လင်းပိုးကျေးရွာကို စစ်တပ်က ဝင်ရောက်ပြီး ရွာခံပစ္စည်းတွေကိုယူကာ ခြိမ်းခြောက်စာတွေရေးသွား

လင်းပိုးကျေးရွာကို စစ်တပ်က ဝင်ရောက်ပြီး ရွာခံပစ္စည်းတွေကိုယူကာ ခြိမ်းခြောက်စာတွေရေးသွား

အာဏာသိမ်းမင်းအောင်လှိုင်ရဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လင်းပိုးကျေးရွာကို ဇူလိုင် ၂ ရက် နေ့လယ် ၁၂နာရီကျော်မှာ ဝင်ရောက်လာပြီး ကျေးရွာထဲက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူကာ ခြိမ်းခြောက်စာတွေရေးသွားခဲ့တယ်လို့ မုံရွာ_အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။

 

မုံရွာမြို့အဝင်မှာရှိတဲ့ မအူဂိတ်မှ စစ်ကောင်စီ အင်အား ၆၀ခန့်က ကျေးရွာထဲကိုဝင်ရောက်လာပြီး စျေးထဲရှိ ကုန်စုံဆိုင် ၃ဆိုင်က ဓာတ်ဆီပေပါ (၁၂)လုံး၊ စားသုံးဆီပုံး၊ မုန့်ထုပ်ဖာ၊ အအေးဗူး၊ ဘီယာဗူးဖာ၊ ကျောင်သားသုံး ကျောပိုးအိတ်၊ ရှုးဖိနပ်နဲ့ လူနေအိမ်မှ TV တလုံး၊ ဘတ္ထရီအိုးကြီးတလုံး၊ ရှုးဖိနပ်၊ Aircooler တလုံး စတဲ့ပစ္စည်းတွေ ယူဆောင်သွားကြတယ်လို့ ဆိုပါတယ်။ 

 

 

"တပ်ရင်းကတော့ မသိဘူး၊ မုံရွာအဝင် မအူဂိတ်ကနေလာတာ။ ပြည်သူတွေ အကုန်ပြေးကြတာဆိုတော့ ဆိုင်ရှင်တွေ၊ အိမ်ရှင်တွေ မရှိကြဘူး။ ဖမ်းခံရတာ မီးရှို့ခံရတာတော့ မရှိပါဘူး"လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေက မုံရွာ-အမြင့်လမ်းပေါ်မှာ ဖြတ်သန်းလာနေတဲ့ FAW ကားကြီး ၂စီးကို ချောဆွဲပြီး မွန်းလွဲ ၃ နာရီကျော်မှာ ခိုးယူထားတဲ့ပစ္စည်းတွေကို အဲဒီကားပေါ်တင်ကာ မအူဂိတ်ကို တင်ဆောင်သွားတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

 

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ လူနေအိမ်တဆောင်ရဲ့ အုတ်နံရံတွေပေါ်မှာတော့  "နောက်တခါဆို ပြာပုံပဲ မြင်ရမယ်၊ ဖင် မယားနဲ့ နောက်တခါ အရှင်လာဖမ်းမည်" စတဲ့ ခြိမ်းခြောက်စာတွေကိုပါ ရေးသားထားခဲ့တယ်ပါတယ်။ 

 

 

အခုလို လင်းပိုးကျေးရွာကို စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ခဲ့တာကြောင့် လင်းပိုးရွာ အပါအဝင်  ညောင်ပင်သာ၊ လင်းပင်ဝ၊ မအူ၊ ရွှေစုံစတဲ့ ကျေးရွာ ၅ရွာက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးခဲ့ကြရပြီး  ဇူလိုင် ၃ ရက် ဒီမနက်အထိ ကျေးရွာတွေထဲ ပြန်မဝင်နိုင်ကြသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

 

လင်းပိုကျေးရွာမှာ အိမ်ခြေ ၃၀၀ ကျော်ရှိပြီး မုံရွာမြို့တောင်ဘက်၊ မုံရွာ-အမြင့်လမ်းပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။

 

စာတည်း - လင်းဇေ

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာမြို့နယ် #မုံရွာ_အမြင့်လမ်း #လင်းပိုးကျေးရွာ #စစ်ကောင်စီ #ပြည်သူပိုင်ပစ္စည်း #ခိုးယူ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10