လုမ္ပနီရုံမှာ အမဲလိုက်ခဲ့တဲ့ ဒေါနကျားတကောင်ကို ခြေရာခံခြင်း (အားကစားဆောင်းပါး)

လုမ္ပနီရုံမှာ အမဲလိုက်ခဲ့တဲ့ ဒေါနကျားတကောင်ကို ခြေရာခံခြင်း (အားကစားဆောင်းပါး)

၂၀၂၅ ခုနှစ်ရဲ့ ပထမဆုံးလ၊ ဆယ်ရက်မြောက်နေ့၊ ထိုင်းစံတော်ချိန် ည ၁၀ နာရီကျော်။ နေရာက မြို့တော်ဘန်ကောက်ရဲ့ သမိုင်းဝင်အထင်ကရ လုမ္ပနီလက်ဝှေ့ရုံ။ ဝမ်းချန်ပီယံရှစ်ရဲ့ နှစ်သစ်အဖွင့်ပွဲအဖြစ် ကျင်းပနေတာက သီတင်းပတ်တခုရဲ့ သောကြာညတိုင်း ကျင်းပနေကျ လက်ဝှေ့ပွဲရဲ့ အမှတ်စဉ် ၉၃။

ဒေသစံတော်ချိန် ည ၇ နာရီခွဲကစတဲ့ တိုက်ခိုက်ရေးအားကစားပွဲရဲ့ တွဲဆိုင်း ၈ ဆိုင်းပြီးတဲ့အထိ လက်ခုပ်သံ၊ အားပေးသံတွေက ပုံမှန်အတိုင်းရှိနေတယ်။

ဒါပေမဲ့ ပွဲစဉ် ၉ အတွက် အပြာထောင့်ကနေရင်ဆိုင်ရမယ့် ကစားသမားနာမည်ကြေညာလိုက်ချိန်မှာ မွေထိုင်းရဲ့ ဂန္တဝင်လက်ဝှေ့ရုံထဲ အကျယ်လောင်ဆုံးဖြစ်မယ့် အားပေးလက်ခုပ်သံတွေ ထွက်လာတယ်။

ပရိသတ်က လက်ခုပ်သံနဲ့ ကြိုနေတဲ့ သွေးလင်းထက်ကတော့ ကရင်အင်္ကျီနဲ့ ရှေ့ပွဲတွေမှာ ပွဲထွက်ခဲ့ပေမယ့် ဝမ်းချန်ပီယံရှစ်နဲ့ ဖဲယားတက်စ်တို့ရဲ့ စပွန်ဆာသဘောတူညီမှုအသစ်အရ အခုပွဲမှာ ဖဲယားတက်စ်တီရှပ်အနက်ရောင်၊ ဖဲယားတက်စ်ပွဲထိုးဘောင်းဘီနဲ့ ရုံထဲကို လျှောက်လှမ်းလာတယ်။

ရုံထဲဝင်ဝင်ချင်း အပြုံးသဲ့သဲ့တချက်သာထုတ်ပြပြီး တည်တည်ငြိမ်ငြိမ်အမူအရာနဲ့ ကြိုးဝိုင်းထောင့်ကို လျှောက်လာတဲ့ သွေးလင်းထက်ရဲ့ အင်္ကျီဘယ်ဘက်ရင်အုံမှာ ‘ဖြိုးဝေဂရုပ်’ ဆိုတဲ့တံဆိပ် သီးသန့်တပ်ထားတာ မြင်လိုက်မိတယ်။

ဒီပွဲအလဲထိုးမယ်လို့ ပွဲကြိုစကားပါးထားတဲ့ သွေးလင်းထက်က နောက်ဆုံးမွေထိုင်းပွဲမှာ လူငယ် ထိုင်းဖိုက်တာ ဘရာဇီးကိုရှုံးခဲ့လို့ ဝေဖန်မှုတွေခံထားရတဲ့အပြင် ဖိုက်တာဘဝပထမဆုံးအရှုံး သွေးစွန်းထားတဲ့ ကျားဆိုရင်လည်း မမှားနိုင်ဘူး။

ကြိုးဝိုင်းအောက်ထောင့်မှာ သွေးလင်းထက် ချောဆီလိမ်းခံနေတဲ့အချိန် ပွဲသုံးသပ်သူက မြန်မာဖိုက်တာရဲ့ ဘယ်တည် ညာတည် ပြောင်းကစားတာ ကျွမ်းကျင်ပုံနဲ့ ရိုးရာလက်ဝှေ့ကစားသမား ဖြစ်ပေမယ့် မိသားစုအတွက် မွေထိုင်းပွဲလာထိုးနေတာဆိုတဲ့အကြောင်း ပြောပြနေတယ်။

ပိုးကရင်သီချင်းတွေ ကိုယ်တိုင်သီဆိုထုတ်ဝေထားတဲ့ သွေးလင်းထက်က မြန်မာဖိုက်တာ အားလုံးလုပ်လေ့ရှိသလို ကြိုးဝိုင်းထဲကို အပေါ်ဆုံးကြိုးတန်းကနေ ကျော်မဝင်ဘဲ ဒုတိယကြိုးတန်းကြားကနေပဲ လျှိုဝင်သွားတယ်။

သူနဲ့ရင်ဆိုင်ဖို့ အနီထောင့်ကစားသမားအဖြစ် ရုံထဲဝင်လာတာက အသက် ၁၉ နှစ်အရွယ် ထိုင်း ဖိုက်တာ ရော့ကစ်တီ။

ပရိသတ်အားပေးသံနဲ့ အပြုံးတွေ ထပ်တူကျနေတဲ့ ဘယ်သန်မွေထိုင်းကစားသမားရဲ့ မျက်နှာက ဒီပွဲအတွက် ယုံကြည်မှုမြင့်မားနေမှန်း သိသာတယ်။

သူက ဝမ်းချန်ပီယံရှစ်ရဲ့ သောကြာညပွဲတွေမှာ ၂ ကြိမ်ပါဝင်ဖူးပြီး ၂ ကြိမ်လုံးမှာ တနိုင်ငံတည်းသားတွေကို ပထမအချီမှာပဲ အလဲထိုးအနိုင်ယူထားလို့ စွမ်းဆောင်ရည်အပိုဆုကြေး ဘတ် ၃ သိန်းခွဲ ၂ ကြိမ်ရထားသူ။

ဘယ်သန်ကစားသမား။ သူ့ဘယ်လက်သီးတွေနဲ့ ပြိုင်ဘက်တွေကို တုံးခနဲလဲကျထားစေသူ။ 

ကစားသမားတွေကို ကြိုးဝိုင်းပေါ်မှာ ပရိသတ်နဲ့မိတ်ဆက်ပေးပြီးတော့ ပထမအချီစပြီ။

အချီစခေါင်းလောင်းထိုးပြီး ၇ စက္ကန့်မှာပဲ ဘယ်ခြေရှေ့ခင်းထားတဲ့ ‌ကရင်ဖိုက်တာက ညာအမြင့် ခတ်ခြေ စကန်တာကို ရော့ကစ်တီက ဘယ်ခြေ မပြီး ဘယ်လက်နဲ့ ခံထားလို့ လိုရာ မရောက်လိုက်ဘူး။

ထိုင်းဖိုက်တာက ဘယ်ခြေနဲ့ အောက်ထောက်ရှင်းသလို သွေးလင်းထက်က ညာနင်းခြေထုတ်တယ်။

သွေးလင်းထက်က ညာဖြောင့်ထိုး ရှေ့တက်ပြီး ခြေအရွှေ့အပြောင်းလုပ်ဖို့ ကြံတုန်းမှာ ဘယ်ဘက်ရှောင်ထွက်ပြီးထိုးတဲ့ ရော့ကစ်တီရဲ့ ဘယ်ဖြတ်လက်သီးက သွေးလင်းထက်ရဲ့ ညာမေးရိုးကို တည့် ထိတယ်။

ပုံမှန်ဆို လက်ချကစားတတ်တဲ့ သွေးလင်းထက်က အခုပွဲစကတည်းက လက်ကို ပုံမှန်တင်ထားသလို ပြိုင်ဘက်ရဲ့ ဘယ်လက်သီးမြည်းပြီးချိန်မှာ ပိုသတိထားပြီး လက်မကျအောင် ဂရုစိုက်နေတယ်။

ညာအမြင့်ခတ်ခြေနဲ့ ညာဖြောင့်တလုံး လေထဲမှာ အလကားဖြစ်သွားတဲ့ သွေးလင်းထက်ဟာ ဘယ်ခတ်ခြေ ထပ်ထိတဲ့အချိန်အထိ ထိရောက်အားပါတဲ့ ထိုးချက်ကန်ချက်လည်း မရှိသေးဘူး။

ဒါကြောင့် ညာနင်းခြေထုတ် ရှေ့တက်ပြီး သွေးလင်းထက် ညာဝိုက်ထိုးတယ်။ ညာဝိုက်ပြီး ဘယ်ဝိုက် ဆက်ထိုးဖို့ပြင်နေတုန်းမှာပဲ တန်ပြန်ဘယ်ဝိုက်ထိပြီး ချုပ်မိသွားလို့ လူခွဲခံလိုက်ရပြန်တယ်။

အတွင်းထဲအထိ ပူးဝင်ဖို့ကြိုးစားလာတဲ့ သွေးလင်းထက်ရဲ့ ညာအမြင့်ခတ်ခြေကို ရော့ကစ်တီက နောက်တလှမ်းခုန်ဆုတ်ပြီး ရှောင်သွားသလို သွေးလင်းထက်လည်း ဘယ်တည်ပြောင်းသွားတယ်။

ဘယ်ခတ်ခြေကန်တဲ့ ရော့ကစ်တီကို သွေးလင်းထက်က ညာနင်းခြေနဲ့ တားပေမယ့် သူ့ရဲ့ ဘယ်နင်းခြေကို ရော့ကစ်တီက ညာလက်နဲ့ဖမ်းပြီး ဘယ်ဖြောင့်ထိုးတာ မျက်နှာကို တည့်ထိလို့ နောက်ဆုတ်သွားပြီး ညာတည်ပြန်ပြောင်းတယ်။

ထောက်လက်သီးတွေမသုံးဘဲ သွေးလင်းထက်က ရှေ့တောက်လျှောက်တိုး ဖိုက်တာလုပ်ဖို့ ကြံလာသလို သူ့စိတ်ထဲမှာ ပြိုင်ဘက်လက်သီးကြောင့် သူမကျနိုင်ဘူးဆိုတာ ရိပ်မိလာပုံရတယ်။

နင်းခြေ ခတ်ခြေတွေနဲ့ ရှေ့တိုးလိုက်တဲ့ သွေးလင်းထက်က မကြာမကြာဘောင်းဘီဆွဲတင်တတ်တဲ့ ရော့ကစ်တီကို အငိုက်ဖမ်း နင်းခြေထုတ်ပေမယ့် မထိလိုက်ဘဲ ညာအတွင်းခတ်ကတော့ ထိုင်းဖိုက်တာရဲ့ ရှေ့ခင်းညာခြေကို အားပါပါထိတယ်။

အတွင်းခတ်နောက်ကလိုက်တဲ့ ညာဖြောင့် ဘယ်ဝိုက်တွဲလုံးက သွေးလင်းထက်အတွက် ဒီပွဲရဲ့ ပထမဆုံး ထိချက်ပြင်းထိုးချက်တွေ စဖြစ်လာပေမယ့် ခါထွက်သွားတဲ့ ရော့ကစ်တီက တန်ပြန်ဘယ်ခြေ ပြန်ကန်ပါသေးတယ်။

သွေးလင်းထက်ရဲ့ ဘယ်ဝိုက်ကို ငုံ့‌ရှောင်ပြီး အသည်းနေရာကို ရော့ကစ်တီ ဘယ်လက်သီးနဲ့ နှိုက်ပေမယ့် သေချာမထိလိုက်ဘူး။

လက်တကမ်းထဲဝင်ပြီး အနီးကပ်ပွဲကြမ်းဖို့ စကြံလာတဲ့ သွေးလင်းထက်ဟာ ရော့ကစ်တီရဲ့ ဘယ်ဝိုက် ၃ လုံးဆက်ထိပြီး လန်ထွက်သွားပါသေးတယ်။

ပထမအချီ ၂ မိနစ်ပြည့်ကာနီးမှာ ပွဲသိမ်းဖို့ အရှိန်မြှင့်လာတဲ့ သွေးလင်းထက်ရဲ့ ညာလက်သီးထိပြီး ရော့ကစ်တီ ပိုလျော့လာသလို အကွာအဝေးထိန်းပြီး ကောင်တာကစားဖို့ ကြိုးတန်းကျောကပ်လာတယ်။

ညာခြေရှေ့ခင်းထားတဲ့ သွေးလင်းထက် ဘယ်ဖြောင့်ထိုးတာကို ရော့ကစ်တီက ဘယ်ဝိုက်နဲ့ အချိန်ကိုက်ပြန်ဆိုင်တာက အားပါလို့  ယိုင်ထွက်သွားသလို နောက်ထပ်ဘယ်လက်သီး ၂ လုံး ထပ်ထိပါတယ်။ ဒါပေမဲ့ အဲဒီလက်သီးတွေကပဲ အခုပွဲအတွက် အလှည့်အပြောင်းဖြစ်သွားစေခဲ့တာတော့ သေချာပါတယ်။

ပြိုင်ဘက်ရဲ့ နာမည်ကြီး ပွဲသိမ်းဘယ်လက်သီးတွေ အရှင်းထိတာ မနည်းပေမယ့် သူ့ကို အလဲထိုး နိုင်လောက်တဲ့၊ သူ့မာဂုဏ်ကိုကျော်နိုင်မယ့်ပါဝါမရှိတာ နားလည်သွားတဲ့ သွေးလင်းထက်က ယုံကြည်မှု မြင့်လာတယ်။

တဖက်မှာလည်း ထိုင်းဖိုက်တာက သူ့ပွဲသိမ်းလက်သီးတွေကို မဖြုံတဲ့ပြိုင်ဘက်ကြောင့် စိုးရိမ်စိတ်ရှိတဲ့ ယုံကြည်မှုလျော့တဲ့အမူအရာ ပေါ်လာတယ်။

အလဲထိုးမခံရနိုင်တာ သေချာသွားတဲ့ သွေးလင်းထက်က ထပ်ချပ်မကွာဆက်ဖိပြီး ဘယ်ခြေ အယောင်ပြ ညာခြေကန်ပြီး ညာဖြောင့်ထိုးဝင်လို့ ရော့ကစ်တီ ဟန်ချက်ပျက်သွားသလို ဘယ်နင်းခြေကို ဖမ်းပြီး ဘယ်ဖြောင့်ထိုးခံရလို့ သွေးလင်းထက် နောက်ဆုတ်လိုက်ရပါသေးတယ်။

ဘယ်တည်ကစားတဲ့ သွေးလင်းထက်ရဲ့ ဘယ်နံထဲ ရော့ကစ်တီ ညာဝိုက်ထိုးတာ ထိသလို နောက်ထပ် နံနှိုက်ညာဘယ်လက်သီးတတွဲ ထပ်ထိုးထည့်ပေမယ့် သွေးလင်းထက် နောက်မတွန့်သွားပါဘူး။

သွေးလင်းထက်က ချက်ချင်းဆိုသလို ညာဝိုက်ထိုးပြီး ရှေ့ခြေတလှမ်းတိုး ဘယ်ဖြတ်လက်သီး ထိုးတာကတော့ ဒီပွဲကို အဖြေထုတ်ပေးလိုက်တဲ့ ထိုးလုံးထိုးပေါက်ပါပဲ။

ပါဝါကြီးဘယ်လက်သီးကြောင့် အထိနာသလိုတွေ့ပြီး နောက်ဆုတ်သွားရတဲ့ ရော့ကစ်ရဲ့ဘယ်နံထဲ ညာခြေရှေ့ခင်းထားတဲ့ သွေးလင်းထက်က ညာလက်သီးတလုံး အားပါပါထိုးထည့်တယ်။

ပြီးတာနဲ့ ဘယ်ခြေ ရှေ့ခင်းအနေအထားပြောင်းလိုက်ပြီး ညာဖြောင့် ဘယ်ဝိုက်တွဲလုံးထိုးတာမှာ ဝိုက်လက်သီးက ရော့ကစ်တီရဲ့  ညာမေးရိုးကို တည့်ထိပြီး ပုံလျက်သားလဲကျသွားပါတော့တယ်။

သွေးလင်းထက်က လက်နှစ်ဖက်ဖြန့်ကားပြီး အဖြူထောင့်ကို ပြေးသွားချိန်မှာပဲ ကြိုးဝိုင်းဒိုင်က မလှုပ်မယှက်လဲကျနေတဲ့ ရော့ကစ်တီရဲ့အနေအထားကြည့်ပြီး ပထမအချီ ၂ မိနစ် ၃၉ စက္ကန့်မှာ ပွဲသိမ်းလိုက်တဲ့အတွက် ပွဲပြီးခေါင်းလောင်းသံလည်း ပေါ်ထွက်လာတယ်။

အမှန်တော့ ရော့ကစ်တီဟာ သွေးလင်းထက်ရဲ့ ပွဲသိမ်းလက်သီးမထိခင် ပထမဘယ်ဖြတ် လက်သီးထိကတည်းက မေးရိုးကျိုးသွားပုံရပြီး ဆေးအဖွဲ့က သူ့ကို ခေါင်းအထိန်းကိရိယာတပ်ပြီးမှ ထမ်းစင်နဲ့ခေါ်ထုတ်သွားရတယ်။

ပြီးခဲ့တဲ့ပွဲက ဝေဖန်သံတွေကို အလဲထိုးနိုင်ပွဲနဲ့ ပြန်ချေဖျက်ပြခဲ့တဲ့ သွေးလင်းထက်က ပွဲအပြီးမှာ အပိုဆုကြေး ဘတ် ၃ သိန်းခွဲ ယူသွားသလို ကြိုးဝိုင်းထဲအင်တာဗျူးသူက “ဒီပွဲမှာ အနိုင်ရသူက သွေး...လင်း...ထက်” ဆိုတဲ့ အပိတ်အော်သံမှာလည်း မြန်မာပရိသတ်ရဲ့အသံတွေ ထပ်တူကြားခဲ့ရတယ်။

ရေးသားသူ - ထို့တပတ်

#မြေလတ်အသံ

#အားကစား #ဆောင်းပါး #ရိုးရာလက်ဝှေ့ #သွေးလင်းထက် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10