လမ်းဘေးရေချမ်းစင်ကို ရေဖြည့်ပေးနေသူ (သတင်းဆောင်းပါး)

လမ်းဘေးရေချမ်းစင်ကို ရေဖြည့်ပေးနေသူ (သတင်းဆောင်းပါး)

မနက် ၁၀ နာရီလောက်မှာတင် နေအပူချိန်က ရန်ကုန်မြို့ရဲ့လမ်းမတွေကို တံလျှပ်တဟီးဟီးထအောင် လောင်မြှိုက်နေတယ်။

လှည်းတန်း၊ စံရိပ်ငြိမ်မှတ်တိုင်အနီး HIGER အမျိုးအစား အနီရောင်လေအိတ်ကားတစ်စီး ထိုးဆိုက်လာတယ်။ ကားတံခါးပွင့်လာတော့ လူငယ်တချို့ ကားပေါ်က ဆင်းလာကြပြီး လမ်းကိုဖြတ်ကူးကာ တစ်ဖက်က ဘုန်းကြီးကျောင်းဝင်းထဲကို ခပ်သုတ်သုတ် ဝင်သွားကြတယ်။

အေးနေအောင်အဲကွန်းဖွင့်ထားတဲ့ကားပေါ်ကနှစ်ခုံတွဲခုံတွေမှာကလေးတချို့ကထိုင်နှင့်နေပြီ။အသက်အားဖြင့်ခုနစ်နှစ်လောက်ကနေ၁၄နှစ်လောက်အထိအရွယ်စုံပဲ။သူတို့ကိုထိန်းတဲ့လူငယ်တချို့နဲ့အတူလှုပ်လှုပ်ရွရွထိုင်နေကြတာ။

“ဆရာမ သားတို့ကား မသွားသေးဘူးလား”

“ဆရာ ကားက ဘာလို့ရပ်တာကြာနေတာလဲ” ဆိုပြီး ကားပေါ်မှာ ကျန်ရစ်ခဲ့တဲ့လူငယ်တချို့ကို သူတို့က မေးခွန်းထုတ်နေကြတယ်။ ကလေးတွေရဲ့မျက်နှာမှာတော့ အပြုံးတွေပွင့်လို့။

၁၅ မိနစ်လောက်ကြာတော့ ဘုန်းကြီးကျောင်းဝင်းထဲကနေ ခုနကလူငယ်အဖွဲ့ အရွယ်စုံကလေးတသိုက်ကို လက်ကဆွဲရင်း ကားလမ်းကို ဖြတ်ကူးလာကြတယ်။

အဲဒီကလေးတွေထဲက တချို့ကဖိနပ်မပါ၊ တချို့က ညစ်ပေနေတဲ့အဝတ်အစားတွေကို ဝတ်ထားကြတယ်။ ဒီကလေးတွေရော၊ ကားပေါ်က ကလေးတွေပါ  ဒီလူငယ်တွေသင်ပေးနေတဲ့လမ်းဘေးစာသင်ဝိုင်းရဲ့ကျောင်းသားတွေပါ။

မကြာခင်မှာ ကလေး ၃၀ကျော်ကိုတင်ထားတဲ့ လေအိတ်ကားဟာ တအိအိနဲ့ရန်ကုန်မြို့တွင်းဘက်ကို ဦးတည်မောင်းနှင်ပါတော့တယ်။

ကားထွက်ပြီးသိပ်မကြာခင် စပို့ရှပ်ဝတ်ထားတဲ့လူငယ်က အိမ်ကယူလာတဲ့ဂစ်တာကိုတီးပြီး ကလေးတွေကို သီချင်းဆိုပြတယ်။ သီချင်းနာမည်က ‘ယုံကြည်ရာ’ ၊ အဆိုတော်လေးဖြူရဲ့ နာမည်ကြီးသီချင်း။

“လူဆိုတာအမြဲ ယုံကြည်ရာတစ်ခုအတွက် အသက်ကိုတောင်စတေးကြတာပဲ…” ဆိုတဲ့စာသားတွေအရောက်မှာ ကလေးငယ်တွေရော တခြားလူငယ်တွေပါ သံပြိုင်ဝင်ဟစ်ကြတော့တယ်။

စပို့ရှပ်ဝတ်ထားတဲ့လူငယ်နာမည်က ကိုဖြိုး၊ အသက်က၂၆နှစ်၊ အရပ်ငါးပေခွဲကျော်လောက်ရှိပြီးအသားညိုညို၊ မျက်နှာလေးထောင့်စပ်စပ်နဲ့ ခန္ဓာကိုယ်က ခပ်ဖိုင့်ဖိုင့်။ 

မတ်လရဲ့တနင်္ဂနွေတစ်ရက်မှာ သူနဲ့လူငယ်တချို့ဟာ သူတို့စာသင်သားကလေးတွေကိုဗဟုသုတခရီးစဉ်အဖြစ် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို လိုက်ပို့နေကြတာပဲဖြစ်ပါတယ်။

ကလေးတွေကို တိရိစ္ဆာန်ဥယျာဉ်အလည်အပတ်ပို့ပေးနေတဲ့ ရေချမ်းစင်အဖွဲ့ (Photo – Mawkun)

 

ကိုဖြိုးဦးဆောင်တဲ့ ‘ရေချမ်းစင်’ဆိုတဲ့ဒီအဖွဲ့ဟာ ရန်ကုန်မြို့က ချို့တဲ့နွမ်းပါးကလေးငယ်တွေကိုစာသင်ပေးနေတာ တနှစ်ကျော်လာပါပြီ။

ဒီအဖွဲ့မှာ လုပ်အားပေး ဆရာ၊ ဆရာမ လူငယ် ၃၀ ကျော် ရှိပါတယ်။ အများစုက ဆရာမလေးတွေ။ ရန်ကုန်က ပညာသင်ကြားခွင့်ဆုံးရှုံးနေတဲ့ ရာနဲ့ချီတဲ့ကလေးငယ်တွေကို စာတတ်အောင် သူတို့က ကူညီသင်ပြပေးနေကြတာပါ။ 

“အလှူရှင်ရဲ့အကူအညီနဲ့ ဒီနေ့ သူတို့ကို လိုက်ပို့တာပေါ့။ လှည်းတန်း၊ အင်းစိန်၊ ဒညင်းကုန်းဘက်က ကလေးတွေပါတယ်” လို့ လေ့လာရေးခရီးနဲ့ပတ်သက်ပြီး ကိုဖြိုးက ပြောပြတယ်။ သူ့သင်တန်းက ကလေးအားလုံးတော့ ဒီခရီးစဉ်မှာ မပါပါဘူး။ 

ပြီးခဲ့တဲ့နှစ်အစောပိုင်းလမ်းဘေးနွမ်းပါးကလေးငယ်တွေကို စာမသင်ခင်တုန်းက သူဟာဂျပန်စာ သင်တန်းနည်းပြအဖြစ် အသက်မွေးတယ်။ အခုလည်းဂျပန်စာကို ဆက်သင်ပေးနေဆဲဖြစ်ပေမယ့် လမ်းဘေးကျောင်းဆရာအဖြစ်ပါ ပူးတွဲလုပ်ဆောင်နေတာ။

နွမ်းပါးကလေးများအတွက် ရေချမ်းစင်

စစ်အာဏာသိမ်းခံရပြီး ပဋိပက္ခပေါင်းစုံနဲ့ တစ်တိုင်းပြည်လုံးကြုံနေရချိန် မြန်မာပြည်ရဲ့ လူဦးရေအထူဆုံးမြို့  ရန်ကုန်ကလမ်းမတွေပေါ်မှာ နွမ်းပါးကလေးငယ်တွေ တိုးပွားလာတာကို သူသတိထားမိခဲ့တယ်။ ဒီကလေးတွေအတွက် တတ်နိုင်တာလုပ်ပေးဖို့ ကိုဖြိုး သန္နိဋ္ဌာန်ချလိုက်တယ်။

သူစပြီး စာသင်တုန်းက ကလေးငယ်ငါးဦးတည်းသာရှိခဲ့တာလို့ပြောပြတယ်။ သူနေထိုင်ရာ အင်းစိန်မြို့နယ်က ကုန်းကျော်တံတားအောက်မှာ စာသင်ဝိုင်းကိုစခဲ့တာ။ 

အခုတော့ လှည်းတန်း၊ အင်းစိန်၊ လှိုင်သာယာနဲ့ ဒလမြို့နယ်တွေမှာ ကိုဖြိုးတို့အဖွဲ့ စာသင်ပေးနေတဲ့ကလေး အရေအတွက်က တစ်နှစ်ကျော်အတွင်း ရာပေါင်းများစွာဖြစ်လာနေပြီး တိုးသထက်တိုးလာနေတယ်လို့ ကိုဖြိုးကပြောပြတယ်။

ရေချမ်းစင်ရဲ့စာသင်သားတွေကလူစုံတယ်၊ အလွှာစုံတယ်။ဒါပေမဲ့အားလုံးဟာအောက်ခြေနင်းပြားတွေရဲ့သားသမီးတွေချည်းပဲ။

ရန်ကုန်လမ်းမတွေ၊ ယာဉ်လိုင်းတွေပေါ်မှာ တောင်းရမ်းစားသောက်သူတွေ၊  စွန့်ပစ်ထားတာတွေထဲက ရောင်းလို့ရသမျှ ရှာဖွေကောက်ယူအသက်မွေးသူတွေနဲ့ ကျူးကျော်ရပ်ကွက်တွေမှာနေထိုင်တဲ့ ချို့တဲ့ဆင်းရဲမိသားစုတွေထဲက ကလေးတွေဟာ သူ့စာသင်သားတွေပဲ။ 

သူ့ကျောင်းသားတွေက အိမ်အတွက်ဝင်ငွေရှာနေကြတဲ့ ကလေးတွေဖြစ်တာကြောင့် သူတို့နဲ့ အနီးကပ် ရင်းနှီးအောင်ပေါင်းပြီး စာတတ်ဖို့လိုအပ်ပုံကို နားဝင်အောင်ပြောရင်းသင်ပေးရတယ်လို့ ကိုဖြိုးကပြောပြတယ်။

“လမ်းမပေါ် လျှောက်သွားရတယ်၊ ညစ်ပေနေတဲ့ ကလေးတွေကို ယုယုယယနဲ့စည်းရုံးသင်ကြားပေးရတာလေ။ ကလေး တွေက ပုခုံးပေါ်တက်ထိုင်ကြ၊ ဆော့ကြ၊ အော်ကြနဲ့ပဲ သင်ပေးရတာပေါ့လေ။ ပုံမှန်စာသင်တဲ့ပုံစံထက် တော်တော်လေး ပင်ပန်းတဲ့ပုံစံနဲ့ စာသင်ရတဲ့အလုပ်မျိုးပါ”

ရန်ကုန်တိရစ္ဆာန်ရုံအဝရောက်တာနဲ့ ကိုဖြိုးကျောင်းသားတွေဟာ အပျော်လွန်နေကြပြီ၊လှုပ်ရွလူးလွန့်နေကြပြီ။ ဥယျာဉ်ထဲမဝင်ခင်ကတည်းက တခြားလူငယ်ဆရာ၊ ဆရာမတွေကိုကိုဖြိုးကတာဝန်ကိုယ်စီခွဲပေးပြီး ကလေးတွေမပျောက်ရအောင်စီမံတယ်။

ပိတ်ရက်မို့တိရစ္ဆာန်ရုံမှာလည်းစည်စည်ကားကားဖြစ်နေတာပေါ့။ တောက်ပတဲ့အဝတ်အစားအရောင်စုံ၊ အသွေးအရောင်စုံမိသားစုတွေနဲ့ကလေးငယ်တွေလည်ပတ်နေကြတဲ့ဒီဥယျာဉ်ထဲမှာကိုဖြိုးရဲ့ကျောင်းသားတွေက ကိုယ်ရောင်ကိုယ်ဝါအမှိန်ဆုံးပါ။

ကလေးတွေ ရောနှောပျောက်ရှမှာစိုးလို့ လူငယ်ဆရာ၊ ဆရာမတွေလည်း မျက်လုံးဒေါက်ထောက် ကြည့်နေကြရပြီ။ ကိုဖြိုးရဲ့ ဝိုင်းတော်သား လူငယ်ဆရာမတဦးဆိုရင် တခြားမိသားစုကကလေးကို သူတို့ကလေးထင်ပြီး သွားခေါ်တာမျိုးတောင် ရေမြင်းပြခန်းအနီးမှာ ဖြစ်ခဲ့သေးတာ။

အရွယ်စုံ၊ ပုံစံစုံ၊ ခပ်နွမ်းနွမ်းအဝတ်အစားတွေနဲ့ကလေးအုပ်ကြီးကိုငယ်ရွယ်သန့်ပြန့်တဲ့လူငယ်တစ်သိုက်ကထိန်းနေ၊ စောင့်ရှောက်နေတာကိုဥယျာဉ်ထဲကို အလည်လာသူတွေမြင်ကြတော့တချို့က လည်ပြန်ကြည့်ကြတာကိုတွေ့ရတယ်။

တနေရာမှာဆိုရင် ထိုင်ခုံမှာထိုင်နေတဲ့မိသားစုတစ်စုက ကိုဖြိုးတို့နဲ့ကလေးတစ်သိုက်ကိုကြည့်ပြီး “မိဘမဲ့ကျောင်းက ကလေးတွေနဲ့တူတယ်” ဆိုပြီး အသံထွက်ခန့်မှန်းလိုက်တာကို ကြားလိုက်ရသေးတယ်။   

ကိုဖြိုးတို့ကတော့ကြားပုံမရဘူး။ ကလေးတွေတရုန်းရုန်းနဲ့ရှေ့ကိုဆက်သွားနေကြတယ်။

မိဘတွေကိုပါစည်းရုံးရတဲ့ ရေချမ်းစင်

လှိုင်သာယာ၊ ဒလ၊ အင်းစိန်နဲ့လှ ည်းတန်းလိုနေရာတွေမှာရေချမ်းစင်ရဲ့စာသင်ဝိုင်းတွေကိုလတ်တလောဖွင့်ထားတယ်။ သူ့ကျောင်းသားတွေရဲ့မိသားစုတွေဟာတကယ့်ကိုဆင်းရဲ၊ရုန်းကန်နေကြရတဲ့မိသားစုတွေချည်းလို့ ကိုဖြိုးကပြောပြတယ်။

တချို့ဆိုရင်သူတို့ကလေးကိုစာလာသင်ပေးတာကိုတောင်မကြိုက်ကြသူတွေရှိတယ်လို့ဆိုတယ်။ဒါပေမဲ့ ကလေးကိုစာသင်ပေးချင်တော့ မိဘတွေကိုပါစည်းရုံးတဲ့အလုပ်ကိုပူးတွဲလုပ်ရင်းသူတို့ရဲ့နားလည်မှုကိုရအောင်ယူသင်ကြားပေးရတယ်လို့ ကိုဖြိုးကပြောပြတယ်။

“သူတို့ကလေးကို မလွှတ်တာမျိုးရှိတယ်။ ကလေးကို စာသွားမသင်နဲ့၊ ဈေးပဲသွားရောင်းဆိုတာမျိုးတွေ ကြုံရတာမျိုးတော့ ရှိတယ်။ အဲဒီလိုမျိုးကိစ္စတွေဖြစ်လာတဲ့အခါ ကျွန်တော်တို့ဘက်က မိဘတွေနဲ့ စကားပြောပါတယ်။ စကားသွားပြောတဲ့အခါ ထွေထွေထူးထူးပြဿနာမျိုး မရှိပါဘူး။ သူတို့ကလေးကို စာသင်ပေးတဲ့ဆရာဆိုတဲ့ ဂုဏ်ပုဒ်ခံနေတော့ ပြဿနာမရှိဘူး။ ကလေးကိုစာသင်စေဖို့ ဖြည်းဖြည်းချင်းပဲစည်းရုံးပြောဆိုရတယ်။ နောက်ပိုင်းတော့ အဲဒီမိဘတွေနဲ့လည်း အဆင်ပြေသွားတာပေါ့”

ကလေးတွေကို တိရိစ္ဆာန်ဥယျာဉ်အလည်အပတ်ပို့ပေးနေတဲ့ ရေချမ်းစင်အဖွဲ့ (Photo – Mawkun)

 

တခါတလေ ကလေးတွေကိုတချို့ကဈေးကူရောင်းပေးရင်း၊ တချို့ကစာသင်ပေးရင်းသူတို့လူငယ်တွေလှုပ်ရှားကြရတယ်လို့ ကိုဖြိုးကပြောပြတယ်။

နွမ်းပါးဆင်းရဲကြတဲ့လမ်းဘေးကလေးငယ်တွေဖြစ်တာကြောင့် မိသားစုပြဿနာတွေလည်းသူ့စာသင်သားတွေထဲမှာ အများကြီးပဲ။ ဒီအခါလူမှုရေးအရ ဝင်ဖြေရှင်းပေးရင်းနိုင်တဲ့ဘက်ကနေကလေးနဲ့မိသားစုတွေ အဆင်ပြေအောင် ကိုဖြိုးက ထောက်ပံ့ရပါသေးတယ်။

တွန်းလှည်းလိုနေတဲ့ကလေးမိသားစုကို တွန်းလှည်း၊ အလုပ်သွားဖို့ စက်ဘီးလိုနေတဲ့ကလေးကို စက်ဘီး၊ ခြေမသန်စွမ်းဖြစ်နေတဲကလေးအတွက် တက်ထိုင်စီးပြီးသွားလို့ရတဲ့စကိတ်၊ အိမ်လခအခက်ကြုံနေတဲ့  မိသားစုတချို့အတွက်အိမ်လခကူညီနဲ့နိုင်ရာကူညီဖြေရှင်းပေးရင်းဒီကလေးတွေစာသင်ခန်းနဲ့ ဝေးမသွားစေဖို့ ကိုဖြိုးတို့ကကြိုးစားကြတယ်။

“ကလေးတွေအတွက် ပညာရေးဟာ အရေးကြီးတယ်ဆိုပေမယ့် သူတို့အတွက် လတ်တလောထမင်းစားရဖို့က ပိုအရေးကြီးတယ်။ ဒါကြောင့် ပညာရေးလမ်းကြောင်းဆိုပေမယ့်လည်း ပညာရေးချည်း သီးသန့်သွားလို့လည်း ဒီကလေးတွေအတွက် အဆင်မပြေနိုင်ပြန်ဘူး။ အဲဒီတော့ ဒီကလေးတွေအတွက် လိုအပ်တဲ့ စားဖို့သောက်ဖို့တွေ၊ ဒါတွေကိုလည်း ကျွန်တော်တို့က (စာသင်ပေးရင်း) သူတို့ကို ထောက်ပံ့ပေးတယ်၊ ဖြည့်ဆည်းပေးရတယ်။ အဲဒီလိုအတွက်ကြောင့် ကလေးတွေဟာလည်း ကျွန်တော်တို့ဆီမှာ တဖြည်းဖြည်းများများလာတယ်” လို့ကိုဖြိုးကရှင်းပြတယ်။

ဒီလို သူ့စာသင်သားကလေးငယ်တွေရဲ့အခက်အခဲကို ကူညီဖို့လိုအပ်လာတဲ့အခါ လိုအပ်တဲ့ငွေကြေးကို ကိုဖြိုးက လူမှုကွန်ယက်ကတဆင့်၊ သို့မဟုတ် အသိမိတ်ဆွေတွေဆီကတဆင့် အလှူခံပြီး အလှူရှင်တိုက်ရိုက်ပံ့ပိုးစေတာမျိုးနဲ့ ကလေး မိသားစုတွေကို ချိတ်ဆက်ဖြေရှင်းပေးတယ်လို့ ပြောပြတယ်။

လှူသူနဲ့ လက်ခံသူတိုက်ရိုက်ပေးတွေ့ပြီးဖြေရှင်းစေတာကငွေကြေးပိုင်းဆိုင်ရာအထင်အမြင်လွဲမှားနိုင်တာတွေကိုရှောင်ရှားပြီးလည်းဖြစ်စေတယ်လို့သူကဆိုတယ်။

ဒါပေမဲ့ ကလေးတွေကို စာသင်ပေးတာကတော့ အိတ်စိုက်သင်ပေးတာပါပဲလို့ ကိုဖြိုးကပြောပြတယ်။ ဂျပန်စာသင်တန်း နှစ်ခုက သူ့ရဲ့လုပ်အားခရငွေတချို့ကိုဒီကလေးတွေစာသင်နိုင်ဖို့ဖဲ့ထုတ်အသုံးချတယ်လို့ဆိုတယ်။

“လေကိုပဲ အသုံးပြုရတာဆိုတော့ ကျွန်တော်တို့လည်ပတ်မှုမှာ ငွေကြေးကုန်ကျတာက မရှိသလောက်ပါပဲ။ ဘယ်လို ကုန်ကျမှုတွေရှိသလဲဆိုရင် ကလေးတွေကို ထမင်းကျွေးတာတို့၊ တချို့ volunteer (လုပ်အားပေး) ဆရာ၊ ဆရာမတွေကို ကားခထောက်ပံ့ပေးတာတို့ စသဖြင့် ကုန်ကျမှုတွေတော့ရှိပါတယ်။ ဒါပေမဲ့ အများကြီးကုန်ကျနေတာမျိုး၊ ဥပမာ တလတလ သိန်းဆယ်ချီကုန်ကျနေတာမျိုး မရှိတဲ့အတွက် သူ့ဟာနဲ့သူတော့ လည်ပတ်နိုင်ပါတယ်”

ဟန်ချက်ညီတဲ့စုပေါင်းအားနဲ့ ရေချမ်းစင်

ရေချမ်းစင်အဖွဲ့ဟာငယ်ရွယ်ကြတာတွေ့ရတယ်။ အများစုကမိန်းကလေးတွေ။ပြီးတော့သူ့အဖွဲ့မှာလူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပါဝင်တာတွေ့ရတယ်။ နိုင်ငံခြားသားတစ်ဦးတောင်ပါသေးရဲ့။သူက လှည်းတန်းစာသင်ဝိုင်းမှာလုပ်အားပေးဆရာအဖြစ် ကိုဖြိုးတို့နဲ့အတူသင်ပေးနေတာ သီးတင်းပတ် ငါးပတ်ရှိနေပြီလို့ ဆိုတယ်။

ကိုဖြိုးက ငယ်ရွယ်နုပျိုတဲ့သူ့အဖွဲ့ကို ဟန်ချက်ညီပြီး စုစည်းညီညွတ်တဲ့အဖွဲ့အဖြစ် ဖန်တီးပုံဖော်နေတာလို့ဆိုတယ်။ ရေချမ်းစင်ဟာ လမ်းဘေးကလေးငယ်တွေ၊ ပညာသင်ခွင့်ဆုံးရှုံးနေတဲ့ကလေးငယ်တွေရဲ့ဘဝအမောဖြေရာလမ်းဘေးရေအိုးစင်လိုလူမှုဝန်ဆောင်မှုပေးနိုင်ဖို့ရည်ရွယ်ပြီးစုပေါင်းခေါင်းဆောင်မှုပုံစံနဲ့ လည်ပတ်တယ်လို့ဆိုတယ်။

“ကျနော် ဒီအဖွဲ့မှာ မရှိတော့ရင်လည်း ဒီကလေးတွေအတွက် ကျန်သူတွေဆက်လုပ်နိုင်သွားအောင်ပေါ့၊ လည်ပတ်နိုင်အောင်ပေါ့၊ စီစဉ်ထားတာမျိုး ရှိပါတယ်။ အခုဆိုရင် စာသင်ဝိုင်းတော်တော်များများဟာလည်း သူ့ကလေးနဲ့ သူ့ volunteer နဲ့ သူ့နေရာနဲ့သူ၊ လည်ပတ်နေတဲ့ပုံစံကို ဖန်တီးထားနိုင်ပါပြီ။ တကယ်လို့ ကျနော်မရှိတော့ရင်တောင် ဒီအဖွဲ့အစည်းအပေါ် မှာတော့ သိပ်ပြီးသက်ရောက်မှုဖြစ်မယ် မထင်ပါဘူး”

သူဒီအဖွဲ့ကိုဖန်တီးဖို့ရည်ရွယ်ခဲ့ကတည်းကိုက လူပုဂ္ဂိုလ်အပေါ်မှာအခြေခံဖွဲ့စည်းတာမျိုးမဟုတ်ဘဲ အတွေးအခေါ်ပေါ်မှာအခြေခံတည်ဆောက်ခဲ့တာလို့ ကိုဖြိုးက အခုလိုပြောပြတယ်။

“အခြေခံလူတန်းစားတွေဘက်ကရပ်တည်မယ်လို့ အခြေခံထားတာဖြစ်တဲ့အတွက် ဒီလိုခံယူချက်ရှိသူမှန်သမျှ ဒီအဖွဲ့ကို ဆက်ပြီး ဦးဆောင်သွားလို့ရအောင် ဖန်တီးထားတာပေါ့။ ဒါကြောင့် ကျွန်တော်မရှိလည်း ကိစ္စမရှိပါဘူး။ နောက်လူတွေ ဆက်လုပ်နိုင်ပါတယ်”

တိရစ္ဆာန်ရုံခရီးစဉ်မှာဆိုရင် ဒီလူငယ်တွေဟာ ကလေးတွေနဲ့အတူဆော့တာ၊ ဒန်းစီးတာတွေကိုမြင်ရတဲ့အခါ သူတို့ဟာဆရာ၊ တပည့်ဆိုတာထက် မောင်နှမမိသားစုတွေ အတူပျော်ပါးနေကြတဲ့ပုံစံမျိုးပါ။ တချို့ဆရာမလေးတွေဟာ ပါလာတဲ့ထမင်းဘူးကိုဖွင့်၊ ညစ်ပေနေတဲ့ကလေးတွေကို လိုက်ခွံ့ကျွေး၊ သူတို့လည်းအတူစားကြတာကို တွေ့ခဲ့ရပါတယ်။

နွမ်းပါးဆင်းရဲတဲ့ ကလေးငယ်တွေရဲ့ ပညာသင်ခွင့်မဆုံးရှုံးဖို့ လုပ်ကိုင်နေကြတဲ့ အစိုးရနဲ့မသက်ဆိုင်တဲ့ NGO အဖွဲ့တွေ၊ လူမှုအဖွဲ့အစည်း CSO တွေလိုအဖွဲ့အစည်းတွေရန်ကုန်မှာအများအပြားရှိပေမယ့် အဲဒီအဖွဲ့တွေလက်လှမ်းမမီဘဲ လွတ်ထွက်နေတဲ့ကလေးငယ်တွေကို စာသင်ပေးဖို့ကြိုးပမ်းနေတာလို့ ကိုဖြိုးကပြောပြတယ်။

ဒါကို ချို့တဲ့ဆင်းရဲ ကလေးငယ်အများစု တက်ရောက်ပညာသင်ယူနေကြတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်း (ဘ/က) တွေမှာတောင်မတက်ရောက်နိုင်ကြတဲ့ကလေးတွေကိုဥပမာပေးပြီးကိုဖြိုးကရှင်းပြတယ်။

“ဘ/ကကျောင်း မလာနိုင်တဲ့ကလေးတွေ၊ လမ်းမပေါ်က ကလေးတွေပေါ့လေ။ ဒါတွေက လွတ်ထွက်နေတဲ့ ကလေးတွေပေါ့။ ဒါကြောင့် သူတို့(NGO၊CSO) လက်လှမ်းမမီတော့တဲ့ ကလေးတွေကို ကျနော်တို့ဝင်ပြီး စာသင်ပေးနေတာပါပဲ”

ကလေးတွေကို တိရိစ္ဆာန်ဥယျာဉ်အလည်အပတ်ပို့ပေးနေတဲ့ ရေချမ်းစင်အဖွဲ့ (Photo – Mawkun)

 

ပညာရေးနဲ့အဖြေရှာမယ့် ရေချမ်းစင်

ကိုဖြိုးကတော့ကလေးသူငယ်စာတတ်မြောက်နှုန်းကျဆင်းတာဟာလူ့အဖွဲ့အစည်းအတွက်အနာဂတ်ပြဿနာတစ်ခုလို့မြင်ပါတယ်။

ဆင်းရဲနွမ်းပါးကလေးငယ်တွေ၊ လေလွင့်ကလေးငယ်တွေရဲ့ပညာသင်ယူခွင့်ဆုံးရှုံးမှုဟာကိုယ်နေထိုင်ရာလူမှုဝန်းကျင်တစ်ခုလုံးကိုအဆိုးကျော့သံသရာနဲ့ကြုံစေမှာလို့သူကယူဆတယ်။ပညာရေးရဲ့အရေးကြီးပုံနဲ့ပတ်သက်ပြီး သူ့ထင်မြင်ချက်ကို အခုလိုဆက်ပြောတယ်။

“လူ့အဖွဲ့အစည်းမှာ ပညာမတတ်သူတွေများလာလေလေ၊ ဆင်းရဲမွဲတေမှုဟာ ပိုပြီးရှည်ကြာလာလေလေပဲ။ ဆင်းရဲမွဲတေမှုက ဖိစီးလေလေ၊ ရာဇဝတ်မှုတွေဟာ ပိုပြီးထူပြောလာလေလေပဲ။ ဒါက လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ ပြဿနာတစ်ရပ် ဖြစ်လာ တော့တာပေါ့”

ဒါကြောင့်ကလေးငယ်တွေရဲ့ဆုံးရှုံးနေတဲ့အခွင့်အရေးကိုသူတတ်နိုင်တဲ့ဘက်ကပြန်ပေးဖို့စဉ်းစားတဲ့အခါပညာသင်ပေးဖို့ရွေးချယ်ခဲ့တာလို့ ကိုဖြိုးက ပြောပြတယ်။

“ ဒီကလေးငယ်တွေကို မုန်ကျွေးလိုက်ရင်၊ ထမင်းကျွေးလိုက်ရင် ခဏတာတော့ ဗိုက်ပြည့်သွားမှာပေါ့။ ဒါပေမဲ့ ရေရှည်အတွက်၊ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အားလုံးခြုံကြည့်မယ်ဆိုရင်တော့ ပညာရေးစနစ်လမ်းကြောင်းဟာ အရေးကြီးတယ်လို့ မြင်တယ်။ ဒီပညာရေးစနစ်ထဲမှာမှ ဒီလူ့အဖွဲ့အစည်းထဲမှာ ဘယ်သူတွေက အရေးကြီးသလဲဆိုရင် ဒီလေလွင့်ကလေးငယ်တွေ က အရေးကြီးတယ်လို့ မြင်တယ်။ အခြေခံလူတန်းစားတွေရဲ့ ကလေးငယ်တွေ ပညာရေးရဖို့က အရေးကြီးတယ်လို့ မြင်တယ်။ သူတို့အတွက်ကို ကျွန်တော်တို့အနေနဲ့ ပညာရေးလမ်းကြောင်းတစ်ခုခုကို ဖော်ဆောင်ပေးဖို့ လိုအပ်တယ်”

ရေချမ်းစင်ရဲ့သင်ကြားပေးတဲ့ နည်းစနစ်ကလက်ရှိကျောင်းသင်ရိုးညွှန်းတမ်းတွေကိုပဲကိုးကားတာဖြစ်ပါတယ်။ ဒါပေမဲ့ကျောင်းသင်ရိုးနဲ့မတူတာက ထိလွယ်၊ ရှလွယ်ပြီးအရွယ်မတိုင်ခင်ဝင်ငွေရှာဖွေနေရတဲ့ ဒီကလေးတွေကို လိင်ပညာပေးသင်ကြားတာ၊ သဘာဝပတ်ဝန်းကျင်အကြောင်းတွေသင်ကြားတာ၊ အိမ်တွင်းအကြမ်းဖက်မှုတွေအကြောင်းရှင်းပြတာနဲ့ ကလေးကိုယ်တိုင်စဉ်းစားတွေးတောမေးခွန်းထုတ်တတ်သူဖြစ်လာအောင် လုပ်ပေးတာတွေလည်း ပါဝင်ပါတယ်။

“သင်ရိုးညွှန်းတမ်းကို ပုံမှန်ဟာကိုပဲ ကိုးကားသင်ပေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ပုံမှန်စာသင်ကျောင်းတွေနဲ့ မတူတာက activities (ပါဝင်လုပ်ဆောင်မှု) တွေလုပ်ခိုင်းတာကို ပိုပြီး အလေးပေးတယ်။ လမ်းပေါ်က ကလေးတွေ အများစု ဖြစ်တာကြောင့် သူတို့မှာ အန္တရာယ်တွေကလည်း ပတ်လည်ဝိုင်းနေတာလေ။ ဒီတော့ Sex Education ကိုလည်း တွဲသင်ပေးတယ်။ ကလေးတွေကို ဆော့ကစားခိုင်းရင်း ကိုယ်တိုင်စဉ်းစားတွေးတောတတ်လာအောင် ကျနော်တို့ ဆရာ၊ ဆရာမတွေက သင်ကြားပေးတယ်” လို့ကိုဖြိုးက ပြောပြတယ်။

အင်းစိန်မြို့နယ်ထဲက ရထားသံလမ်းဘေးမှာရှိတဲ့ ကျူးကျော်အိမ်စုတွေထဲက ရေချမ်းစင်အဖွဲ့ရဲ့စာသင်ခန်းဟာ ၁၀ ပေပတ်လည်လောက်သာကျယ်တဲ့ အုပ်ညှပ်အိမ်လေးတစ်လုံးရဲ့အရှေ့ခြမ်းကို ငှားရမ်းဖွင့်လှစ်ထားတာပါ။ နှစ်ပေလောက်သာကျယ်တဲ့ လမ်းကျဉ်းလေးအတိုင်းဝင်သွားရင် ရေပုပ်နံ့တွေ၊ ပီနံအိတ်ပတ်လည်ကာရံထားတဲ့ လေးတိုင်စင်အိမ်သာတွေက သူ့စာသင်ခန်းကိုဝန်းရံထားတယ်။ တစ်ခါတလေလာတဲ့ ဧည့်သည်တွေအတွက်တော့ အနံ့အသက်ကဆိုးရွားလွန်းပေမယ့် သူတို့တွေကတော့ ရိုးနေပုံပါပဲ။

ဒီနေရာကို ကိုဖြိုးလာပြီးစာသင်ဝိုင်းထောင်ပေးထားတာ တစ်နှစ်ကျော်လာပြီလို့ဆိုပါတယ်။ အခန်းကျဉ်းလေးထဲမှာ ကြပ်ညပ်စွာထိုင်နေတဲ့ကလေးတွေကို “ ကိုယ့်ခန္ဓာမှာ တခြားသူတွေကို ပေးမကိုင်သင့်တဲ့နေရာတွေကိုသိသလား” လို့ ကိုဖြိုးက မေးခွန်းထုတ်လိုက်တဲ့အခါ “ နှုတ်ခမ်း၊ ရင်သား၊ တင်ပါး၊ ပိပိလေးနဲ့ ဂျိုးလေးပါဆရာ” ဆိုပြီးကလေးတွေကသံပြိုင်ပြန်ဖြေကြတာတွေ့ရတယ်။

လမ်းပေါ်ကလေးတွေရှိသရွေ့ ရေချမ်းစင်ရှိမယ်

စစ်အာဏာသိမ်းပြီးနောက်နိုင်ငံရေးပဋိပက္ခပေါင်းစုံ၊ စီးပွားရေးကျပ်တည်းမှုပေါင်းစုံနဲ့ကြုံလာရတဲ့ရန်ကုန်ရဲ့လမ်းမတွေပေါ်မှာ ပညာသင်ခွင့်ဆုံးရှုံးနေတဲ့ကလေးငယ်တွေ တနေ့ထက်တနေ့တိုးလာနေတယ်လို့သူထင်ကြောင်း ကိုဖြိုးကပြောပြတယ်။

၂၀၁၉ကြားဖြတ်သန်းခေါင်စာရင်းအရ ကျောင်းဆက်မတက်နိုင်တဲ့ကျောင်းသား၁၀ဦးမှာ သုံးဦးက မိဘကိုကူညီနေရသူတွေ၊ နှစ်ဦးကတော့ မိဘတွေက ငွေကြေးမတတ်နိုင်လို့ကျောင်းမတက်နိုင်သူတွေဖြစ်တယ်လို့ ဖော်ပြပါတယ်။ ကျောင်းသားအများစုက မူလတန်းသာတက်ဖူးကြပြီးအသက်၁၄နှစ်နောက်ပိုင်း ပညာသင်ယူနှုန်းဟာ သိသိသာသာကျဆင်းသွားတယ်လို့ အစီရင်ခံစာကဆိုပါတယ်။ ဒီနှုန်းကအရပ်သားအစိုးရတွေခေတ်မှာပါ။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်မှာဆင်းရဲမွဲတေမှုနှုန်း တိုးလာသလိုအရေးပေါ်အကူအညီလိုအပ်နေတဲ့အရပ်သားဟာ ၁၈သန်းကျော်တောင်ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာအစီရင်ခံစာတွေက ဆိုပါတယ်။

ကုလသမဂ္ဂကလေးသူငယ်ရန်ပုံငွေအဖွဲ့– UNICEF ကတော့ မြန်မာနိုင်ငံက အသက်ခြောက်နှစ်နဲ့ကိုးနှစ်ကြား ကလေးငယ် ၁၀ ဦးမှာ တဦးဟာကျောင်းမနေရဘူးလို့ ဖော်ပြပါတယ်။ ပြီးတော့ ကပ်ရောဂါနဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ကလေးသူငယ်နဲ့ လူငယ် ၁၂ သန်းရဲ့ ပညာရေးအလျဉ်ဟာ ပဋိပက္ခတွေကြောင့် ဖြတ်တောက်ခံရသလို ဖြစ်ခဲ့တယ်လို့လည်း ဖော်ပြတယ်။

အာဏာသိမ်းမှုရဲ့နောက်ဆက်တွဲကအားလုံးကိုလွှမ်းခြုံသက်ရောက်နေတာကိုလက်ခံပေမယ့်သူလုပ်နေတဲ့ကဏ္ဏကိုထိခိုက်ပြီးကလေးတွေရဲ့ပညာရေးလမ်းကြောင်းယိမ်းယိုင်မှာစိုးလို့နိုင်ငံရေးကိုတော့မဝေဖန်လိုဘူးလို့ ကိုဖြိုးကပြောပါတယ်။

သူလည်းမကြာသေးခင်ကစစ်မှုထမ်းဖို့ဆင့်ခေါ်ခံခဲ့ရသူစာရင်းမှာပါဝင်ခဲ့ပြီး မဲနှိုက်ချိန်မှာလွဲခဲ့တာကြောင့် ဒီတကြိမ်ကံကောင်းခဲ့တယ်လို့ ကိုဖြိုးကဆိုပါတယ်။ အခြားလူငယ်အများစုလိုပဲကိုဖြိုးလည်းပြည်တွင်းပဋိပက္ခဖြစ်နေချိန်မှာ စစ်မှုမထမ်းလိုဘဲနွမ်းပါးဆင်းရဲကလေးငယ်တွေရဲ့ပညာရေးကိုသာအာရုံစိုက်ချင်တာလို့ဆိုပါတယ်။

ဒီလိုနွမ်းပါးဆင်းရဲကြတဲ့ကလေးငယ်တွေရဲ့ပညာရေးကိုအကျယ်ပြန့်ဆုံးနဲ့အကောင်းဆုံးပံ့ပိုးပေးနိုင်တဲ့အဖွဲ့တွေပိုတိုးလာပြီး ဒီလိုကလေးတွေကိုလူ့အဖွဲ့အစည်းကနေပစ်ပယ်မထားဘဲသတိမူ၊ ဖေးကူလာကြအောင်သူတို့ရဲ့လှုပ်ရှားမှုတွေကို တတ်နိုင်သမျှလုပ်သွားမယ်လို့ကိုဖြိုးက ဆိုတယ်။

“ ဒီလို လမ်းဘေးကလေးသူငယ်တွေ ရှိနေသမျှကာလပတ်လုံး ကျနော်တို့ ဒီပညာရေး ထောက်ကူပေးမှုကို ရသမျှ ဆက်လုပ် နေရဦးမှာပေါ့။ အကယ်၍ ဒီလိုကလေးတွေ မရှိတော့ဘူးဆိုရင် လူ့အဖွဲ့အစည်းဟာလည်း နောက်တစ်ဆင့်ကို တိုးတက် သွားပြီပေါ့လေ။ အဲဒီလို အခြေအနေရောက်သွားရင်တော့ ကျနော်တို့အဖွဲ့လည်း ရှိမှာမဟုတ်တော့ဘူးပေါ့။ မဟုတ်ရင်တော့ ဆက်ရှိနေပေးရဦးမယ်၊ ဒီကလေးတွေအတွက်ပေါ့”

အနာဂတ်မှာကိုယ်တိုင်ဘာဖြစ်ရမယ်၊ ဘယ်လိုကြီးပွားရမယ်ဆိုတဲ့ ငယ်စဉ်အိမ်မက်တွေတကူးတက မရှိခဲ့ပေမယ့် ဒီလိုကလေးငယ်တွေကို စာသင်ပေးနေတာဟာသူလိုချင်တဲ့လူ့အဖွဲ့အစည်းကို ပုံဖော်နေတာလို့ ကိုဖြိုးက အခုလိုပြောပါတယ်။

“ကျွန်တော်ဘယ်လို လူ့အဖွဲ့အစည်းမှာ နေချင်တယ်ဆိုတဲ့ စိတ်ကူးပေါ့လေ၊ အဲဒါမျိုးတော့ ရှိခဲ့ဖူးတယ်။ အခုတော့ ကျနော်လိုချင်တဲ့ လူ့အဖွဲ့အစည်းမျိုးကို ကိုယ်တိုင်ပုံဖော်နေတဲ့ သဘောပါပဲ”

( ဤဆောင်းပါးသည် မော်ကွန်းမဂ္ဂဇင်း၏ ဆောင်းပါးဖြစ်သည်။ မော်ကွန်းမဂ္ဂဇင်းသည် မြန်မာနိုင်ငံ၌ ပထမဆုံးသော စုံစမ်းထောက်လှမ်းရေးသားသည့် သတင်းဌာနတခုဖြစ်သည်။ )

#မြေလတ်အသံ #ရေချမ်းစင် #ရန်ကုန် #လမ်းဘေး #စာသင်ဝိုင်း #ပညာရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10