လစာထုတ်သွားတဲ့ EPC ဝန်ထမ်း ၁ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးရိုက်နှက်လို့ ဒဏ်ရာပြင်းထန်ရ

လစာထုတ်သွားတဲ့ EPC ဝန်ထမ်း ၁ ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးရိုက်နှက်လို့ ဒဏ်ရာပြင်းထန်ရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အခြေစိုက် စစ်ကောင်စီလျှပ်စစ်ဝန်ကြီးဌာနလက်အောက်ရှိ ကျွန်းချောင်း သဘာ၀ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံက Non – CDM ဝန်ထမ်း ၁ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးရိုက်နှက်ခဲ့လို့ ဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့သိရပါတယ်။
 
ဖမ်းဆီးရိုက်နှက်ခံရသူဟာ ကျွန်းချောင်းသဘာ၀ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံဝန်ထမ်း ဟံဇော်လင်း ဆိုသူဖြစ်ပြီး ဖေဖော်ဝါရီလ ၂၇ ရက် မနေ့မနက်ပိုင်းက ပခုက္ကူမြို့ပေါ်ကို ၀န်ထမ်းလစာထုတ်သွားချိန် မြစ်ခြေမှာရှိတဲ့ အမှတ် ၁ တိရစ္ဆာန်မွေးမြူရေးနဲ့လေ့ကျင့်ရေးတပ်(ဒေသအခေါ် BPI တပ်) ရှေ့အရောက်မှာ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခဲ့တာလို့ဆိုပါတယ်။

"သွားတာက ၃ ယောက် စက်ရုံမှူးကားနဲ့ ပခုက္ကူကို လစာထုတ်သွားတာ၊ BPI တပ်ရှေ့တည့်တည့်မှာစစ်ဆေးတာ မသင်္ကာစရာတွေ့လို့ဆိုပြီး ဟံဇော်လင်းကို ခေါ်ထားလိုက်တယ်။ ကျန်နှစ်ယောက်နဲ့ကားကိုလွှတ်ပေးလိုက်တယ်။ ဟံဇော်လင်းပြန်လွတ်လာတော့စကားကမပြောနိုင်ဘူး။ ပါးစပ်ကလည်း သွေးရဲရဲ သံရဲရဲထွက်လာတယ်" လို့ EPC ဝန်ထမ်းမိသားစုနဲ့နီးစပ်သူဒေသခံတဦးက မြေလတ်အသံကိုပြောပါတယ်။

ဖမ်းဆီးရိုက်နှက်ခံရသူ လျှပ်စစ်စက်ရုံဝန်ထမ်း ဟံဇော်လင်းမှာ မနေ့ ညနေ ၃ နာရီလောက်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး စစ်ကောင်စီတပ်သားတွေရဲ့ရိုက်နှက်မှုကြောင့် ဆေးကုသမှုခံယူနေရပြီး ညာဘက်မျက်လုံးပျက်စီးမယ့်အခြေအနေမှာရှိနေတယ်လို့သိရပါတယ်။
 
"စကစတွေ ရိုက်နှက်၊နှိပ်စက်လိုက်လို့ ညာဖက်မျက်လုံးတဖက် ပျက်စီးမယ့်အခြေအနေရှိနေပါတယ်။ သူ့ကိုညောင်ဦးဆေးရုံပို့ရမယ်လို့သိရပါတယ်" လို့ သူကဆက်ပြောပါတယ်။
 
စစ်ကောင်စီလက်အောက် ကျွန်းချောင်းလျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ ပခုက္ကူမြို့နယ် ပခုက္ကူ-ဆိပ်ဖြူ ကားလမ်းပေါ်မှာတည်ရှိပြီး၊ စက်ရုံကို ဝန်ထမ်းအင်အား ၁၈၀ ခန့်နဲ့လည်ပတ်နေတာဖြစ်ကာ ဒီစက်ရုံရဲ့ဝန်ထမ်းတွေကတော့ စက်ရုံအနီးက EPC ရပ်ကွက်တွေဖြစ်တဲ့ ပုလဲနံ့သာ၊ ပုလဲဧရာ၊ ပုလဲရာဇာ၊ ပုလဲငွေရောင်ရပ်ကွက်တွေမှာ နေထိုင်ကြတယ်လို့သိရပါတယ်။
 
ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ မြစ်ခြေမွေးမြူရေးတပ်စခန်းဟာ ဖေဖော်ဝါရီလ ၁၁ ရက်မနက်အစောပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကပူးပေါင်းတိုက်ခိုက်ခဲ့လို့ အရာရှိ ၂ ဦးအပါ ၇ ဦးသေဆုံးခဲ့ပြီး ၃ ဦး အရှင်ဖမ်းဆီးခံခဲ့ရပါသေးတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10