လုပ်အားခ ၄၀၀၀ ရဖို့ ဖိနှိပ်မှုတွေကြားမှာရုန်းကန်နေတဲ့ မြန်မာပြည်က အခြေခံလူတန်းစား အမျိုးသမီးတွေ (ဆောင်းပါး)

လုပ်အားခ ၄၀၀၀ ရဖို့ ဖိနှိပ်မှုတွေကြားမှာရုန်းကန်နေတဲ့ မြန်မာပြည်က အခြေခံလူတန်းစား အမျိုးသမီးတွေ (ဆောင်းပါး)

 

ပြည်မြို့က ထမင်းဆိုင်တဆိုင်မှာ ဆိုင်ဝန်ထမ်းအဖြစ် နံနက် ၇ နာရီကနေ ည ၇ နာရီထိ အလုပ်လုပ်ရပြီး မြန်မာငွေကျပ် ၄၀၀၀ သာရတဲ့ အမျိုးသမီးတဦးဟာ သူမအလုပ်ထုတ်ခံရတဲ့အကြောင်းကို ယခုနှစ် မေလ ၂၂ ရက်နေ့မှာပဲ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားပြီး မျှဝေခဲ့ပါတယ်။ 

အဲဒီအမျိုးသမီးဟာ ဆိုင်မှာအလုပ်လုပ်နေရင်း ရုတ်တရက် လူတွေကြားမှာ ပြောဆိုခံရကာ အလုပ်ထုတ်ခံလိုက်ရတဲ့အကြောင်း နစ်နာကြေးအဖြစ် ၈၀၀၀ ကျပ်သာပေးပြီး လုပ်ငန်းခွင်အတွင်းမှာလည်း ဖိနှိပ်မှုတွေနဲ့ခွဲခြားဆက်ဆံတာကို ကြုံတွေ့ခဲ့ရတယ်လို့ ရေးသားထားတာကြောင့်လည်း လူမှုကွန်ရက်အသုံးပြုသူတွေကြား ကရုဏာဒေါသ ဖြစ်စရာအဖြစ် ပျံ့နှံသွားပါတယ်။

မြေလတ်ဒေသ နယ်မြို့တွေက ဆိုင်အရောင်းစာရေးဝန်ထမ်း မိန်းကလေးငယ်တွေရဲ့ တနေ့လုပ်အားခဟာ ၂၀၂၁ ခုနှစ်က ၃၀၀၀ ဝန်းကျင် ရခဲ့ရာကနေ ယနေ့မျက်မှောက်ကာလ ၂၀၂၄ ခုနှစ် မေလမှာ ၄၀၀၀ ကျပ်ဝန်းကျင်မှာပဲ ရရှိနေပါသေးတယ်။ 

အခြားသော အခြေခံလူတန်းစားအမျိုးသမီးတွေရဲ့ အလုပ်တွေဖြစ်တဲ့ ထမင်းဆိုင်၊ စားသောက်ဆိုင်နဲ့ ဈေးဆိုင်အကူ၊ ကုန်ထမ်း၊ ဧည့်ကြို၊ အိမ်အကူ၊ လမ်းလုပ်သားနဲ့ ကြုံရာကျပန်းအလုပ်ကြမ်းလုပ်ရတဲ့ အမျိုးသမီးအများစုဟာလည်း တနေ့ကို ကျပ် ၄၀၀၀ ဝန်းကျင်မှာပဲ ရနေသေးတယ်လို့ သိရပါတယ်။

အမျိုးသမီးတွေဖြစ်နေလို့ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးတဲ့အတွက် လုပ်ငန်းခွင်အတွင်း ဖိနှိပ်ခံရတာနဲ့ ခွဲခြားဆက်ဆံခံရတာတွေကို သည်းခံပြီး ကျိတ်မှိတ် နေကြရတယ်လို့ အမျိုးသမီးတွေက ပြောကြပါတယ်။

"တချို့စတိုးဆိုင်တွေက အရောင်းဝန်ထမ်းလစာက တအားနည်းတယ်။ တလကို တသိန်းနှစ်သောင်းပဲပေးတယ်။ တနေ့ကို ၄၀၀၀ ပေါ့။ အလုပ်ကရှားနေတော့ ရှိတဲ့အလုပ်ကို မြဲအောင်လုပ်နေကြတာ၊ အဆင်မပြေတာကတော့ ဘယ်လိုပြောရမှန်းကိုမသိဘူး” လို့ ပြည်မြို့က အရောင်းဝန်ထမ်း အမျိုးသမီးငယ်တဦး က ပြောပါတယ်။

တနေ့ကို ၄၀၀၀ ကျပ်သာရကြပေမယ့် အလုပ်ချိန်ကတော့ နံနက် ၆ နာရီကနေ ညနေ ၆ နာရီထိ လုပ်ငန်းခွင်ဝင်ကြရပြီး အချို့ဆိုင်တွေကတော့ ည ၇ နာရီအထိ ခိုင်းစေတာမျိုးရှိတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် လုပ်ငန်းခွင်နဲ့မသက်ဆိုင်တဲ့ ဆိုင်ရှင်၊ လုပ်ငန်းရှင်တွေရဲ့ မိသားစုကိစ္စ ကိုယ်ရေးကိုယ်တာကိစ္စတွေကိုလည်း လုပ်ကိုင်ပေးရတာတွေ ရှိတယ်လို့ သိရပါတယ်။

“အမျိုးသမီး ဝန်ထမ်းတွေ အရွယ်ငယ်ငယ်တွေဆို သူတို့က အိမ်ကအလုပ်တွေကိုပါ ခိုင်းချင်တာ။ ဆိုင်မှာဈေးရောင်းပေးနေရင်း ကလေးထိန်းပေးရတာ၊ ဆိုင်ကယ် ကားရေဆေးခိုင်းတာမျိုးတွေ ခိုင်းတတ်တယ်။ မိန်းကလေးအရောင်းဝန်းထမ်းဆို သူတို့က အိမ်အကူတယောက်ရသလိုကို ထင်နေတဲ့ ဆိုင်ရှင်မျိုးတွေ ကြုံခဲ့ရဘူးတယ်” လို့ အရောင်းဝန်ထမ်းအလုပ်ကို ၅ နှစ်ကျော်ကြာ ဖြတ်သန်းခဲ့ဖူးတဲ့ အသက် ၃၀ အရွယ်အမျိုးသမီးတဦးက ပြောပါတယ်။

အခြေခံလူတန်းစားအမျိုးသမီးတွေအနေနဲ့ အများစုမှာ ပညာရေးတပိုင်းတစနဲ့ လုပ်ငန်းခွင်ထဲဝင်ရောက်ကြရသလို တချို့လည်း ဘွဲ့ရထားသူတွေလည်း ပါဝင်နေပြီး အလုပ်ရှင်အလုပ်သမား နားလည်မှုနဲ့ လုပ်ကိုင်ကြတဲ့အတွက် စာချုပ်စာတမ်း မရှိသလို ထုတ်ပယ်ခံရပါကလည်း အကျိုးခံစားခွင့်မရဘူးလို့ ဆိုပါတယ်။ 

“အလုပ်ထဲအဆင်မပြေလို့ကတော့ နောက်နေ့မဆင်းရတော့ဘူး။ ဘာမှ ကြိုပြောတာလည်း မရှိဘူး။ အခုချိန်ကပိုဆိုးတယ် ဘယ်ကိုမှတိုင်လို့မရဘူး။ ဘယ်အဖွဲ့အစည်းကမှလည်း လိုက်မဖြေရှင်းပေးဘူး။” လို့ သူမက ဆက် ပြောပါတယ်။ 

လက်ရှိမြန်မာနိုင်ငံရေးအခြေအနေနဲ့ စီးပွားရေးကုန်ဈေးနှုန်း မြင့်တက်မှုကြောင့် လုပ်ခလစာနည်းပါးပြီး ဖိနှိပ်မှုတွေရှိနေပေမယ့် အလုပ်အကိုင်ရှားပါးနေကာ အလုပ်လုပ်လိုသူတွေသာ များနေတယ်လို့ ဆိုပါတယ်။ 

ကုန်းဈေးနှုန်းကို မြင့်တက်စေတဲ့ အဓိကအချက်တွေဖြစ်တဲ့ ဒေါ်လာဈေးနဲ့ ရွှေဈေးဟာ မကြုံဖူးလောက်အောင်ကို တက်နေပြီး အခြေခံလူတန်းစားတွေ အပေါ်ကို ဖိစီးမှုကြီးမားနေတယ်လို့ ပဲခူးတိုင်းအနောက်ခြမ်းက ရွှေလုပ်ငန်းရှင်အမျိုးသမီးတဦး က ပြောပါတယ်။

"ရွှေဈေးက ဒေါ်လာ အတက်အကျနဲ့ဆိုင်တော့ ဒေါ်လာတက်နေတော့ ကုန်ဈေးနှုန်းကတအားတက်ပြီး အ‌ခြေခံလူတန်းစားတွေတော့ လှိမ့်ခံနေရတာပေါ့" လို့ ပြည်မြို့က စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတဦးကလည်း ပြောပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာစသိမ်းချိန်မှာ မြန်မာအခေါက်ရွှေတကျပ်သား ၁၅ သိန်းမပြည့်သေးပေမယ့် မျက်မှောက်ကာလ ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်နေ့မှာတော့ ရွှေတကျပ်သားကို ၅၂ သိန်းကျော် ဈေးပေါက်နေပြီလို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။

"ခုချိန်ကတော့ အ‌ခြေခံလူတန်းစားတွေကတော့ ပြန်ရောင်းများတယ်။ ငွေရှင် ကြေးရှင်သမားတွေကတော့ အဝယ်များတယ်" လို့ ပဲခူးတိုင်းအနောက်ခြမ်းက ရွှေလုပ်ငန်းရှင်အမျိုးသမီးတဦး က ပြောပါတယ်။

ပြန်လည်ရောင်းချရာမှာ လက်ဝတ်ရတနာလိုမျိုး ရွှေထည်ပစ္စည်းတွေကို ရောင်းချမှု များပြားတယ်လို့ သူမကဆက်ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်တာမရှိသလို သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးနှုန်းတွေကလည်း သတ်မှတ်ချက်အနေနဲ့ သာရှိနေပါတယ်။ 

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က မေလ ၂၆ ရက်နေ့မှာ အကယ်ဒီမီအခေါက်ရွှေ ၁ ကျပ်သားကို ၃၉ သိန်းကျော်နဲ့ ရည်ညွှန်းဈေးဖွင့်ခဲ့ပေမယ့် ပြင်ပဈေးကွက်ပေါက်ဈေးကတော့ ၅၂ သိန်းကျော်မှာရှိခဲ့တာပါ။

အလားတူ တခြား လောင်စာဆီနဲ့ စားသောက်ကုန်ဈေးနှုန်းတွေမှာလည်း စစ်ကောင်စီရဲ့ ရည်ညွှန်းဈေးတွေထက် ပြင်ပပေါက်ဈေးတွေဟာ ၂ ဆကျော်ကျော်မှာ မြင့်တက်နေပါတယ်။

လက်ရှိမှာတော့ ဈေးကွက်အတွင်း ကုန်ဈေးနှုန်းတွေဟာ အဆမတန်မြင့်တက်လျှက်ရှိပြီး ကျောက်ရွေးဆန် ၁ ပြည်ကို ၆၅၀၀ ကျပ်၊ စားအုံးဆီတပိဿာ ၁၀၀၀၀ ကျပ်ဝန်းကျင်၊ ကြက်သား CP ကြက် တပိဿာ ၁၅၀၀၀ ကျပ်တို့မှာရှိနေရာ အမျိုးသမီးတဦး တနေ့လုပ်အားခမှာ ဆန်တပြည်ဖိုးပင် မရဘူးလို့ နေ့စားအမျိုးသမီးတွေဆီက သိရပါတယ်။

“အလုပ်သိမ်းအပြန် ရတဲ့ငွေနဲ့က ဆန်လေးလုံး(နို့ဆီဗူး) ဝယ်လိုက်ရင် ငါးရာကျော်ကျော်ပဲ ကျန်တယ်။ တခြား ဘာမှဝယ်လို့မရတော့ဘူး။ ရပ်ကွက်ထဲမှာ အကုန်အဲလိုမိသားစုတွေချည်းပဲ။ ချေးလိုက်ငှားလိုက် ပြန်ဆပ်လိုက်နဲ့ အပေါင်ဆိုင်မှာလည်း လူတွေကိုတန်းစီနေတာပဲ” လို့ နတ္တလင်းမြို့နယ်က အမျိုးသမီးတဦးက ပြောပါတယ်။

တဖက်မှာလည်း စက်မှုလက်မှုလုပ်ငန်းအများစုဟာ စီးပွားရေးအာမခံချက်မရှိတာ၊ သယ်ယူပို့ဆောင်ရေး ခက်ခဲကြန့်ကြာတာ၊ ကုန်ဈေးနှုန်းကြီးမြင့်လာတာနဲ့ အဓိက လျှပ်စစ်မီးမရရှိတာတွေကြောင့် လုပ်ငန်းရပ်နားထားတာတွေနဲ့ လျှော့ချရတာတွေကြောင့် အမျိုးသမီးလုပ်သားတွေ အလုပ်ရပ်နားခံရတာ၊ အချိန်ပိုင်းနဲ့သာ လုပ်ကိုင်ရတာတွေ များလာနေတယ်လို့ ပြည်စက်မှုဇုန်လုပ်ငန်းရှင်တွေ ဆီက သိရပါတယ်။

“မီးက တနေ့နှစ်နာရီပဲ ပေးတော့တယ်။ လုပ်ငန်းတွေ ရပ်နားရတယ်။ အချိန်နဲ့ပဲ လုပ်ရတယ်။ အဲတော့ လုပ်သားလျှော့တာ၊ အလှည့်ကျဆင်းရတာတွေ လုပ်ရတယ်။ အလျှော့ခံလိုက်ရတဲ့ သူတွေက တခြားဈေးဆိုင်၊ စတိုးဆိုင်နဲ့ ကျပန်းအလုပ်တွေထဲ ရောက်သွားကြတယ်လို့ ကျနော်မြင်ပါတယ်” လို့ လုပ်ငန်းရှင်အမျိုးသားတဦး ကပြောပါတယ်။

စစ်ကောင်စီက မြန်မာနိုင်ငံမှာရှိတဲ့ စက်မှုဇုန်တွေက စက်ရုံတွေအားလုံးကို မေလ ၁၉ ရက်နေ့ကစပြီး တနေ့ ၂ နာရီသာ လျှပ်စစ်မီးပေးတော့မယ်လို့ သက်ဆိုင်ရာလျှပ်စစ်ဌာနရုံးတွေကနေ အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။

အဲဒီအတွက် ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေက စက်မှုလက်မှုလုပ်ငန်းတွေက အလုပ်သမားတွေ အလုပ်ရပ်နားခံရတာ၊ လုပ်ခလစာလျှော့ပေါ့ခံရတာတွေ အများအပြားဖြစ်ပွားခဲ့သလို နယ်မြို့တွေက စက်မှုဇုန်တွေမှာ ဂယက်ရိုက်မှုရှိခဲ့တာပါ။ 

“အခုချိန်က လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံရတဲ့အခါမှာ တိုင်ကြားဖို့ ဖြေရှင်းပေးဖို့ နေရာမရှိဘူး။ တရားစီရင်ရေးနဲ့ ဥပဒေအကာကွယ်က မဲ့နေတဲ့ကာလပေါ့။ ကျနော်တို့လည်း အလုပ်သမားတွေကို ပေါ်ပေါ်တင်တင် မကူနိုင်ဘူး။ စောင့်ကြည့်ခံနေရတော့ အကြံပေးတာမျိုးလောက်ပဲ လုပ်နိုင်တော့တယ်။ လုပ်ငန်းခွင်ဖိနှိပ်မှုတွေကတော့ ပိုများလာတာပေါ့” လို့ လူ့အခွင့်အရေးလှုပ်ရှားသူတဦးက ပြောပါတယ်။

လက်ရှိကာလမှာတော့ အခြေခံလူတန်းစားအမျိုးသမီးအများစုအတွက် အလုပ်အကိုင်ရရှိရေးနဲ့ အခွင့်အရေးကာကွယ်ပေးနိုင်မှု အခြေအနေတွေ ရှားပါးကင်းမဲ့လာပြီး ၄၀၀၀ သာသာငွေကို နေ့စဉ်မှန်မှန်ရဖို့အတွက် သည်းခံရင်ဆိုင်ဖို့ အသင့်ပြင်ဆင်ထားကြရပါတယ်။

ဆိုင်အကူအမျိုးသမီးတဦးကတော့ “အလုပ်ရဖို့မလွယ်ဘူး။ အလုပ်ပြုတ်သွားရင်လည်း တခြားအလုပ်ရှာနေရတဲ့အချိန်မှာ ထိုင်စားဖို့ငွေပိုဆိုတာ ရှိကိုမရှိဘူး။ အလုပ်တခုရထားရင် ကြိုက်ကြိုက်မကြိုက်ကြိုက် မြဲအောင်လုပ်ရတာ” လို့ အခြေခံလူတန်းစားအမျိုးသမီးတွေရဲ့ အခြေအနေကို ပြောဆိုလိုက်ပါတယ်။ 

#မြေလတ်အသံ

#ဆောင်းပါး #လုပ်ခလစာ #ကုန်ဈေးနှုန်း #အမျိုးသမီးလုပ်သား #အခြေခံလူတန်းစား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10