လူငယ် ၃ ဦးကို စစ်တပ်က နေအိမ်ထဲထိ အဓမ္မဝင်ဖမ်းပြီး စစ်သင်တန်းကျောင်းပို့

လူငယ် ၃ ဦးကို စစ်တပ်က နေအိမ်ထဲထိ အဓမ္မဝင်ဖမ်းပြီး စစ်သင်တန်းကျောင်းပို့

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ မြောင်ဦးကြီးကျေးရွာမှာ စစ်ကောင်စီအဖွဲ့တွေက လူငယ် ၃ ဦးကို နေအိမ်မှာအဓမ္မဝင်ဖမ်းပြီး စစ်သင်တန်းကျောင်းကိုပို့လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာလ ၂၉ ရက် ည ၈ နာရီကျော်မှာ စစ်သားနဲ့ရဲအင်အား ၂၀ ကျော်နဲ့ မြောင်ဦးကြီး ကျေးရွာကို ဝင်ရောက်လာပြီး အသက် ၂၇ နှစ်အရွယ် ကိုရဲသွေးအပါအဝင် လူငယ် ၃ ဦးကို သူတို့ရဲ့ နေအိမ်တွေထဲကို ဝင်ရောက်ကာ လက်ထိပ်ခတ်ဖမ်ခေါ်သွားတာလို့ ဆိုပါတယ်။

"စစ်မှုထမ်းဖို့ဆိုပြီး နေအိမ်အတွင်းဝင်ဖမ်းသွားတာပဲ။ နှစ်ဆောင်ပြိုင်တပ်သားသစ်သင်တန်း (တောင်ငူစစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း) ကို တန်းပို့တယ်လို့ သိရတယ်။ ကိုရဲသွေးတို့အိမ်မှာဆို ညီအကိုနှစ်ယောက်စလုံးကိုဖမ်းတာ။ တောင်းပန်လို့ အကို ဖြစ်သူကို ထားခဲ့တာ"လို့ ဒေသခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူ ၃ ဦးဟာ အသက် ၂၅ ကနေ ၃၀ ကြားတွေဖြစ်ပြီး တောင်သူ၊ သုံးဘီးမောင်းသူ တွေဖြစ်ကာ ဝင်ဖမ်းချိန်မှာလည်း အထက်ပါအမျိုးသား ၃ ဦးရဲ့ နေအိမ်တွေကိုသာ ဝင်ဖမ်းခဲ့တယ်လို့ ဆိုပါတယ်။ 

ဖမ်းဆီးခံရတဲ့ လူငယ်တွေကို ညပိုင်းမှာ အုတ်တွင်း ရဲစခန်းမှာဖမ်းထားပြီး နောက်တနေ့မနက် စက်တင်ဘာ ၃၀ ရက်မနက်ပိုင်းမှာ တောင်ငူရှိ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းကို ပို့ခဲ့တာလို့ ပြောပါတယ်။ 

ငွေပေးညှိနှိုင်းပြီး ပြန်ခေါ်ပေမယ့်လည်း မရခဲ့ဘူးလို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုနဲ့နီးစပ်သူတွေ ပြောပြချက်ကို ကိုးကားပြီး အထက်ပါဒေသခံက ပြောပါတယ်။ 

အုတ်တွင်းမြို့နယ်ထဲမှာ စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ ရဲအဖွဲ့တွေက စစ်မှုထမ်းရဖို့ အုပ်ချုပ်ရေးမှူးတွေ စာရင်းပေးတဲ့ နေအိမ်တွေကို ပေါ်ပေါ်ထင်ထင်ဝင်ရောက်ဖမ်းဆီးနေလို့ ဒေသခံတွေမှာ စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။ 

ဇူလိုင်လ ၁၂ ရက်ကလည်း လယ်ယာလုပ်ငန်းခွင်အတွက် လိုအပ်တဲ့ပစ္စည်းသွားဝယ်တဲ့ ပဲကြီးခုန် ကျေးရွာက လူငယ် ၂ ဦး၊ အုန်းပင်ကျေးရွာရာအိမ်မှူးသား အပါအဝင် ၂ ဦးတို့ကို စစ်ကောင်စီကဖမ်းပြီး  စစ်မှုထမ်းသင်တန်းကို ပို့ခဲ့သေးတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #စစ်ကောင်စီ #ဖမ်းဆီး #ဒေသခံ #စစ်မှုထမ်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10