သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပေါက်မြို့နယ်က လူမနေတော့တဲ့ ဇီးတောရွာနဲ့ တောင်ဘက်ကြီးရွာတွေထဲမှာ တောဝက်တွေ အသိုက်ဆောက်နေထိုင်ကြပြီး စစ်ရှောင်တွေ စိုက်ပျိုးထားတဲ့ ယာခင်းတွေကို ဖျက်ဆီးနေတာကြောင့် စစ်ရှောင်တွေ အခက်တွေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇီးတောကျေးရွာနဲ့ တောင်ဘက်ကျေးရွာက စစ်ရှောင်ပြည်သူတွေဟာ အနီးအနားက ပျူစောထီးအားကောင်းတဲ့ တပ်ကုန်းရွာမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့အတွက် ရွာထဲ မနေရဲကြဘဲ ရွာအနီးအနားက တောတိုက်တွေ၊ ယာအနီးအနားတွေမှာ တဲထိုးနေတာဟာ ၃ နှစ် နီးပါးရှိပြီဖြစ်တယ်လို့ စစ်ရှောင်ဒေသခံတဦးက ပြောပါ တယ်။
အဲဒီအနီးအနားဝန်းကျင်မှာ ပျူစောထီးအားကောင်းတဲ့ တပ်ကုန်းရွာက စစ်ရှောင် ၅၀၀ ကျော်လည်းရှိတယ်လို့ သိရပါတယ်။
တောတိုက်နဲ့ ယာခင်းတွေအနီးမှာ နေထိုင်ကြတဲ့ စစ်ရှောင်တွေဟာ အရင်နှစ်တွေက စိုက်ခင်းတွေ မလုပ်ကြပေမယ့် ဒီနှစ်မှာ ပဲစဉ်းငုံစိုက်ပျိုးရာမှာ အခုလို တောဝက်တွေ ဝင်ရောက်ဖျက်ဆီးနေတာဖြစ်တယ်လို့ စစ်ရှောင်တွေက ဆိုပါတယ်။
အဲဒီတောဝက်တွေဟာ လူမနေတော့တဲ့ ကျေးရွာထဲက နေအိမ်ခြံတွေထဲမှာ အသိုက်ဆောက်လုပ်နေထိုင်ပြီး အခုလို ယာခင်းတွေကို ဝင်ရောက်ဖျက်ဆီးနေတာဖြစ်တယ်လို့ သိရပါတယ်။
တောဝက်တွေက လူတွေကိုတော့ရန်မမူကြဘဲ အခင်းတွေတော့အတော်လေးဖျက်ဆီးကြတယ်လို့ သိရပါတယ်။
“တောဝက်ဆိုတာ အရင်က မြင်တောင် မမြင်ဖူးဘူး။ အခုမှ ရွာထဲ လူမနေတော့ ချုံတွေထူပြီး တောဝက်တွေက အမြုံလုပ်နေကြတာ။ လူနေ တောတိုက်နဲ့ ဝေးတဲ့နေရာတွေဆို ပိုဆိုးတယ်၊ တောဝက်က အုပ်လိုက်ပဲ” လို့ ဒေသခံ တဦးက ပြောပါတယ်။
အခုအခါမှာတော့ ယာခင်းစိုက်ပျိုးထားတဲ့ စစ်ရှောင်တောင်သူတွေဟာ စစ်ကောင်စီစစ်ကြောင်းလာမှာကို ကင်းစောင့်ကြည့်ရသလို တောဝက်တွေလာရောက်ဖျက်ဆီးမှုက ကင်းဝေးအောင်လည်း ဝက်ကင်းစောင့်နေရတယ်လို့ စစ်ရှောင်တဦးက ဆိုပါတယ်။
“မင်းအောင်လှိုင်ထက် ဆိုးနေလား မသိ၊ **ကင်းလည်းစောင့်ရ၊ ဝက်ကင်းလည်းစောင့်ရ” လို့ သူက ပြောပါ တယ်။
စစ်ရှောင်တွေဟာ စားသောက်ရေးအတွက် အဆင်ပြေစေရန် ဒီနှစ်ပိုင်းကစလို့ စပါးနဲ့ ပဲစဉ်းငုံအနည်းငယ်စီ ပြန်လည်စိုက်ပျိုးကြရာမှာ အခုလို တောဝက်တွေဖျက်ဆီးတဲ့အတွက် စားသောက်ရေးအတွက် တော်တော်လေး အခက်ကြုံနေရတယ်လို့ သိရပါတယ်။
“အခက်အခဲတွေကတော့ အများကြီးရှိတာပေါ့။ ရွာထဲလည်း မပြန်နိုင်ဘူး၊ တောထဲတင်နေ နေရတော့ အဓိက ကတော့ စားရေးသောက်ရေးခက်ခဲတာပါပဲ” လို့ စစ်ရှောင်ဒေသခံတဦးက ပြောပါတယ်။
အလှူရှင်တွေ တခါတရံလာပြီးဆန်အိတ်နဲ့ စောင်လေးတွေလာရောက်ထောက်ပံ့တာလေးတွေ တော့ရှိတယ်လို့ ဆိုပါတယ်။
“စစ်ရှောင်စခန်းဆိုတာထက် ရွာထဲကလူတွေ စုပြီးတဲလေးတွေထိုးနေကြတဲ့အခြေအနေပေါ့” လို့ ဒေသခံတဦးမှ ပြောကြားထားပါတယ်။
ဇီးတောနဲ့ တောင်ဘက်ကြီးကျေးရွာက နှစ်ရွာလုံးမီးရှို့ ခံထားရပြီး အိမ်ခြေ ၁၆၀ ကျော် လူဦးရေ ၇၀၀ ရှိပြီး သက်ကြီးရွယ်အို ၂၀ နဲ့ ကလေး ၇၀ ခန့် ရှိတယ်လို့ သိရပါတယ်။
မိုးတွင်းကာလတုန်းကလည်း အမိုးမလုံဘဲနေခဲ့ရတာ ၃ နှစ် နီးပါးရှိလာပြီး စားရေး၊ သောက်ရေးက ခက်ခဲလာကာ ရာသီဥတုအေးလာတာကြောင့် စောင်တွေ၊ အနွေးထည်တွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
အခုချိန်မှာ ရွာထဲပြန်ပြီး ပစ္စည်းယူလို့ရတဲ့အခြေအနေဖြစ်ပေမယ့် မီးရှို့ခံထားရပြီး စစ်ကောင်စီတပ်ဖွဲ့တွေက အိမ်မှာရှိတဲ့ ပစ္စည်းတွေယူသွားတဲ့အတွက် နေအိမ်မှာ ဘာမှမကျန်တော့ဘူးလို့ သိရပါတယ်။
ပုံစာ - တောဝက်အသိုက်နှင့် စစ်ရှောင်တဲအချို့ကို တွေ့ရစဉ်။
သတင်း - ဟယ်သာ၊ စာတည်း - JCG
#မြေလတ်အသံ
#မကွေး #ပေါက် #ဇီးတောရွာ #တောင်ဘက်ကြီးရွာ #တောဝက် #စစ်ရှောင် #စိုက်ပျိုးရေး
Share Share Share