လမ်းကြုံလိုက်လာတဲ့သူငယ်ချင်းက လုယက်လို့ ငွေကျပ်သိန်း ၂၀၀ ကျော်ဆုံးရှုံး

လမ်းကြုံလိုက်လာတဲ့သူငယ်ချင်းက လုယက်လို့ ငွေကျပ်သိန်း ၂၀၀ ကျော်ဆုံးရှုံး

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဘူးလယ်အင်းကျေးရွာအနီး ပဲခူး-တိုက်ကြီးသွားကားလမ်းပေါ်မှာ အမျိုးသားတဦး လုယက်ခံရပြီး ငွေကျပ်သိန်း ၂၀၀ ကျော် ဆုံးရှုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၂၀ ရက် နေ့လယ်ပိုင်းမှာ လှည်းကူးမြို့နယ်၊ ကြို့ကုန်းကျေးရွာက အမျိုးသားတဦးဟာ ပဲခူးမြို့မှာ ခြံထွက် ရော်ဘာတွေကိုရောင်းချပြီး ငွေကျပ်သိန်း ၂၀၀ ကျော်ကိုယူဆောင်ကာ ကားနဲ့လှည်းကူးဘက်ကို ပြန်လာချိန် ငွေတွေလုယက်ခံရတာလို့ ဆိုပါတယ်။

"လမ်းမှာ သူရဲ့သူငယ်ချင်းဆိုသူတယောက်က လမ်းကြုံလိုက်ပါရစေဆိုလို့ ခေါ်တင်သွားတယ်။ လုယက်ခံရတဲ့ နေရာရောက်တော့ ဆိုင်ကယ် ၁ စီးနဲ့အမျိုးသား ၂ ယောက်က သူတို့ကားရှေ့ကိုပိတ်ရပ်တယ်။ ကားပေါ် လမ်းကြုံလိုက်လာတဲ့ သူငယ်ချင်းဆိုသူက သူကိုအနောက်ကနေလည်ပင်းညှစ်ထားတယ်။ ဆိုင်ကယ်နဲ့ လာတဲ့သူ ၂ ဦးက ဓားထောက်ပြီးငွေတွေယူတယ်။ ပြီးတော့ ၃ ယောက်စလုံး ဆိုင်ကယ်နဲ့ထွက်သွားကြတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။ 

ဒီဖြစ်စဥ်ကို လုယက်ခံလိုက်ရသူအမျိုးသားရဲ့ ပြောပြအချက်အရ ပြန်လည်သိရှိရတာဖြစ်ပြီး ငွေကျပ်သိန်း ၂၀၀ ကျော်အပြင် ဖုန်း ၁ လုံးလည်းပေးလိုက်ရတယ်လို့ ဆိုပါတယ်။  

လုယက်သူတွေဟာ သူငယ်ချင်းဖြစ်သူ လှည့်ကူးမြို့နယ်၊ ဇလုပ်ကြီးရွာမှာနေထိုင်တဲ့ အောင်ကျော်လင်းနဲ့ အမည်မသိအမျိုးသား ၂ ဦးတို့ ဖြစ်ပြီး လူနဲ့ကားကိုတော့ ဘာမှလုပ်မသွားဘူးလို့ အထက်ပါဒေသခံက ပြောပါတယ်။ လက်ရှိမှာတော့ လူယက်သူတွေကို ပဲခူးမြို့ပေါ်ရဲစခန်းမှာ တိုင်ကြားထားတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်ကလည်း ပဲခူးမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအနီးမှာ ဆိုင်ကယ်တက္ကစီမောင်းသူကို ဆိုင်ကယ်ငှားလာသူက လည်ပင်းဓားနဲ့လှီးပြီး ဆိုင်ကယ်နဲ့ဖုန်းလုယက်တဲ့ဖြစ်စဥ် ဖြစ်ခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #လုယက်မှု #ကျပ်သိန်း၂၀၀ #ဆုံးရှုံး #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10