လမ်းဟောင်းပေါ်မှာ နေပြည်တော်စစ်ရေးပြ လုံခြုံရေးရဲကို Expressကားက ဝင်တိုက်လို့ သေဆုံး

လမ်းဟောင်းပေါ်မှာ နေပြည်တော်စစ်ရေးပြ လုံခြုံရေးရဲကို Expressကားက ဝင်တိုက်လို့ သေဆုံး

စစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာ အုပ်စု၊ စိမ်းစားပင်ကျေရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၂၂၇/၀ နဲ့ ၂၂၇/၁ ကြားမှာ စစ်ကောင်စီလက်အောက်ရဲတပ်ဖွဲ့ဝင် ၁ ဦး ကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတ်လ ၁၁ ရက် ဒီကနေ့ မနက် ၆ နာရီကျော်မှာ လမ်းလုံခြုံရေးစောင့်နေတဲ့ ရဲတပ်ကြပ်တဦးကို သိုက်ချောင်းဘက်က ပျဥ်းမနားဘက်ကို မောင်းနှင်လာတဲ့ ဒို့ညီနောင် ခရီးသည်တင်ယာဥ်က ဝင်တိုက်မိခဲ့တာ လို့ဆိုပါတယ်။

"သူက လုံခြုံရေးကျနေတော့ လမ်းဘေးမှာ ဟိုလျှောက်ဒီလျှောက်လုပ်နေချိန် ခရီးသည်တင်ကားကလည်း အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာ။ တိုက်မိတဲ့နေရာက ကားလမ်းပေါ်နည်းနည်း ရောက်နေတယ်" လို့ ဇေယျာသီရိဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ခရီးသည်တင်ကားဝင်တိုက်မိလို့ ရဲတပ်ကြပ်မှာ ဦးခေါင်းပွင့်ထွက်ဒဏ်ရာရပြီး နေရာမှာပဲ သေဆုံးသွားပြီး ရဲအလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေကကောက်ယူပြီး နေပြည်တော်၊ ကုတင် ၁၀၀၀ ဆေးရုံကို သယ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

ရဲကိုဝင်တိုက်ခဲ့တဲ့ ဒို့ညီနောင်ယာဥ်မောင်း အသက် ၃၈ နှစ်အရွယ်၊ ခွန်အောင်ကျော်ကိုတော့ ဇေယျာသီရိရဲစခန်းက ဖမ်းသွားပြီး ကားကိုလည်း သိမ်းသွားသလို ယာဥ်ပေါ်ပါခရီးသည်တွေ ကိုတော့ အခြားကားတွေနဲ့ပြောင်းရွှေ့ ပေးလိုက်တယ်လို့ သိရပါတယ်။

မတ်လ ၂၇ ရက်မှာ စစ်ကောင်စီရဲ့ ၇၉ နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြလုပ်ဖို့ မနက်အစောပိုင်းတွေမှာ စစ်ရေးပြလေ့ကျင့်မှုတွေလုပ်ဆောင်နေပြီး အဲ့ဒီစစ်ရေးပြတပ်သားတွေ လုံခြုံရေးအတွက် စစ်ရေးပြကွင်းအနီး ပင်လောင်းလမ်းဆုံမှ သိုက်ချောင်းလမ်းဆုံတလျှောက်အထိအပါအဝင် နေပြည်တော်နဲ့အနီးတဝိုက်ကို လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#နေပြည်တော် #သိုက်ချောင်း #ရဲတပ်ဖွဲ့ #ကားတိုက်ခံရ #ခရီးသည်တင်ယာဉ် #သေဆုံးမှု #စစ်ရေးပြ #လုံခြုံရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10