လူနာတင်ကားနဲ့လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်လို့ ၅ဦးသေဆုံးပြီး ယာဥ်မောင်း၂ဦးအသက်ရှင်

လူနာတင်ကားနဲ့လာတဲ့ စစ်အုပ်စုကို တိုက်ခိုက်လို့ ၅ဦးသေဆုံးပြီး ယာဥ်မောင်း၂ဦးအသက်ရှင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် လမ်းပိုင်းတနေရာမှာ လူနာတင်ကားနဲ့လာတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရလို့ ၅ဦးသေဆုံးပြီး လူနာတင်ယာဥ်မောင်းသူ အရပ်သား၂ဦးအသက်ရှင်လွတ်မြောက်ခဲ့တယ်လို့ မုံရွာ အမှတ်၂တိုက်နယ်ရဲ့ ဒုတိုက်နယ်မှူးက ပြောပါတယ်။ 

ဒီဇင်ဘာလ ၂၄ ရက် နေ့လယ်ပိုင်းမှာ သာစည်ထောင်ကနေ ဒဏ်ရာရရဲတဦးကို စစ်ဆေးရုံပို့ဖို့ ထွက်လာချိန်မှာ PDFတွေက တားဆီးစစ်ဆေးရာ ပြန်လည်ခုခံတဲ့အတွက် ပစ်ခတ်မှုဖြစ်ခဲ့တာပါ။

အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး စစ်အုပ်စုဘက်က ဒဏ်ရာရ ရဲတဦးအပါအဝင် ၅ဦးစလုံးသေဆုံးပြီး ယာဥ်မောင်း အရပ်သား ၂ ဦးကိုတော့ ကယ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ 

“ကားက ရပ်မှာလိုလိုနဲ့ နှေးသွားပြီးကာမှ ခပ်လှမ်းလှမ်းထိမောင်းသွားပြီး 94 နဲ့ပစ်တယ်၊ သူတို့ကို (စကစတပ်သားတွေ) အလင်းဝင်စေချင်တဲ့ပုံစံနဲ့ တားတာပါ။ တားတဲ့ကြားက မောင်းပြေးလို့ ပစ်ရတာ။ အရပ်သား ၂ ယောက်ကို ဘေးနားကရေမြောင်းထဲကို လှိမ့်ချခိုင်းပြီးမှ အနီးကပ်ပြန်ပစ်ရတာ။ အရပ်သားတွေကို ကယ်တဲ့ချိန် တော်တော်ခဲရင်းပါတယ်။”လို့ မုံရွာ အမှတ် ၂ တိုက်နယ်ရဲ့ ဒုတိုက်နယ်မှူးက မြေလတ်အသံကို ပြောပါတယ်။

အပြန်လှန်ပစ်ခတ်မှု ၁၀ မိနစ်ကျော်အတွင်း ကားပေါ်မှာပါလာတဲ့ စစ်ကောင်စီတပ်သား ၅ ယောက်လုံး သေဆုံးပြီး G3 ၂ လက်၊ BA 94 ၁ လက်၊ ကျည်ဘောက် ၄ ဘောက်နဲ့ ကျည်ဆန်တချို့ ရခဲ့တယ်လို့ ဆိုပါတယ်။

အလောင်းတွေကိုတော့ ကာကွယ်ရေးရဲဘော်တွေက မီးသင်္ဂြိုဟ်ပေးခဲ့ပြီး ကားကိုလည်း လုံခြုံရေး အခြေအနေကြောင့် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သူက ပြောပါတယ်။

ကားပေါ်မှာပါလာတဲ့ အရပ်သား ၂ ဦးကိုလည်း အန္တရာယ်ကင်းစွာ ကယ်ထုတ်ခဲ့ပြီး သက်ဆိုင်ရာ မြို့နယ်က တာဝန်ရှိသူတွေနဲ့ချိတ်ဆက်ကာ ပြန်လည်ပို့ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို တိုက်နယ် ပကဖ၊ ပလဖ၊ မြို့နယ်ပကဖ၊ ပလဖ၊ ရပ်ကျေး ပကဖ၊ ပလဖ၊ God of Monywa PDF၊ Golden Eagle၊ တောကျွဲကြီးပြောက်ကျားတပ်ဖွဲ့၊ ပုဏ္ဏက စတဲ့ တပ်ဖွဲ့တွေ စုပေါင်းလုပ်ဆောင်ခဲ့တာပါ။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ကာကွယ်ရေးတပ် #စစ်ကောင်စီတပ်သား #ပစ်ခတ် #ရှင်းလင်း #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10