လူနေအိမ် မီးရှို့ပြီးပြန်လာတဲ့ စစ်ကြောင်း မိုင်းဆွဲခံရပြီး ၂ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

လူနေအိမ် မီးရှို့ပြီးပြန်လာတဲ့ စစ်ကြောင်း မိုင်းဆွဲခံရပြီး ၂ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ တနယ်ကျေးရွာကို မီးရှို့ပြီးပြန်ထွက်လာတဲ့ အင်အား ၇၀ ကျော်ပါ စစ်ကြောင်းကို မိုင်းဆွဲပြီး ဝိုင်းဝန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ Myanmar's Royal Dragon Army -MRDA အဖွဲ့က ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ ခမရ ၇၀၉ တပ်နဲ့ ၇၀၁ တပ်က ဖြစ်ပြီး ဩဂုတ် ၃ ရက် မနက် ၉ နာရီမှာ မိုင်း ၂ လုံးဆွဲကာ တိုက်ခိုက်တဲ့အပြင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ကောင်စီစစ်‌ကြောင်းဟာ ပုလဲမြို့ထဲက တနယ်ရွာကို မနက်စောစော ၄ နာရီ ၅၀ မိနစ်လောက်မှာ မီးရှို့ပြီး ရွာက ပြန်ထွက်လာကြတဲ့အချိန် ကျောက်ဖျာကန်နဲ့အင်းကန်ကျေးရွာအကြားမှာ Myanmar's Royal Dragon Army-MRDA တပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

“မိုင်း ၂ ပွိုင့်ဆွဲပြီး လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာ မိနစ် ၃၀ ကြာပါတယ်။ စုံစမ်းသိရှိရတာကတော့ ** ၂ ကောင် သေပြီး ၅ ကောင် ဒဏ်ရာရတယ်” လို့ Myanmar's Royal Dragon Army-MRDA တာဝန်ခံက ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခံရပြီးနောက်မှာ အင်းကန်ကျေးရွာဘက်ကိုထွက်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁ ရက်ကလည်း ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရွာစခန်းက ထွက်လာတဲ့စစ်ကြောင်း ရွာသစ်ကျေးရွာ အရှေ့ဘက် ရွာသစ်တိုဘုရားအနီးမှာ Myanmar's Royal Dragon Army-MRDA အဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၄ ဦး သေဆုံးခဲ့ပါသေးတယ်။ 

MRDA အဖွဲ့က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး ဒီပစ်ခတ်တိုက်ခိုက်မှုကို Myanmar's Royal Dragon Army-MRDA ၊ ယင်းမာပင် ခရိုင်တပ်ရင်း 6 MRDA တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင်မြို့နယ် #တနယ်ကျေးရွာ #MRDA #စစ်ကောင်စီ #မိုင်းဆွဲ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10