လူထုကြား စိုးရိမ်မှုမြင့်လာတဲ့ ရခိုင်ကလူဖမ်းပွဲ

လူထုကြား စိုးရိမ်မှုမြင့်လာတဲ့ ရခိုင်ကလူဖမ်းပွဲ

ရေးသူ-ဝင်းသိန်း

၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်တွင် တိုက်ပွဲဖြစ် ပွားမှုမရှိခဲ့သည်မှာ ၂၀၂၂ခုနှစ် ဇွန်လအထိဖြစ်သည်။ သို့သော်လည်း မေလဆန်းပိုင်းတွင် ချင်းပြည်နယ် ပလက်ဝက်မြို့နယ်၊ အဘောင်သားကျေးရွာအနီးတွင် စစ်ကောင်စီနဲ့ရက္ခိုင့်တပ်တော်(AA)အကြား တိုက်ပွဲငယ် လေးတကြိမ်ဖြစ်ခဲ့သည်။ ဖြစ်ခဲ့သော်လည်း ၂၀၁၈၊ ၂၀၁၉ ခုနှစ်ကလို ကြီးကြီးမားမားမဖြစ်ခဲ့ပေ။

လက်ရှိတွင်လည်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးပေ။ သို့သော် မြောက်ပိုင်း မြို့တချို့တွင် တပ်နှစ်ခုအကြား အပြန်အလှန်လူဖမ်းပွဲကျင်းပနေသည်ကို တွေ့ရှိနေရသည်။ ရက္ခိုင့်တပ်တော်(AA)ဖက်မှ စစ်ကောင်စီ၏အရာရှိပုဂ္ဂိုလ်၊ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များကို နေ့စဥ်ရက်ဆက် ဖမ်းဆီးလာနေသည်။ စစ်ကောင်စီဖက်မှလည်း ၎င်းတို့ဖက်မှတဦးပါသွားခဲ့လျှင် အရပ်သားပြည်သူအများအပြား ကိုလိုက်လံဖမ်းဆီးနေသည်။

ယခုနှစ်ဇွန်လ ၁၁ ရက်နေ့မှစတင်ကာ ကျောက်တော်မြို့ပေါ်တွင် သွားလာနေသည့် စစ်ကောင်တပ်ဖွဲ့ဝင် ဒုတပ်ကြပ်တဦးနှင့်တပ်သားတဦးတို့ကို  ရက္ခိုင့်တပ်တော်(AA)ဖက်မှ ဖမ်းဆီးခဲ့သည်။ယင်းနောက် စစ်ကောင်စီဖက်မှ မြို့တွင်လုံခြုံရေးတင်းကြပ်စွာချထားကာ လမ်းသွားလမ်းလာများကို စစ်ဆေးမှုသာပြုလုပ်ခဲ့ပြီး ဖမ်းဆီးမှုမရှိခဲ့ပေ။
ယင်းနောက်ဇွန်လ ၁၄ ရက်နေ့တွင် ရက္ခိုင့်တပ်‌တော်(AA)က သတင်းစာရှင်းလင်းပွဲပြုလုပ်ရာ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ကျောက်တော်မြို့မှစစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးကိုဖမ်းဆီးရခြင်းမှာ မိမိတို့(ULA/AA)အဖွဲ့ဝင်များကို လိုက်လှံဖမ်းဆီးမှုများကို ဖမ်းဆီးနေသည့်အတွက် တန်ပြန်ဖမ်းဆီးရခြင်းဖြစ်သည်ဟု သတင်းထောက်များကို ပြောဆိုခဲ့သည်။

ယခုလိုရက္ခိုင့်တပ်တော်ဖက်မှ ဖမ်းဆီးမှုများမပြုလုပ်သေးမီ စစ်ကောင်စီဖက်မှ  တောင်ကုတ်၊ ရမ်းဗြဲ၊မာန်အောင်၊ ကျောက်ဖြူတို့ဖက်တွင် ULA/AAမှ ခန့်အပ်ထားသည့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တရားရုံးအဖွဲ့ဝင်များကို လိုက်လံဖမ်းဆီးမှုများ တောက်လျောက်လုပ်ခဲ့သည်။သို့သော်လည်း စစ်ကောင်စီမှလိုချင်သည့် လူများကို မဖမ်းမိခဲ့ ပေ။ သို့သော်လည်း ဇွန်လ ၂၁ ရက်နေ့တွင် ကျောက်တော်မြို့တွင် နေထိုင်သည့် လူမှုရေးတက်ကြွလှုပ်ရှားသူ ဦးဇော်ဝင်းကို စစ်ကောင်စီကဖမ်းဆီးသွားခဲ့သည်။

ယင်အပြင် စစ်ကောင်စီဖက်မှ တိုက်ပွဲများရှိမနေသော်လည်း ရခိုင်ပြည်နယ်ရှိ မြို့နယ်တော်တော်များကို စစ်အင်အား၊ လက်နက်အင်အားများ နေ့စဥ်ဖြည့်တင်းနေခဲ့ပြီး ကျောက်ဖြူမြို့၊ သံဇစ်မြစ်ထဲမှာဆိုလျှင် တစီးတည်းသာ ပိုင်ဆိုင်ထားသည့်ရေငုတ်သင်္ဘောကိုပါ ထုတ်ဖော်ပြသလိုက်သည်ကို တွေ့မြင်ခဲ့ရသည်။ 

စစ်ကောင်စီဖက်မှ ယခုလိုရေငုတ်သင်္ဘောကို ရခိုင်ပြည်နယ်၌ထုတ်ပြလာခြင်းမှာ တိုက်ပွဲဖြစ်လာလျှင် ရက္ခိုင့်တပ် တော်(AA)ကို မီးကုန်ယမ်းကုန်းတိုက်ခိုက်နိုင်ရန်အတွက်ဖြစ်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ခိုင်သုခက ပြောဆိုခဲ့ သည်။ 

ယင်းနောက် ယခုလဇွန် ၁၁ ရက်နေ့မှစတင်ကာ ယနေ့အချိန်ထိ ရက္ခိုင့်တပ်တော်(AA)ဖက်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် များကို တောက်လျောက်ဖမ်းဆီးခဲ့မှုများ ဖြစ်ပေါ်လာခဲ့သည်။မြောက်ဦး၊ကျောက်တော်၊ပုဏ္ဏားကျွန်း၊စစ်တွေ စသည့်မြို့များမှ AA ဖက်ကဖမ်းဆီးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၆ ဦးအထိရှိ လာနေပြီဖြစ်သည်။

ဇွန်လ ၁၁ ရက်နေ့တွင် ကျောက်တော်မြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦး၊ ဇွန်လ ၁၆ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဦး၊ ဇွန်လ ၂၀ရက်နေ့တွင် ကျောက်တော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၃ဦး၊ ဇွန်လ ၂၁ရက် နေ့တွင် မြောက်ဦးမြို့မှ စရဖတပ်ဖွဲ့ဝင် ၄ဦးနှင့် ဇွန်လ ၁၇ရက်နေ့တွင် တိမ်မြို့ကျေးရွာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁ဦး၊ ဇွန်လ၂၂ရက်နေ့တွင် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရဲစခန်းမှ ရဲတပ်သား ၂ဦး၊ဇွန်လ ၂၃ရက်နေ့တွင် စစ်တွေမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၁ဦးတို့ကို AAကဖမ်းဆီးထားခြင်းဖြစ်သည်။ 

တစ်ချိန်တည်းမှာဘဲ မြောက်ဦး၊ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေမြို့များမှ စစ်ကောင်စီ ဖမ်းဆီးထားသည့် အရပ်သားပြည်သူ ၅၀ နီးပါရှိလာနေသည်ဟု သတင်းဖော်ပြချက်များရသိရသည်။ လက်ရှိတွင်လည်း စစ်ကောင်စီ မှ အဆိုပါမြို့များတွင် အသွားအလာများစစ်ဆေးခြင်း၊ ညအချိန်ဧည့်စာရင်းကို အကြောင်းပြကာ နေအိမ်များကို ဝင်ရောက်ရှာဖွေမှုများကို ယခုအချိန်ထိပြုလုပ်နေဆဲပါ။

ယခုလိုအခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ရခိုင်ပြည်နယ်နှင့် ပတ်သက်၍ အစွမ်းကုန်သီးခံနေလျှက်ရှိပြီး စစ်ကောင်စီဖက်မှလည်း အကြောင်းမဲ့ဖမ်းဆီးခြင်း မျိုးမရှိသလို AAနှင့်ပတ်သက်ပြီး ဖမ်းဆီးနေခြင်းလည်း မရှိဟု ဇွန်လ ၂၄ရက်နေ့တွင် BBCကို ဖြေဆိုထားသည်။

ယခုလိုနှစ်ဖက်တပ်ဖွဲ့အကြား အပြန်အလှန်ဖမ်းဆီးနေမှုများ လုပ်ဆောင်နေချိန်တွင် စစ်ကောင်စီဖက်မှ ပြည်သူများကို ဖမ်းဆီးမှု မလုပ်သင့်ကြောင်း ရခိုင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ မြေပုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ်‌ဟောင်း ဦးဖေသန်းထောက်ပြ ပြောဆိုသည်။

“စစ်ကောင်စီဖက်ကလည်း ULAတည်ဆောက်ထားတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအဖွဲ့တွေကို အကုန်လုံး ရပ်ရွာ အုပ်ချုပ်ရေးကအစ လိုက်ဖမ်းနေတာကို။ AAဖက်ကလည်းသင့် စစ်ကောင်စီရဲ့အဓိကအင်အားတွေဖြစ်တဲ့ စစ်သား တွေနဲ့ရဲသားတွေကို ဖမ်းတယ်။တစ်ခုပဲကွာခြားတာက စစ်သားနဲ့ရဲသားကို ဖမ်းရင် ဒီဖက်ကULA/AAအဖွဲ့ဝင်ဖြစ် စေ၊ တပ်သားဖြစ်စေဖမ်းသွားရင် သဘာဝကျသေးတယ်။ ပြည်သူလူထုကိုဖမ်းတာကတော့ မဖြစ်သင့်။ ဒီလိုဖမ်း နေ တာကလူထုကို ဒုက္ခပေးနေတာနဲ့တူတယ်” ဟုဆိုသည်။

အဲဒီလိုလူဖမ်းပွဲဖြစ်နေသော်လည်း စစ်ကောင်စီနှင့်ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲတစုံတစ်ရာဖြစ်လာ ခြင်းမျိုးမတွေ့ရသေးပေ။ ယခုလိုတိုက်ပွဲဖြစ်မလာခြင်းမှာလည်း စစ်ကောင်စီဖက်မှ ဖြန့်ကြဲထားသည့် စစ်မျက်နှာ များတွင် ၎င်းတို့ဖက်မှအထိနာနေသည့်အတွက် လတ်တလောရခိုင်တွင်တိုက်ပွဲ မဖော်ဆောင်သေးခြင်းဖြစ်သည် ဟုလည်း ဒေသခံလူထုများက ဝေဖန်မှုများရှိနေကြသည်။

တဖက်မှာလည်း ရခိုင်ပြည်သူများမှာ စစ်ဒဏ်ကို ၂ နှစ်ကျော်ကြာခံစားခဲ့ရသည့်အချိန်မှာ လက်ရှိအချိန်ထိ ခံစား နေရဆဲဖြစ်သလို စစ်ဘေးရှောင်စခန်းများတွင်လည်း စစ်ရှောင်နေကြရသည့်ဒုက္ခသည်များမှာ နေရပ်ကိုယခုအချိန် ထိမပြန်နိုင်သေးသဖြင့် တိုက်ပွဲသာဆက်ဖြစ်လာလျှင် ယခုအခြေအထက်ပိုမိုဆိုဝါးသွားသည်ကို ရက္ခိုင့်တပ်တော် (AA)ဖက်မှ ချိန်ဆနေသည့်အတွက် တိုက်ပွဲဖြစ်မလာနိုင်ကြောင်း ဝေဖန်းသုံးသပ်နေကြသည်။

သို့သော်လည်း စစ်ကောင်စီဖက်မှ မြို့တော်စစ်တွေအထိ ဖမ်းဆီးမှုများ၊ စစ်ဆေးမှုများပြုလုပ်လာနေသည့်အတွက် ပြည်သူလုထုအကြား စိုးရိမ်မှုများ မြင့်တက်လျှက်ရှိနေကြသည်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10