဲကနေ ရွာပြင်ကိုထွက်မယ်ဆိုရင် စစ်ကောင်စီ အဖွဲ့တွေနဲ့ အုပ်ချုပ်ရေးမှူးကို ခွင့်တောင်းရသလို အခြားဒေသကလာသူတွေကိုလည်း ရွာထိပ်မှာ စစ်ဆေးတာတွေရှိနေတယ်လို့ ဆိုပါတယ်။ 

“ကျေးရွာနေပြည်သူတွေကို အပြင်မထွက်ဖို့ အမိန့်ထုတ်ထားတယ်၊ အပြင်ထွက်ရင် အိမ်နဲ့ပစ္စည်းတွေကို ချိတ်ပိတ်မယ်၊ သိမ်းဆည်းမယ်၊ မီးရှို့မယ်လို့ စစ်ကောင်စီကခြိမ်းခြောက်ထားတာတွေ ရှိတယ်၊”လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တပ်ခွဲမှူးဗိုလ်ထက်က ပြောပါတယ်။

လင်းဇင်းရွာရဲစခန်းနဲ့ စစ်ကောင်စီအဖွဲ့တွေကို ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်မှာစိုးလို့ အခုလိုပြည်သူတွေကို ဓါးစာခံအနေနဲ့ လုပ်ထားတဲ့သဘောဖြစ်ပြီး ရွာပတ်ပတ်လည်မှာ မိုင်းထောင်ထားတာတွေရှိတယ်လို့ တပ်ခွဲမှူးဗိုလ်ထက်က ဆက်ပြောပါတယ်။ 

တဖက်မှာလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ၎င်းတို့စစ်ဆိုင်ထားတဲ့ လင်းဇင်းကျေးရွာကနေ ဒေသခံတွေကို ပြောင်းရွေ့ကြဖို့ အသိပေးထုတ်ပြန်မှုတွေ ရှိနေပါတယ်။ 

“ဒေသခံပြည်သူလူထုအနေနဲ့ကတော့ ကြေငြာပြီးနောက်ပိုင်းမှာ လုံခြုံတဲ့နေရာကို တိမ်းရှောင် စေချင်တယ်၊ စစ်ရေးအပြန်အလှန်တင်းမာလာခဲ့ရင် ပြည်သူလူထု အသက်အိုးအိမ် စိုးရိမ်လို့ပါ၊ တိမ်းရှောင်စရာ၊ သွားစရာနေရာမရှိရင် စလင်းတပ်ရင်း ၁ နဲ့ တပ်ရင်း ၅ ထိမ်းချုပ်နယ်မြေထဲကို ဝင်ရောက်လာမယ်ဆိုရင် နွေးနွေးထွေးထွေးကြိုဆိုပါတယ်၊ စားဝတ်နေရေးနဲ့ ကျန်းမာရေးကအစ စောင့်ရှောက်ပေးဖို့ အဆင့်သင့်ရှိပါတယ်”လို့မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တပ်ခွဲမှူးဗိုလ်ထက်က ပြောပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသ၊ မင်းဘူးခရိုင်ရဲ့ တရားဝင် PDF တပ်ရင်းတွေဖြစ်တဲ့ စလင်းအခြေစိုက် မင်းဘူးခရိုင် အမှတ် ၁ တပ်ရင်းနဲ့ အမှတ် ၅ တပ်ရင်းတို့ကလည်း လင်းဇင်းကျေးရွာ က ဒေသခံတွေကို ရွာကနေတိမ်းရှောင်ကြဖို့ အောက်တိုဘာ ၇ ရက် ရက်စွဲနဲ့ သတိပေးထုတ်ပြန် ထားခဲ့တာပါ။ 

၎င်းတို့အသိပေးထုတ်ပြန်တဲ့ အောက်တိုဘာ ၇ ရက်စလို့ ၁ ပတ်အတွင်းကျေးရွာကနေ တိမ်းရှောင် ကြရမှာဖြစ်ပေမယ့် အောက်တိုဘာ ၈ ရက်ဒီကနေ့အထိတော့ ပြောင်းရွေ့တာတွေမရှိသေးတာကြောင့် ဝင်ရောက်တိုက်ခိုက်ဖို့ အခက်တွေ့နေတယ်လို့လည်း ဆိုပါတယ်။ 

“လင်းဇင်းကျေးရွာက ပြည်သူတွေကို စစ်ကောင်စီက ကာဗာလုပ်ပြီးနေတဲ့အနေအထားမှာရှိတယ်၊ စစ်ကောင်စီက ကာကွယ်ရေးအဖွဲ့တွေလာတိုက်ရင် ပြည်သူတွေထိခိုက်နစ်နာမှုရှိအောင် ကျေးရွာ ပတ်ပတ်လည်မှာ မိုင်းထောင်ထားတယ်လို့ ကျနော်တို့သိရတယ်၊ လင်းဇင်းရဲစခန်း တိုက်ဖို့ဟာက ဒေသခံပြည်သူတွေရှိနေ‌တော့ အခက်အခဲဖြစ်နေပါတယ်” လို့မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း တပ်ခွဲမှူးဗိုလ်ထက်က ပြောပါတယ်။

စလင်းချောင်းဘေးမှာတည်ရှိတဲ့ လင်းဇင်းရဲစခန်းမှာ ရဲအင်အား ၁၂ ဦး၊ ခလရ ၂၅၃၊ ခလရ ၂၅၄ က စစ်သား ၅၀ လောက်ရှိပြီး ဘန်ကားတွေလည်း အဆင့်ဆင့်လုပ်ထားသလို မြေအောက်လှိုင်ခေါင်းတွေနဲ့ ကတုတ်ကျင်းတွေလည်း တူးထားတာတွေရှိတယ်လို့ ဆိုပါတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #စလင်း #စစ်ကောင်စီ #ဒေသခံ #အကာအကွယ်ယူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10