လားရှိုးဗျူဟာကုန်းတိုက်ပွဲမှာ ကနီနယ်က PDF ရဲဘော်တဦးကျဆုံး

လားရှိုးဗျူဟာကုန်းတိုက်ပွဲမှာ ကနီနယ်က PDF ရဲဘော်တဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်က PDF ရဲဘော်တဦး ဇူလိုင် ၄ ရက်မှာ ရှမ်းပြည်နယ်၊ လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ ဗျူဟာကုန်းတခုကို တိုက်ခိုက်ရင်း ကျဆုံးခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူဆီက သိရပါတယ်။ 

ကျဆုံးသူဟာ အသက် ၁၈ နှစ်အရွယ် ကိုဖြိုးမင်းဦး (ခ) မိုးကြိုးဖြစ်ပြီး လားရှိုးမြို့က စစ်ကောင်စီရဲ့ ခမရ ၅၀၇ ဗျူဟာကုန်းကို မဟာမိတ်အဖွဲ့တွေနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ချိန်မှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။ 

"သူက PLA ကပါ။ သူ့အတွက် ရွာကတော့ မနက်ဖြန်ဆွမ်းသွပ်မှာ။ မနေ့က သူတယောက်တည်းကျတာ"လို့  ရဲဘော်ဖြိုးမင်းဦးရဲ့ မိသားစုနဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ရဲဘော် ဖြိုးမင်းဦးဟာ People's Liberation Army - PLA အဖွဲ့ကလို့ သိရပြီး မြေလတ်အသံက PLA အဖွဲ့ကို မေးမြန်းရာ တပ်ဖွဲ့တာဝန်ရှိသူတဦးက ၎င်းတို့ပြောရေးဆိုခွင့်ရှိသူ ခရီးလွန်နေတဲ့အတွက် လတ်တလောမှာ ဖြေကြားပေးနိုင်ခြင်း မရှိသေးပါဘူးလို့ ဆိုပါတယ်။

ကနီမြို့နယ်က နောက်ထပ် PDF ရဲဘော်တဦးကလည်း ရဲဘော်ဖြိုးမင်းဦး ကျဆုံးတာနဲ့ပတ်သက်ပြီး "သူကျတာ ဟုတ်ပါတယ်။ ခေါင်းကို ဟက်ရှော့(Head Shot) မှန်တာလို့ သိရတယ်။ သူက PLA ကပါ။ သူက ကျနော့်သူငယ်ချင်းပါ" လို့ ပြောပါတယ်။

လားရှိုးမြို့ပေါ်ရှိ မန်အိုင်ရပ်ကွက် ၄ နဲ့ ၅ အနီးတဝိုက်နေရာတွေမှာ ဇူလိုင် ၄ ရက်ကစတင်ပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြားထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာလည်း လားရှိုးမြို့ထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်တွေနဲ့ စာသင်ကျောင်းတွေ ထိမှန်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ကနီ #တိုက်ပွဲ #ကျဆုံး #PDF 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10