သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ရေးသားသူ - လင်းဇေ၊ သူရအောင် (ပံ့ပိုးကူညီသည်)
လိပ်ပြာဟာ အသက် ၂၀ အရွယ်။ ဆယ်တန်းတက်နေရင်း နိုင်ငံရေးအခြေအနေတွေကြောင့် ကျောင်းထွက်လိုက်ရတဲ့ မိန်းကလေးတယောက်။ ဆယ်တန်းအောင်ခဲ့ရင် သူနာပြုတယောက် လုပ်မယ်ဆိုတဲ့ သူ့အိပ်မက်တွေကို လွှတ်ချခဲ့ပြီး တောခို လက်နက်ကိုင်ကာ တိုက်ပွဲတွေဝင်နေတဲ့ နွေဦးတော်လှန်ရေး ရဲဘော်တယောက်။
နွေဦးတော်လှန်ရေးက ရဲဘော်လိပ်ပြာကို မွေးဖွားပေးခဲ့တယ်။ ဘဝတခုကို ပြောင်းလဲ ဖန်တီးပေးခဲ့တယ်။
ကျေးရွာထဲမှာ မိသားစုနဲ့အတူ အေးအေးချမ်းချမ်းနေလို့ရပေမယ့် မငြိမ်းချမ်း၊ မအေးချမ်းတဲ့ ဘဝတွေနဲ့ မတရားမှုတွေကို ကြည့်မနေနိုင်တဲ့ လိပ်ပြာဟာ မိဘတွေရဲ့ထောက်ခံအားပေးမှုနဲ့အတူ တော်လှန်ရေး ရဲဘော်တဦး ဖြစ်လာခဲ့တယ်။
“ကိုယ်တိုင်ကိုက တိုက်ပွဲဝင်ချင်လို့ တောခိုလိုက်တာ။ တောခိုတော့ ညီမလေးတယောက်တည်း။ မိဘတွေက သူတို့ကိုယ်တိုင်လိုက်ပို့ပေးတာ”လို့ လိပ်ပြာက ဆိုတယ်။
သူဟာ မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကျေးရွာတရွာကပါ။ မိဘ ၂ ဦးအပါအဝင် သူတို့မှာ မိသားစုဝင် ၄ ဦး ရှိပါတယ်။ မောင်နှမ ၂ ယောက်မှာ လိပ်ပြာက အငယ်ဆုံးပါ။ အစ်ကိုဖြစ်သူက အိမ်ထောင်ကျသွားပါပြီ။
စစ်တပ်က တိုင်းပြည်အာဏာကိုသိမ်းလိုက်တဲ့အချိန်မှာ လိပ်ပြာဟာ ကျောင်းသူတယောက်ပါ။ အာဏာသိမ်းစက ပေါက်မြို့နယ်မှာ ဆန္ဒပြခဲ့ကြတာမဟုတ်ပါဘူး။ ဒါပေမဲ့ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံက မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေဆက်တိုက်လုပ်လာတဲ့အခါမှာတော့ ပေါက်မြို့နယ်က ပြည်သူတွေဟာလည်း လမ်းပေါ်တက် ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြကြသူတွေထဲမှာ လိပ်ပြာတယောက်လည်း အပါအဝင်ပါ။ သူဟာ ကျေးရွာကနေ ဆိုင်ကယ်စီးသွားပြီး ပေါက်မြို့ပေါ်က ဆန္ဒပြပွဲတွေမှာ နေ့တိုင်းပါဝင်ခဲ့ပါတယ်။ ပေါက်မြို့ပေါ်ဆန္ဒပြပွဲတွေမှာ ပစ်ခတ်လို့ သေဆုံးခဲ့ရတဲ့သူ မရှိပေမယ့် မျက်ရည်ယိုဗုံးတွေနဲ့ အပစ်ခံရတာ၊ ဆန္ဒပြဦးဆောင်သူတွေ ဖမ်းဆီးခံရတာမျိုးတွေတော့ ရှိခဲ့ပါတယ်။
အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ငြိမ်းချမ်းစွာဆန္ဒပြမှုတွေ အလုပ်မဖြစ်၊ မဖြေမထွက်တဲ့ နောက်ဆုံးမှာတော့ ပေါက်နယ်သားတွေဟာ အာဏာရှင်ကို အမြစ်ဖြတ်ဖို့ လက်နက်ကိုင်ခဲ့ကြပါတော့တယ်။ အဲဒီမှာ လိပ်ပြာလည်း အပါအဝင်ပေါ့။
သူဟာ အာဏာပိုင်တွေအလိုရှိနေတဲ့ ဆန္ဒပြခေါင်းဆောင်မဟုတ်သလို စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ်ထားခံရတဲ့ သူလည်း မဟုတ်ပါဘူး။ ကျေးရွာထဲမှာ မိဘတွေနဲ့အတူ အေးအေးဆေးဆေးနေလို့ရတဲ့ အခြေအနေပါ။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ အာဏာရှင်စစ်တပ်ကို လက်ကိုင်တော်လှန်မှ ရမယ်ဆိုတဲ့အခြေအနေကို ဆိုက်ရောက်လာတဲ့အခါမှာတော့ ရွာထဲက ယောင်္ကျားလေးတချို့ လက်နက်ကိုင်ဖို့ တောခိုသွားကြသလို လိပ်ပြာလည်း တောခိုဖို့အတွက် ဆုံးဖြတ်လိုက်တယ်။ လိပ်ပြာဟာ သူတို့ကျေးရွာထဲမှာတော့ တဦးတည်းသော တောခိုခဲ့တဲ့ အမျိုးသမီးတယောက်ပါ။
တောခိုဖို့အတွက် မိဘတွေနဲ့တိုင်ပင်တဲ့အခါမှာ မိဘတွေကလည်း လိုလိုလားလားအားပေးကြတယ်။ သူတို့တွေ ကိုယ်တိုင်ကလည်း အာဏာရှင်ကို မလိုလားတဲ့အတွက် ဆန္ဒပြပွဲတွေမှာ ကိုယ်တိုင်ပါဝင်ကြတဲ့ သူတွေဖြစ်တယ်။ တိုင်းပြည်ရဲ့အခြေအနေက လက်နက်ကိုင်တော်လှန်ရေးလုပ်မှ ရတော့မယ်ဆိုတဲ့အခါ အသက်ကြီးပြီဖြစ်တဲ့ သူတို့တွေ မလုပ်နိုင်ပေမယ့် သူတို့ရဲ့ သမီးဖြစ်သူက ဒီတာဝန်ကိုယူမယ်ဆိုတော့ မိဘဖြစ်သူတွေကိုယ်တိုင်က လိုလိုလားလားနဲ့ ဂုဏ်ယူကြတဲ့အထိ ဖြစ်ခဲ့ရတယ်။
“အမေတို့ကတော့ ကိုယ်ရွေးချယ်တဲ့လမ်းကို ပြီးဆုံးအောင်လျှောက်စေချင်တာ။ ပြောကတည်းက အဲအတိုင်းပဲ ပြောတာ။ တောခိုမယ်ဆိုတော့ အဲဒီနေ့က အမေကိုယ်တိုင်ပဲလိုက်ပို့ပေးတာ” လို့ သူတောခိုတဲ့အပေါ်မှာ မိဘတွေက လိုလိုလားလားရှိတာကို လိပ်ပြာက ရှင်းပြပါတယ်။
ဒီလိုနဲ့ ၂၀၂၂ ဧပြီလထဲမှာ လိပ်ပြာဟာ သူရဲ့ မျော်လင့်ချက် အိပ်မက်တွေနဲ့ သူချစ်တဲ့ မိသားစုတွေကို ကျောခိုင်းပြီး အာဏာရှင်ကို တော်လှန်ဖို့ လက်နက်ကိုင်တော်လှန်ရေးခရီးကို လျှောက်လှမ်းခဲ့ပါတော့တယ်။
ပင်ပန်းတဲ့ စစ်သင်တန်း
သူဝင်ရောက်ခဲ့တဲ့ တပ်ရင်းဟာ မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ အခြေစိုက်တဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး (People Revolution Force - PRF) ပါ။ အဲဒီတပ်ရင်းကိုရောက်သွားတဲ့အခါ သူ့ရွာက ယောင်္ကျားလေးတချို့ကို တွေ့ရတယ်။ ရွာထဲမှာ စကားမစပ်မိလို့ တဦးနဲ့တဦး အဖော်မညှိဖြစ်ကြပေမယ့် ရပ်တည်ချက်တွေ တူကြတဲ့အခါ တောထဲမှာ ပြန်ဆုံကြတယ်။
PRF တပ်ရင်းကိုရောက်တဲ့အခါ ၁၀ ရက်ကြာ ရက်တိုစစ်သင်တန်းကို ပထမဆုံးတက်လိုက်ရတယ်။ ဒီသင်တန်းကို တက်ရတဲ့အခါ ကျောင်းတက်နေတဲ့ ကျောင်းသူဘဝကနေ မရင်းနှီးတဲ့အသိုင်းအဝန်းခုကို ရုတ်တရက် ရောက်သွားတဲ့အတွက် ကြောက်စိတ်တော့ ဝင်မိတယ်လို့ လိပ်ပြာက မှတ်ချက်ပြုတယ်။
“ပထမနေ့တုန်းကဆိုရင် ပြေးရတာ အန်တောင် အန်တယ်။ ပြေးပြီးတော့ တန်းမထိုင်ခိုင်းဘူး။ နားခိုင်းတယ်။ အဲဒီမှာ မက်တပ်ရပ်နေရင်းနဲ့ အန်တာ။ ပထမနေ့ဆိုတော့ ကျင့်သားမရသေးတာလည်း ဖြစ်နိုင်တယ်”လို့ သူကြုံတွေ့ခဲ့ရတဲ့ စစ်သင်တန်းအတွေ့အကြုံကို ရှင်းပြပါတယ်။
အဲ့ဒီ ရက်တိုစစ်သင်တန်း တက်စဉ်က သင်တန်းသူ၊ သင်တန်းသား ၄၀ ခန့်ရှိပြီး အမျိုးသမီးစစ်သည်က ၆ ယောက် ပါဝင်ပါတယ်။ သင်တန်းစစချင်းရက်တွေမှာ လိပ်ပြာတို့ အမျိုးသမီးစစ်သည်တွေဟာ အမျိုးသားတွေနဲ့ တန်းတူ ရင်ပေါင်တန်း မလုပ်နိုင်ပေမယ့် ၄ ရက်ကြာနောက်ပိုင်းမှာတော့ အားလုံးနဲ့တန်းတူ လုပ်နိုင်သွားတယ်လို့ ဆိုပါတယ်။
“မိချောင်းသွား သွားရတာမျိုးတွေလုပ်ရတယ်လေ။ လက်တွေပေါက် တံတောင်တွေ ပွန်းတယ်။ ပြီးတော့ အဲဒီ ၁၀ ရက်သင်တန်းမှာ ပဲစင်းငုံတောထဲသွားခိုင်းတာတွေရှိတယ်။ အဲ့တုန်းက မိန်းကလေး တွေပါသေးတယ်။ ငိုကြတယ်။ ပဲခင်းက မရိတ်ထားရသေးဘူး၊ ငုတ်တွေရှိတယ်”လို့ သူတက်ခဲ့တဲ့ ရက်တိုစစ်သင်တန်းတုန်းက အမှတ်ရနေတဲ့ အဖြစ်အပျက်တခုကို သူက ပြောပါတယ်။
လိပ်ပြာဟာ သူ့ဘဝအတွက် ထင်မထားတဲ့ ဒီလိုပင်ပန်ခက်ခဲမှုတွေကို ရင်ဆိုင်ရတဲ့အခါ ရှေ့ကိုဆက်လျှောက်နိုင်ပါ့မလားဆိုတဲ့ အတွေးမျိုးတွေးမိပြီး “မျက်ရည်တော့ မကျဘူး၊ မျက်ရည်တော့ ဝဲတာပေါ့”လို့ သူက အရယ်တဝက်နဲ့ ဆိုတယ်။
သင်တန်းကာလမှာ ဆူး၊ ငုတ်တွေရှိတဲ့ ပဲစင်းငုံခင်းထဲ မိချောင်းသွားသလို ဝပ်တက်သွားခိုင်းတာ၊ သင်တန်းကနေ ပင်ပန်းပြီး ပြန်လာလို့ အနားယူဖို့လုပ်နေတဲ့အချိန်မျိုးမှာ ဗျောက်အိုး၊ သေနတ်နဲ့ မိုင်းတွေ ပစ်ဖောက်ပြီး အရေးပေါ်ခရာတွတ် တန်းစီခိုင်းတာ စတဲ့အချိန်တွေဟာ ငိုချင်စိတ်ဖြစ်ရလောက်အောင် ပင်ပန်းခဲ့ရတယ်လို့ လိပ်ပြာက ဆိုပါတယ်။
အဲ့ဒီလို အရေးပေါ်ပြေးရပြီဆိုရင် အဆောင်ထဲက သင်တန်းသားအားလုံး ပျာယာတွေခတ်ရတယ်။ ဒါပေမဲ့ စစ်သားတယောက်အတွက် လိုအပ်တဲ့ ကျောပိုးအိတ်၊ ပွိုင့်ဖိနပ်၊ ခြေညှပ်ဖိနပ်၊ ပန်းကန်၊ ဇွန်း စတာတွေကို ၃ မိနစ်အတွင်းမှာ အကုန်ယူရတယ်။ ပြီးရင် စီးထားတဲ့ စစ်ဖိနပ်ကိုလည်း စနစ်တကျစီးထားတာမျိုးဖြစ်ဖို့လို တယ်လို့ ဆိုပါတယ်။
သင်တန်းချိန်ကာလအတွင်း မနက် ၄ နာရီမှာ ခရာတွတ်သံနဲ့အတူ အိပ်ယာထရတယ်။ တန်းစီ၊ လူစစ်ပြီးရင် ပီတီပြေး။ ပီတီပြေးက ပြန်လာပြီးရင် မျက်နှာသစ်၊ အလံတင်၊ မနက်စာ စား၊ လုပ်အားပေးလုပ်။ ပြီးရင် နေ့လယ်ပိုင်းမှာ စစ်ရေးပြသင်တန်းတက်။ မွန်းလွဲပိုင်း ရေချိုးအနားယူပြီးရင် ၃ နာရီမှာ ထမင်းစား။ လုပ်အားပေး ပြန်လုပ်။ သင်တန်းကာလဟာ အဲဒီအစီအစဉ်တွေနဲ့ နေ့စဉ်လည်ပတ်နေတာပါ။
“ထမင်းကို ၂ နပ်ပဲစားရတယ်။ ဒါက အဖွဲ့စည်းကမ်းပေါ့။ အဓိကက လေ့ကျင့်ပေးတာ။ တိုက်ပွဲသွားရင် အစာခံ နိုင်အောင်လို့ လေ့ကျင့်ပေးတာပေါ့” လို့ လိပ်ပြာက ဆိုပါတယ်။
အဲဒီစစ်သင်တန်းကာလ ၁၀ ရက်လုံးကို သူတို့အမျိုးသမီး ၆ ယောက်လုံး ပြီးဆုံးအောင် တက်လိုက်ကြပါတယ်။
ဒါပေမဲ့ နောက်ထပ် ၄၅ ရက်ကြာ မွမ်းမံသင်တန်းထပ်မံတက်ရတဲ့အခါမှာတော့ လိပ်ပြာနဲ့အတူ နောက်ထပ် အမျိုးသမီးတယောက်သာ တက်ပါတော့တယ်။ တခြားအမျိုးသမီးစစ်သည်တွေဟာ ကျေးရွာကာကွယ်ရေးအဖွဲ့တွေကဖြစ်လို့ ကျေးရွာပြန်သွားတာရှိသလို တချို့က နိုင်ငံရေးဌာနလို တခြားဌာနတွေကို ပြောင်းသွားကြတာလည်း ရှိကြပါတယ်။
ပထမဆုံးရက်တို စစ်သင်တန်းကို တက်ထားပြီးသာဖြစ်တဲ့ ရဲဘော်လိပ်ပြာဟာ မွမ်းမံရက်ရှည်သင်တန်းတက်ရတဲ့အခါမှာတော့ သိပ်ပြီး တုန်လှုပ်မှုမရှိတော့ဘူးလို့ ဆိုပါတယ်။
သူတို့ဟာ သင်တန်းကာလတလျှောက်လုံးမှာ သစ်သားသေနတ်နဲ့သာ သင်တန်းတက်ခဲ့ရတာပါ။ စစ်သင်တန်း ကာလမှာ ရဲဘော်လိပ်ပြာအပါအဝင် သင်တန်းသားရဲဘော်တွေဟာ သေနတ်ကို တကြိမ်ပစ်ခွင့်ရခဲ့ကြတယ်။ သူတို့ပစ်ရတဲ့ ပစ်မှတ်ဟာ ပန်းကန်ပြားလောက်ရှိတဲ့ ပစ်မှတ်ကို ပေ ၁၀၀ အကွာလောက်က ပစ်ရတာပါ။ ထိုင်ပြီးပစ်လို့ရသလို ဝမ်းလျားမှောက်ပြီးလည်း ပစ်ခွင့်ရှိပါတယ်။
ရဲဘော်လိပ်ပြာကတော့ ဘဝမှာ ပထမဆုံး သေနတ်ပစ်ရတာဖြစ်လို့ ကိုယ့်အလှည့်မရောက်ခင်မှာ စိတ်လှုပ်ရှားပြီး ရင်တွေခုန်ခဲ့ရတယ်။ ပြီးတော့ ပစ်မှတ်ကို မထိမှာလည်း စိုးရိမ်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။
“မပစ်ခင် တအားလည်းရင်ခုန်တယ်။ ပစ်မှတ်မထိမှာ စိုးလို့။ ပစ်တော့လည်း မထိခဲ့ဖူး” လို့ ပထမဆုံးသေနတ် ပစ်ခဲ့ရတဲ့အတွေ့အကြုံကို တဟားဟားရယ်မောရင်း ရဲဘော်လိပ်ပြာက ပြောပြတယ်။
သူပစ်တာ မထိပေမယ့် အမျိုးသားရဲဘော်တချို့ကတော့ ပစ်မှတ်ကို ထိကြတယ်လို့ ဆိုပါတယ်။
ရဲဘော်လိပ်ပြာအနေနဲ့ စစ်သင်တန်းတက်ပြီးနောက်ပိုင်း အချိန်ထိ ပူးပေါင်းတိုက်ပွဲ ၄ ပွဲလောက် တွေ့ကြုံခဲ့ဖူးတယ်။
ထန်းပေါက်ကုန်း တိုက်ပွဲ
သူ့ရဲ့ပထမဆုံး တိုက်ပွဲက ၂၀၂၃ ဖေဖော်ဝါရီလထဲမှာ ဖြစ်ခဲ့တဲ့ ပေါက်မြို့နယ်အတွင်းက ထန်းပေါက်ကုန်း တိုက်ပွဲပါ။ နယ်မြေအတွင်းလှုပ်ရှားနေတဲ့ ရန်သူကိုလိုက်ရှားနေရင်း အမှတ်မထင်ဘဲ အတိုက်ခံလိုက်ရကာ ကိုယ့်ဘက်က ရဲဘော် ၃ ဦး ဒဏ်ရာရပြီး ဆုတ်ခွာခဲ့ရတဲ့တိုက်ပွဲ။
ရေနံထွက်တဲ့ ထန်းပေါက်ကုန်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဟာ အထိုင်ချပြီး နယ်မြေအတွင်း စစ်ရေးလှုပ်ရှားပါတယ်။ အဲဒီကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့တွေက မကြာခဏ အဝင်အထွက်လုပ်ကြသလို အထိုင်ချတာမျိုးလည်း လုပ်တတ်တာကြောင့် ကျေးရွာမှာ လူမနေကြတော့ပါဘူး။
အဲဒီစစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ဖို့အတွက် ရဲဘော်လိပ်ပြာတို့ရဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး (People Revolution Force - PRF) အပါအဝင် တခြားဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းလိုက်ကြတယ်။ ပြီးတော့ ထန်းပေါက်ကုန်းကျေးရွာဘက်ကို ထွက်ခဲ့ကြတယ်။
အဲဒီရက်မှာ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာထဲမှာမရှိဘဲ တောထဲဝင်သွားတယ်လို့ သတင်းရတဲ့အတွက် ပူးပေါင်းတပ်ဖွဲ့တွေက လိုက်ရှာကြတယ်။ တောကကျယ်တဲ့အတွက် ရှာမတွေ့ကြဘူး။ အဲ့ဒီအခါ တောထဲကို လက်နက်ကြီးတွေနဲ့ ဝိုင်းပစ်ကြတယ်။ ဒါပေမဲ့ ထူးခြားမလာဘူး။
အဲ့ဒီစစ်ကြောင်းကို ၇ ရက်ကြာ လိုက်ရှာပြီးတဲ့နောက်မှာတော့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ ထန်းပေါက်ကုန်းရွာထဲကို ဝင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။
“(စစ်ကောင်စီစစ်ကြောင်းက) နေ့ခင်ဆိုရင် ဘယ်မှမထွက်ဘူး။ အဲဒီတောထဲမှာ နေတာ။ ရွာထဲလည်း မဝင်ဘူး။ နောက်ရက်တော့ ထန်းပေါက်ကုန်းရွာထဲကို ညီမတို့က ပစ်ဝင် ဝင်ကြတယ်” လို့ ရဲဘော်လိပ်ပြာက ဆိုပါတယ်။
သို့သော် စစ်ကောင်စီတပ်ဖွဲ့ဝင် တယောက်မှမတွေ့။ ဒါကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ အားလုံး ထန်းပေါက်ကုန်ရွာထဲမှာ တညအိပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ ရဲဘော်လိပ်ပြာတို့က ဘုန်းကြီးကျောင်းထဲမှာ အထိုင်ချလိုက်သလို ကျန်တဖွဲ့က ကျေးရွာစာသင်ကျောင်းမှာ အထိုင်ချတယ်။
ပြီးတော့ တပ်ဖွဲ့ဝင်တွေ လုံခြုံရေးအတွက် ကင်းချထားလိုက်တယ်။ ညဘက်မှာ ကျေးရွာအနား မီးရောင်တွေ့တယ်လို့ဆိုပြီး သေနတ်တွေနဲ့ ပစ်ကြသေးတယ်။ ဒါပေမဲ့ တဖက်က ဘာတုန့်ပြန်မှုမှ ပေါ်မလာခဲ့ဘူး။
မနက်မိုးလင်းတဲ့အခါမှာတော့ ရန်သူဟာ ရဲဘော်လိပ်ပြာတို့ စခန်းချရာ ဘုန်းကြီးကျောင်းအနားကို ချည်းကပ်လာပါတော့တယ်။ လုံခြုံရေးကင်းချထားပေမယ့် ရန်သူကို ကင်းစောင့်က မမြင်ခဲ့ဘူး။ ဒါကြောင့် ဘုန်းကြီးကျောင်း က ရေကန်မှာ မျက်နှာသစ်နေတဲ့ ရဲဘော် ၃ ဦးကို ရန်သူက ၆၀ မမနဲ့ လှမ်းပစ်ပါတော့တယ်။ အချိန်က မနက် ၈ နာရီခွဲပါ။
မနက်စောစောထ မျက်နှာသစ်ကာ ကိုယ့်နေရာမှာကိုယ်ရှိနေချိန် သေနတ်ပစ်သံကြားပြီး ဖြစ်သွားတဲ့ အခြေအနေကို ရဲဘော်လိပ်ပြာက အခုလို ပြောပြပါတယ်။
“အသံကြားတော့ လန့်ပြီးပြာယာခက်သွားတယ်။ ကျောပိုးအိတ် ယူတယ်။ အီကွေ့မန့်တွေက ညကတည်းက တချိန်လုံးဝတ်ပြီးအိပ်တာ။ ဖိနပ်လည်း မချွတ်ဘူး။ အဆင်သင့် သေနတ်ကိုယူလိုက်တယ်”
အဲဒီအချိန်မှာ ရဲဘော်လိပ်ပြာဟာ အေကေသေနတ်ကိုင်ထားကာ ကျည်ဘောက်ထဲမှာ ကျည်အထောင့် ၃၀ လောက်ရှိပြီး အီကွေ့မန့်ထဲမှာတော့ ကျည် ၁၀၀ လောက်ရှိပါတယ်။
ရဲဘော်လိပ်ပြာတို့ရဲ့ PRF တပ်ဖွဲ့ခေါင်းဆောင်က အားလုံးနေရာယူဖို့ သတိပေးပြောဆိုလိုက်ပေမယ့် အဲဒီအချိန်မှာ တခြားတပ်ဖွဲ့ဝင်တွေ မရှိကြတော့ဘူးလို့ ရဲဘော်လိပ်ပြာက ပြောပါတယ်။
ရန်သူဘက်က အဆက်မပြတ်ပစ်ခတ်နေပေမယ့် ရဲဘော်လိပ်ပြာတို့က ပြန်မပစ်နိုင်ခဲ့ပါဘူး။ အတူပါလာတဲ့ တခြားအဖွဲ့တွေက ချက်ချင်း ဆုတ်ခွာသွားတာကြောင့် အဖွဲ့တွေ တကွဲတပြားဖြစ်သွားကြတယ်။
“ဆရာက ပြန်ပြီးနေရာယူဖို့ပြောပေမယ့် ဘယ်သူမှမရှိတော့ဘူး။ ညီမလေးတို့ပဲရှိတော့တာ။ အဲဒါနဲ့ လူနာကိုပဲ ထမ်းသယ်ပြီးတော့ ကယ်ထုတ်ခဲ့ရတယ်”လို့ ရဲဘော်လိပ်ပြာက ပြောပြပါတယ်။
ဒါကြောင့် သေနတ်တွေအပစ်ခံနေရတဲ့ကြားကပဲ ဒဏ်ရာရပြီး လဲကျသွားတဲ့ ရဲဘော် ၃ သုံးကိုသာ ကယ်ထုတ်ဖို့ ကြိုးစားခဲ့ရတယ်။ သူတို့ PRF က ကယ်ထုတ်ခဲ့တဲ့ ရဲဘော် ၃ ယောက်ဟာ တခြားတပ်ဖွဲ့က ရဲဘော်တွေဖြစ်တယ် လို့ ရဲဘော်လိပ်ပြာက ဆိုပါတယ်။
“ဝိုင်းခံထားရမယ်။ အဲဒီက လွတ်အောင် ပြေးရမယ်ဆိုရင်တော့ မလွယ်ဘူး။ မတွေးရဲစရာပဲ” လို့ သူ့ရဲ့ ပထမဆုံး တိုက်ပွဲအတွေ့အကြုံကို ရဲဘော်လိပ်ပြာက ပြောပြပါတယ်။
ဒဏ်ရာရတဲ့သူတွေဟာ ခြေထောက်နဲ့လက်တွေမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး လက်ကိုထိမှန်ခဲ့တဲ့ ရဲဘော်ရဲ့ သေနတ်ကတော့ သေနတ်မှန်တဲ့နေရာမှာ ကျကျန်ခဲ့လို့ သေနတ်တလက် ဆုံးရှုံးလိုက်ရပါတယ်။
အဲဒီမနက်က ထန်းပေါက်ကျေးရွာအနားချဉ်းကပ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား ၁၀ ယောက်လောက်သာ ရှိတာကြောင့် ကျေးရွာစာသင်ကျောင်းမှာ အထိုင်ချထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကသာ ကူပစ်ပေးမယ်ဆိုရင် တိုက်ပွဲအခြေအနေဟာ ပြောင်းလဲသွားနိုင်တယ်လို့ ရဲဘော်လိပ်ပြာက သုံးသပ်ပါတယ်။
ရဲဘော်လိပ်ပြာတို့ရဲ့ PRF တပ်ဖွဲ့ စစ်ရေးခေါင်းဆောင်ကတော့ ဒီတိုက်ပွဲအတွေ့အကြုံကိုယူပြီး ကိုယ့်ရဲဘော် အချင်းချင်း ညီညွတ်ကြဖို့၊ ချစ်ချစ်ခင်ခင်နေကြပြီး ကိုယ့်ရဲဘော် ဒဏ်ရာရတဲ့အခါ မရ၊ ရအောင် ကယ်ထုတ်ကြဖို့ကို ဆုံးမတယ်လို့ ဆိုပါတယ်။
စစ်သင်တန်းတက်ရတဲ့စာတွေ့နဲ့ တကယ်တိုက်ရတဲ့ စစ်ပွဲဟာ အများကြီးကွာခြားတယ်လို့ ရဲဘော်လိပ်ပြာက မှတ်ချက်ပြုပါတယ်။ တကယ့်တိုက်ပွဲဟာ ပိုပြီးဆင်းရဲပြီး သေနတ်သံကြားရတာနဲ့ ကြောက်အားလန့်အား ဖြစ်တာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းကို ၇ ရက်ကြာလိုက်ရှာခဲ့ရစဉ်က ခရီးရှည်လမ်းလျှောက်ခဲ့ရလို့ ပင်ပန်းခဲ့ရသလို ခြေထောက်တွေ နူးအိပေါက်ပြဲတာတွေဖြစ်ခဲ့ရတယ်။ ဖြစ်လာတဲ့ ဒဏ်ရာတွေကို ဆေးထည့်ရင်းနဲ့ပဲ အသားကျအောင် နေခဲ့ရတယ်လို့ ဆိုပါတယ်။
“စိတ်ညစ်တာ၊ စိတ်ဓာတ်ကျတာမျိုးတော့ မဖြစ်ပါဘူး။ အဲဒီဒဏ်ရာတွေကို ဟန်ဆာပလပ်ကပ်ပြီး ထပ်လိုက်တာပေါ့။ နောက်ပိုင်းတွေတော့ အဆင်ပြေသွားတယ်။ အသားကျသွားတယ်။ အခုကတော့ အမျိုးသားစစ်သားတွေနဲ့ ရင်ပေါင်တန်းသွားလာနိုင်ပြီး တိုက်နိုင်ပြီပေါ့”လို့ ရဲဘော်လိပ်ပြာက ပြောပါတယ်။
တကယ်၍ ကိုယ့်ရှေ့မှာ စစ်ကောင်စီစစ်သားတယောက်ကို တွေ့ရင် ပစ်ရဲလားဆိုတဲ့ မေးခွန်းကို သူက အခုလို ဖြေပါတယ်။
“သူပစ် ကိုယ်ပစ်ပေါ့”
ကုက္ကိုစုတိုက်ပွဲ
ရဲဘော်လိပ်ပြာတိုက်ခဲ့တဲ့ နောက်ထပ် တိုက်ပွဲတခုဟာ သူ့အတွက် ပြင်းထန်တဲ့တိုက်ပွဲတခုလို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲဟာ မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကုက္ကိုစုကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်စခန်းကို ၂၀၂၃ ဖေဖော်ဝါရီလထဲမှာ စခန်းသိမ်းတိုက်ဖို့အတွက် ကြိုးစားခဲ့တဲ့ တိုက်ပွဲပါ။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ပထမအတွေ့အကြုံအရ ဒီတခါမှာတော့ ညီညီညွတ်ညွတ် မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ တိုက်နိုင်ခဲ့တဲ့ တိုက်ပွဲတခုလို့ ဆိုပါတယ်။
ကုက္ကိုစုကျေးရွာမှာ စစ်ကောင်စီဟာ မိုင်းကွင်းတွေထောင်ပြီး အထိုင်ချထားတာပါ။ ရွာတောင်ဘက်မှာရှိတဲ့ ဇီးတောကျေးရွာကမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေရှိပါတယ်။ ပြီးတော့ ကုက္ကိုစုကျေးရွာဟာ ရေပြာနဲ့လည်း နီးတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကူတွေ အချိန်မရွေးရောက်လာနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။
အဲ့ဒီအခြေအနေမှာ ကုက္ကိုစုကျေးရွာက စစ်ကောင်စီစခန်းကို တက်သိမ်းဖို့အတွက် ဘယ်ရဲဘော်ကမှ နောက်ဆုတ်ဖို့ မစဉ်းစားခဲ့ကြဘူးလို့ ရဲဘော်လိပ်ပြာက ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ကုက္ကိုစုကျေးရွာကို မနက်စောစောတိုက်နိုင်ဖို့အတွက် ညဘက်မှာ စစ်ရေးကို စတင်ခဲ့ကြတယ်။ ပုသိမ်-မုံရွာကားလမ်းပေါ်မှာ ညအိပ်ခဲ့ပြီး မနက် ၄ နာရီမှာ ကုက္ကိုစုကျေးရွာကို ချဉ်ကပ်ခဲ့ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေကို လမ်းပြတဦးက ဦးဆောင်ပြီး ခေါ်သွားပါတယ်။
ကုက္ကိုစုကျေးရွာမှာ စစ်ကောင်စီက ရွာတောင်ဘက်၊ ရွာလယ်နဲ့ ရွာအရှေ့ဘက်တွေမှာ ကင်းတွေချထားတာပါ။ ဒါကြောင့် ပထမစစ်ရေးအစီအစဉ်အရ တပ်ဖွဲ့တွေ ခွဲကာ ရွာရဲ့ အရှေ့ဘက်၊ အနောက်ဘက်နဲ့ တောင်ဘက်တွေကနေ ဝိုင်းကြဖို့ ဖြစ်ပါတယ်။ ရဲဘော်လိပ်ပြာတို့အဖွဲ့က ရွာရဲ့ တောင်ဘက်က ကင်းကို သွားဖြိုရမှာဖြစ်ပါတယ်။
လေကြောင်း အန္တရာယ်ရှိလာနိုင်တာကြောင့် တိုက်ပွဲစမယ့်အချိန်နဲ့ တိုက်ပွဲကြာချိန်ကိုလည်း သတ်မှတ်ထားပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ လမ်းပြသူက လမ်းမှားပြီး ရဲဘော်လိပ်ပြာတို့ကို ရွာအရှေ့ဘက်ကို ခေါ်သွားပါတယ်။ တိုက်ပွဲအချိန်လည်း နီးပြီဖြစ်တာကြောင့် ရဲဘော်လိပ်ပြာတို့တပ်ဖွဲ့ဟာ ရွာရဲ့အရှေ့ဘက်ကပဲ တိုက်ခဲ့ရပါတော့တယ်။
တိုက်ပွဲစတိုက်တာဟာ မနက် ၅ နာရီဖြစ်တာကြောင့် နေရောင်မလာသေး။ PRF တပ်ဖွဲ့ ရဲ့ စစ်ရေးတာဝန်ခံက ရဲဘော်လိပ်ပြာတို့ တပ်ဖွဲ့ကို ဦးဆောင်ပြီး တိုက်တယ်။
“သူ(စစ်ရေးတာဝန်ခံက)က ရှေ့တန်းကတိုက်တယ်။ ညီမလေးတို့ကြတော့ သိပ်ပြီး တိုက်ပွဲ အတွေ့အကြုံ မရှိသေးတော့ နောက်မှာပဲထားတာ”လို့ ရဲဘော်လိပ်ပြာက ဆိုပါတယ်။
တိုက်ပွဲဟာ ပြင်ထန်ခဲ့ပြီး ၁ နာရီအထိကြာမြင့်ခဲ့ပါတယ်။ မူလသတ်မှတ်ထားတဲ့အချိန်ထက် ပိုကြာသွားခဲ့ပါတယ်။ စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်တာမျိုး မလုပ်နိုင်တော့ဘဲ စခန်းကိုသိမ်းလို့ရမယ့် အခြေအနေ ဖြစ်နေပြီလို့ ဆိုပါတယ်။
“ရန်သူကို လှမ်းမြင်ရတယ်။ ထိသွားတဲ့သူလား၊ ကျသွားတဲ့သူလားတော့ မသိဘူး။ ဆွဲသွားတာမျိုးကို မြင်ရတယ်။ တော်တော်နီးနေပြီ”လို့ ရဲဘော်လိပ်ပြာက ဆိုပါတယ်။
အဲဒီလိုတိုက်နေတဲ့အချိန် စစ်ကူပေးဖို့ စစ်ကောင်စီဘက်က ရဟတ်ယာဉ်တစီး တက်လာပြီဆိုတဲ့သတင်းကို ကြားလိုက်ရတဲ့အခါမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ အားလုံးနောက်ပြန်ဆုတ်ရဖို့ ဖြစ်လာပါတော့ဘူ။
PRF တပ်ဖွဲ့ ရဲ့ စစ်ရေးတာဝန်ခံက ရဲဘော်လိပ်ပြာအပါအဝင် ရဲဘော်တွေကို နောက်ဆုတ်ကာ ကာကွယ်ယူဖို့ အမိန့်ပေးလိုက်ပါတယ်။ သူတို့အားလုံး နောက်ဆုတ်ကာ လျှိုတခုထဲမှာ ပုန်းခိုလိုက်ကြပါတယ်။ လျှိုဟုဆိုပေ မယ့် ကမ်းပါးယံတွေ ရှိတာမျိုး မဟုတ်၊ အကာအကွယ်ယူစရာ သစ်ပင်ဆိုလို့ ရှားရှားပါးပါးပေါက်နေတဲ့ မန်ကျည်းပင်တခုသာရှိတာပါ။ အဲဒီ မန်ကျည်းပင်အောက်မှာ ရဲဘော် ၈ ယောက်လောက် ပုန်းနေလိုက်တယ်။
“ရဟတ်ယာဉ်ကလည်း ပစ်တယ်။ ကံကောင်းတာက ကျန်တဲ့နေရာတွေပစ်ပြီး ကိုယ့်ခေါင်းပေါ်ရောက်ခါမှ အပစ်က ရပ်သွားပြန်ရော။ ကိုယ့်ခေါင်းပေါ်က ကျော်သွားရင် ထပ်ပစ်ပြန်ရော”လို့ ကံကောင်းလို့ ဘေးကင်းခဲ့ရပုံကို ရဲဘော်လိပ်ပြာက ရှင်းပြပါတယ်။
အဲဒီတိုက်ပွဲမှာ မှတ်မှတ်ရရဖြစ်ခဲ့တဲ့ ကံကောင်းမှုတခုကိုလည်း သူက ပြောပြပါသေးတယ်။ ရဲဘော်လိပ်ပြာအပါအဝင် တော်လှန်ရေးရဲဘော်တွေ ကုက္ကိုစုကျေးရွာရဲ့ ရှေ့ဘက်ကနေ ချဉ်းကပ်နေတဲ့အချိန်မှာ ခွေးတကောင်ဟာ သူတို့ရဲ့ ရှေ့မှာရှိတဲ့ စစ်ကောင်စီထောင်ထားတဲ့ မိုင်းကွင်းကို ဖြတ်ပြေးပြီး မိုင်းတွေ ပေါက်ကွဲသွားခဲ့ပါတယ်။
အဲဒီအခါ မိုင်းကွင်းမှန်းသိသွားတဲ့အတွက် ရှေ့ဆက်မတိုးတော့ဘဲ တခြားလမ်းကို ရွေးခဲ့ရတယ်လို့ ဆိုပါတယ်။
“ကိုယ့်အဖွဲ့က ပါလာတဲ့ခွေးလို့ထင်တယ်။ အဲဒီခွေးက အစကတည်းက ရွာကနေလိုက်လာတာလေ။ ခွေး ဘာဖြစ်သွားတယ်ဆိုတာကို မသိဘူး”လို့ ကံကောင်းခဲ့တဲ့ တိုက်ပွဲရဲ့ အမှတ်တရတခုကို ရဲဘော်လိပ်ပြာက ပြောပြပါတယ်။
စစ်ကူလာတဲ့ ရဟတ်ယာဉ်ဟာ ကုက္ကိုစုကျေးရွာအနီး လှည့်ပတ်ပစ်ပြီးတဲ့အခါ ပြန်ထွက်သွားပါတယ်။ ဒီအခါမှာ တော်လှန်ရေးရဲဘော်တွေ အားလုံးစုစည်းပြီး ပြန်တိုက်ဖို့ စဉ်းစားခဲ့ပေမယ့် လေယာဉ်ထပ်လာမှာကို တွေးမိတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအားလုံး တပ်ပြန်ဆုတ်ခဲ့ကြပါတယ်။
“လေယာဉ် မလာခဲ့ဘူးဆိုရင် သိမ်းလို့ရမှာ”လို့ ကုက္ကိုစုကျေးရွာစခန်းသိမ်းတိုက်ပွဲ အခြေအနေကို ရဲဘော်လိပ်ပြာက သုံးသပ်ပါတယ်။
ဒီတိုက်ပွဲမှာတော့ ရဲဘော်လိပ်ပြာဟာ ရန်သူနဲ့ နဖူးတွေ့၊ ဒူးတွေ့ တိုက်ခိုက်ရတာဖြစ်သလို သေနတ်ကိုလည်း ကောင်းကောင်းပစ်ခတ်ခဲ့ရပါတယ်။ အခုတိုက်ပွဲမှာ တခြားတပ်ရင်း၊ တပ်ဖွဲ့တွေက လက်နက်ကြီး လိုက်သယ်ပေးတဲ့ အမျိုးသမီး ရဲဘော်တချို့လည်းရှိသလို PRF တပ်ဖွဲ့ မှာတော့ သေနတ်ကိုင်ပြီး တိုက်ပွဲဝင်တဲ့ အမျိုးသမီး ရဲဘော်ဆိုလို့ ရဲဘော်လိပ်ပြာတဦးတည်းသာ ရှိပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လက်လုပ်လက်နက်ကြီး ပြောင်းကွဲလို့ ဒဏ်ရာရခဲ့တာကလွဲလို့ အားလုံး ဘေးကင်းစွာနဲ့ ပြန်လာခဲ့နိုင်ပါတယ်။
နောက်ထပ် ရဲဘော်လိပ်ပြာပါခဲ့ရတဲ့ တိုက်ပွဲတခုက ပေါက်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းထိုးလာတယ်လို့ သတင်းရတဲ့အတွက် နယ်မြေကာကွယ်တဲ့အနေနဲ့ ခြုံခိုတိုက်ခဲ့ရတဲ့ တိုက်ပွဲပါ။ PRF တပ်ဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် စစ်ရေးတာဝန်ခံကသာ အဓိက တိုက်ခဲ့တာဖြစ်ပြီး ရဲဘော်လိပ်ပြာတို့လို ရဲဘော်တွေ အနေနဲ့က စစ်ရေးအတွေ့အကြုံရရန် အရံအင်အားအနေနဲ့ လိုက်သွားခဲ့တာဖြစ်ပါတယ်။
အဲဒီတုန်းက စစ်ကောင်စီစစ်ကြောင်းဟာ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်းပါ။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း ပူးပေါင်းတပ်ဖွဲ့အနေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်တဲ့အခါ စစ်ကောင်စီဘက်က ၄၀ မမ၊ ၆၀ မမတွေနဲ့ အဆက်မပြတ်ပစ်ခတ်တာကြောင့် တော်လှန်ရေးရဲဘော်တွေ ပစ်ဆုတ်၊ ဆုတ်ခွာခဲ့ရတယ်လို့ ဆိုပါတယ်။
“ညီမလေးတို့ ဆရာက ခံပြီးပစ်နေတဲ့အချိန်မှာ နောက်ဆုံးက ကျန်နေခဲ့တာ။ ညီမလေးတို့ကြတော့ ဆုတ်ဆိုတာနဲ့ ရှေ့ဆုံးအထိရောက်အောင် ပြေးရတာ”လို့ သူသေ၊ ကိုယ်သေအသက်ပေးကာ တိုက်နေရတဲ့တိုက်ပွဲမှာ ဖြစ်ပျက်တတ်တဲ့ သဘောတွေကို ရဲဘော်လိပ်ပြာက အရယ်နှောကာ ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။
ရဲဘော်လိပ်ပြာဟာ စကားပြောတဲ့အခါ မသိရင် မသိဘူး၊ သိတဲ့ဟာဆိုရင်လည်း မခြွင်းမချန်ဘဲ ပွင့်ပွင့်လင်းလင်း ပြောပြတယ်။ သူ့အသံထဲမှာ ငယ်ရွယ်မှု၊ လွတ်လပ်မှုတွေကို ကြားရတယ်။ တခါတလေ စကားသံတွေထဲမှာ ရဲဘော်တယောက်ရဲ့ အသံထက် ကျောင်းသူတယောက်ရဲ့အသံတွေကို ကြားရတယ်။
ရင့်ကျပ်လာတဲ့လိပ်ပြာ
တကယ်က သူ့အရွယ်ဟာ ကျောင်းတက်၊ စာဖတ်၊ ပညာရေးကို လေ့လာ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးနေ နေရမယ့်အရွယ်ပါ။ ဒါပေမဲ့ မြန်မာပြည်မှာ အဲဒီလိုတွေလုပ်ဖို့ အခွင့်အရေးတွေ မပေးတဲ့အခါ ဒီလိုအခွင့်အရေးတွေ ရနိုင်ဖို့အတွက် သူတို့ရဲ့ ငယ်ရွယ်နုပျိုမှုတွေ၊ ဘဝတွေကို ရင်းနှီးပြီး တော်လှန်ရေးမှာ အသက်တွေ ပေးထားရတာပါ။
ကျောင်းသူဘဝနဲ့ လက်ရှိ တော်လှန်ရေးရဲဘော်တယောက်ရဲ့ဘဝ ခြားနားမှုကို ရဲဘော်လိပ်ပြာက အခုလို ပြောပါတယ်။
“စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပိုပြီးတော့ ရင့်ကျက်လာတယ်။ အိမ်မှာကျတော့ ဘာမှလည်း မလုပ်ရတော့ အဲဒီလောက် မပြောင်းလဲဘူးလေ။ ဒီမှာကျတော့ အကုန်လုပ်ရတယ်။ အကုန်လုပ်နိုင်နေပြီ”
တောခိုပြီးတဲ့နောက်ပိုင်း ရဲဘော်တယောက်ဖြစ်လာတဲ့အခါ အသားတွေမဲသွားပြီလားဆိုတဲ့ မေးခွန်းကိုတော့ သူက ပွင့်ပွင်းလင်းလင်း ဝါးလုံးကွဲရယ်မောလျက် အခုလို ပြောပြပါတယ်။
“အရင်ကတည်းက မဖွေးခဲ့တာ ဟား.....ဟား.......ဟား...... အရင်ကတည်းက ညိုတဲ့အထဲ ဒါထက် ထပ်မည်းပဲဖို့ ကျန်တော့တယ်”
ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံမတူညီတဲ့အခါ အမျိုးသမီးတယောက်အနေနဲ့ အမျိုးသားတွေကြားမှာ ဘယ်လိုပင် ရင်ပေါင်တန်းနိုင်ပါတယ်ဆိုပေမယ့်လည်း အခက်အခဲတွေတော့ ရှိတယ်လို့ ရဲဘော်လိပ်ပြာက ဆိုပါတယ်။
တဖက်မှာလည်း အမျိုးသမီးရဲဘော်တယောက်တည်းရှိတဲ့အခါမှာ တခြားရဲဘော်တွေက မောင်နှမလို အရေးပေး ဂရုစိုက်တာ၊ ငဲ့ညှာတာမျိုးတွေရှိတယ်လို့ ဆိုပါတယ်။
ရဲဘော်လိပ်ပြာဟာ တောခိုပြီးတဲ့နောက်ပိုင်းမှာ မိဘတွေနဲ့ ပြန်တွေ့ရပါသေးတယ်။ တော်လှန်ရေး ရဲဘော်တယောက်ဖြစ်နေတဲ့ သူ့ကို မြင်ရတဲ့အခါ မိဘတွေက ကျေနပ်ကြတယ်။
စစ်ကောင်စီကို လက်တွေ့တိုက်နေရတဲ့ တော်လှန်ရေးရဲဘော်တယောက်အတွက် လက်ရှိ တော်လှန်ရေးကြီးမှာ အရေးကြီးဆုံးလိုအပ်နေတဲ့အချက်က ဘာဖြစ်မလဲလို့ မေးကြည့်တဲ့အခါ သူက “အဖွဲ့တွေက မညီသေးတဲ့အခါမှာတော့ အားမရတာတွေရှိတယ်။ အဖွဲ့တွေညီသွားရင်တော့ ပိုအဆင်ပြေသွားမှာ။ အခုက လက်နက်က အဆင်ပြေပေမယ့် ကျည်ဆံက မလွယ်ဘူး။ ကျည်က လိုအပ်နေတာဖြစ်တယ်”လို့ ရဲဘော် လိပ်ပြာက မှတ်ချက်ပြုပါတယ်။
တော်လှန်ရေးကြီး အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းအပေါ်ကိုလည်း ရဲဘော်လိပ်ပြာက ဆုံးဖြတ်ချက် ၂ ခု ချထားပြီးဖြစ်ပါတယ်။ ဒါကို သူက မကွယ်မဝှက်ဘဲ ပွင့်ပွင့်လင်းလင်းဆိုပါတယ်။
“တော်လှန်ရေးအောင်မြင်သွားရင်တော့ မြန်မာနိုင်ငံမှာ ဆက်နေရင်လည်း ဆက်နေမယ်ပေါ့၊ မအောင်မြင်ဘဲနဲ့ တပိုင်းတန်းလန်းဖြစ်နေရင်တော့ တခြားနိုင်ငံသွားပြီး အလုပ်လုပ်မယ်လို့ စိတ်ကူးမိတယ်”
#မြေလတ်အသံ
#ဆောင်းပါး #ရုပ်ပုံလွှာ #ရဲဘော်လိပ်ပြာ #PRF
Share Share Share