လုပ်တိုင်းမဖြစ်ရင် စိတ်မညစ်စေချင် (အားကစားဆောင်းပါး)

လုပ်တိုင်းမဖြစ်ရင် စိတ်မညစ်စေချင် (အားကစားဆောင်းပါး)

ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျင်းပသွားမယ့် ONE Friday Fights 97 ပွဲစဉ်မှာ ဘရော်နီကာရဲ့ပွဲစဉ်ပါဝင်လာပြီး သူဟာ ချီလီနိုင်ငံသူ ဖရန်ဆီကာဗီယာနဲ့ အက်တမ်ဝိတ်တန်းမှာ မွေထိုင်းထိုးသတ်ယှဉ်ပြိုင်သွားမှာပါ။ 

ဘရော်နီကာဟာ ဒီပွဲအတွက်အားခဲထားပြီး သူဟာ ထိုင်းဘုရင်ဖလားမွေထိုင်းပြိုင်ပွဲ ၂ နှစ်ဆက်ချန်ပီယံဖြစ်ပြီးတဲ့နောက်မှာ ONE ကိုကူးပြီး ချန်ပီယံခါးပတ်တွေ ကိုင်မြှောက်ဖို့အထိ မျှော်မှန်းထားသူတယောက်ဖြစ်ပါတယ်။ 

ဘရော်နီကာကို ကြာသပတေးနေ့ ဝိတ်ချိန်တဲ့အချိန် မြင်လိုက်ရချိန်မှာတော့ ဒီပွဲအတွက် သူဘယ်လောက်အထိ ပြင်ဆင်ထားတယ်၊ မျှော်လင့်ထားတယ်ဆိုတာကိုပါတွေ့လိုက်ရပါတယ်။ ဘရော်နီကာဟာ သူကစားရမယ့်ဝိတ်တန်းအတွင်း တကြိမ်တည်းတန်းဝင်သလို ဟိုက်ဒရေးရှင်းစစ်ချက်ကိုလည်း လွတ်လွတ်ကျွတ်ကျွတ် အောင်မြင်ခဲ့ပါတယ်။

ဒါဟာ သူ့ရဲ့ ပွဲအပေါ်အလေးထားမှုနဲ့ ကြိုတင်ပြင်ဆင်မှုအားကောင်းတာကိုတွေ့ရပြီး ခန္ဓာကိုယ်ကြွက်သားတည်ဆောက်မှုတွေပါ ပြောင်းလဲနေတာကိုမြင်တွေ့ရပါတယ်။ အင်တာဗျူးအချိန်တွေမှာလည်း ဘရော်နီကာဟာ ဒီပွဲမှာအစွမ်းပြဖို့ကြိုးစားမှာဖြစ်ပြီး အလဲထိုး အနိုင်ရဖို့ကြိုးစားမယ်လို့ ဖြေဆိုထားတာကိုတွေ့ရပါတယ်။ 

ဘရော်နီကာဟာ ONE မှာအောင်မြင်ချင်ပြီး ပထမဆုံးပွဲကိုလည်း အကောင်းဆုံးရလဒ်နဲ့ အနိုင်လိုချင်စိတ်ပြင်းပြနေတာ သေချာပါတယ်။ ဒီလိုစိတ်ဆန္ဒပြင်းပြနေတာကိုတွေ့ရတော့ ဘရော်နီကာရဲ့ Thai Fight နောက်ဆုံးပွဲကို သတိရမိပါတယ်။ 

စာချုပ်သက်တမ်း လက်ကျန်ကာလအတွင်း Thai Fight ဟာ ဘရော်နီကာကို ပွဲစဉ်သိပ်မပေးတော့တာကြောင့် နောက်ဆုံးပွဲထိုးသတ်ရတဲ့အခါမှာ သူဟာ ပြတ်သားတဲ့အနိုင်နဲ့ နှုတ်ဆက်ဖို့ကြိုးစားခဲ့ပြီး ပွဲထဲမှာလည်း အသာစီးအနေအထားနဲ့ထိုးသတ်ခဲ့ကာ ပြိုင်ဘက်ဖလော်ရန်စီယာကို ဆက်တိုက်ဖြိုခဲ့ပါတယ်။  

ဖလော်ရန်စီယာရဲ့ခံနိုင်ရည်မြင့်တာနဲ့ ချက်ကောင်းမထိသေးတာဟာ ပွဲကိုအပြတ်ဖြတ်ချင်တဲ့ ဘရော်နီကာရဲ့စိတ်ကို အနှောင့်အယှက်ပေးလာပါတယ်။ ဒါကြောင့် ဘရော်နီကာဟာ တိုက်စစ်ပဲဖွင့်ခဲ့ပြီး ကောင်တာပြန်လာနိုင်တာတွေကို သတိလွတ်သွားခဲ့ပါတယ်။ 

ဒုတိယအချီအချိန်စေ့ခါနီးမှာတော့ တောက်လျှောက်ဖိအားပေးထိုးသတ်နေတဲ့ ဘရော်နီကာကို ဖလော်ရန်စီယာရဲ့အမြင့်ကန်ချက်တချက် တည့်တည့်ထိခဲ့ပြီး ကြမ်းပြင်ပေါ်ကျသွားပါတော့တယ်။ ကြမ်းပြင်ပေါ်ကျကျချင်း အချိန်စေ့သွားကာ အမှတ်စဉ်အရေမခံလိုက်ရတာဟာ ကံကောင်းတယ်လို့ပြောရမှာဖြစ်ပြီး အမှတ်စဉ်ရေတွက်ခံလိုက်ရရင် ဘရော်နီကာအတွက် အနှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်။

နောက်ထပ်ပွဲချိန်တွေမှာတော့ ဘရော်နီကာသတိထားထိုးသတ်ခဲ့တာကြောင့် အသာစီးထိုးသတ်နိုင်ခဲ့ပြီး အမှတ်နဲ့အနိုင်ရခဲ့ပေမယ် Thai Fight ကို အလဲထိုးပွဲနဲ့နှုတ်ဆက်ချင်တဲ့ဆန္ဒတော့ မပြည့်လိုက်ဘူး ဖြစ်သွားပါတယ်။ 

ဒီတခါမှာလည်း ဘရော်နီကာတယောက် ONE ကန့်လန့်ကာအဖွင့်ပွဲအတွက် အနိုင်လိုချင်စိတ်တွေ ပြင်းပြလို့နေပါတယ်။ Thai Fight ကထွက်လာပြီးချိန် ပထမဆုံးပွဲမှာ ရလဒ်ကောင်းချင်နေမှာလည်း သေချာပါတယ်။ ပြီးတော့ ပရိသတ်တွေနဲ့ထိတွေ့မှုအမြဲရှိတဲ့သူ့အတွက် ဒီပွဲမှာ သူ့ရဲ့ပရိသတ်တွေကို အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြသချင်နေမှာပါ။ နောက်ထပ်တချက်က စွမ်းဆောင်ရည်ကောင်းပြီး သူတို့ကြိုက်ရင် ပေးတတ်တဲ့ ONE ရဲ့ ဘောနပ်စ်ကလည်း အနိုင်ထိုး အပြတ်ဖြတ်မယ်ဆိုတဲ့ စိတ်ကို ဖြစ်နေစေမှာသေချာပါတယ်။ ထိုင်းမှာပြိုင်ဆိုင်မှုပြင်းထန်လေ့ရှိတဲ့ မွေထိုင်းကလပ်တွေရဲ့ အားပြိုင်မှုဟာလည်း ဒီပွဲအတွက် သက်ရောက်မှုရှိနေဦးမှာပါ။ 

နိုင်လိုစိတ်ပြင်းပြမှု၊ လေ့ကျင့်သားပြည့်ဝမှုနဲ့အတူ ဘရော်နီကာဟာ ယုံကြည်မှုပြည့်နေမှာလည်း သေချာပါတယ်။ ဒါပေမယ့် ONE ရဲ့စင်မြင့်နဲ့ Thai Fight ရဲ့စင်မြင့်၊ ONE ရဲ့ဖိုက်တာတွေနဲ့ Thai Fight ရဲ့ ဖိုက်တာတွေဟာ အနေအထားကွာတယ်ဆိုတာ မေ့လို့မရပါဘူး။ ပြီးတော့ အနိုင်တွက်ထားတဲ့ပွဲမှာ ကိုယ်က ပြိုင်ဘက်ကို စိတ်ကြိုက်ဖြိုလို့ မရနိုင်၊ ကိုယ်လုပ်တိုင်းဖြစ်မလာတဲ့အခါမှာ စိတ်ညစ်လောကြီးပြီး ဖွင့်ထိုးရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ မေ့သွားနိုင်ပါတယ်။ ဘရော်နီကာအနေနဲ့ ဒီတချက်ကို ကောင်းကောင်းသတိထားနိုင်ရင် ဒီပွဲမှာ လိုချင်တဲ့ရလဒ်မဟုတ်တောင် လိုအပ်တဲ့အနိုင်ပွဲကို ဖော်ဆောင်နိုင်မှာသေချာပါတယ်။ 

ပြိုင်ဘက် ဖရန်ဆီကာဗီယာကတော့ ဘရော်နီကာထက် အရပ်နဲ့လက်တံပိုရှည်ပါတယ်။ သူဟာ ONE ပြိုင်ပွဲမှတ်တမ်းမှာ အကောင်းကြီးမဟုတ်ပေမယ့် ဘရော်နီကာကို ကောင်းကောင်းစစ်ဆေးနိုင်တဲ့ အဆင့်တော့ ရှိနေတာသေချာပါတယ်။ တံတောင်အားပြုကစားတာ၊ အရပ်အမောင်းအားပြုပြီး အနီးကပ်ချုပ် ဒူးတိုက်တာတွေ ကောင်းမွန်ပါတယ်။ 

အားနည်းချက်အနေနဲ့ သူ့ရဲ့အရပ်အမောင်းအရ အနည်းငယ်လေးလံပြီး အမြင့်ကန်ချက်လည်း သိပ်မထွက်သလို ဘော်ဒီဟာ အကာကွယ်မဲ့နေတာမျိုးတွေ့ရတတ်ပါတယ်။ ဒါတွေကို ဘရော်နီကာလည်း ကောင်းကောင်းသိမယ်လို့ ထင်ပါတယ်။ 

ဘရော်နီကာအတွက် ဒီပွဲဟာအရေးကြီးတဲ့ပွဲပါ။ နိုင်လိုစိတ်အပြည့်နဲ့ထိုးသတ်မယ်ဆိုတာ ယုံကြည်ပေမယ့် ကိုယ်လိုချင်တဲ့ရလဒ်ကို အတင်းပုံဖော်မိရင်း သတိလွတ်တာမျိုးဖြစ်မှာကိုလည်း စိုးရိမ်မိပါတယ်။ 

ONE ရဲ့စင်မြင့်ကိုတက်ဖို့ ထိုးသတ်ပုံနဲ့ ပါဝါအပြင် ကြံ့ခိုင်မှုကိုမြှင့်တင်ထားနိုင်တဲ့ ဘရော်နီကာအနေနဲ့ သူ့ရဲ့ ပထမခြေလှမ်း ဘယ်လောက်ခိုင်ခိုင်မာမာလျှောက်လှမ်းနိုင်မလဲဆိုတာ ဒီနေ့ညမှာ ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။ ။ 

#မြေလတ်အသံ

#အားကစား #ONEFridayFights #ဘရော်နီကာ #ဖရန်ဆီကာဗီယာ #မွေထိုင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10