လူမရှိတော့တဲ့ ရေလယ်ကျွန်း အောင်သုခရွာကို စစ်ကောင်စီတပ်က မီးဝင်ရှို့လို့ နေအိမ် ၆၀ ခန့်ပြာကျ

လူမရှိတော့တဲ့ ရေလယ်ကျွန်း အောင်သုခရွာကို စစ်ကောင်စီတပ်က မီးဝင်ရှို့လို့ နေအိမ် ၆၀ ခန့်ပြာကျ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ အောင်သုခကျေးရွာကို စစ်ကောင်စီတပ်က သြဂုတ်လ ၁၆ ရက် မနက် ၇ နာရီမှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၆၀ ခန့် ပြာကျပျက်စီးခဲ့တယ်လို့ ငါန်းဇွန်မြို့နယ် ပကဖ အဖွဲ့ဆီက သိရပါတယ်။ 

ရဲဗဒိုင်းကျေးရွာကနေ စစ်သင်္ဘော ၂ စီးနဲ့ မော်တော်စက်လှေ ၆ စီးဟာ တိုက်ပွဲမဖြစ်ဘဲ ဧရာဝတီမြစ်၊ ရေလယ်သောင်ကျန်းပေါ်မှာတည်ရှိတဲ့ အောင်သုခကျေးရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ခတ်ဝင်ရောက်လာပြီး မီးရှို့သွားခဲ့တာလို့ ဆိုပါတယ်။

"ရွာမှာလူတွေက တယောက်မှမရှိတော့ဘူး။ မြင်းမူဘက်ကို ထွက်ပြေးနေကြလို့ အထိအခိုက်မရှိခဲ့ဘူး။ နေအိမ်တွေကိုပဲ မီးရှို့သွားတာ။ အောင်သုခရွာက အိမ်စုစုပေါင်း ၆၀ ကျော်လောက်ပဲရှိတာ။ တရွာလုံးနီးပါးပျက်စီးသွားတာပေါ့" လို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အလားတူ ညနေ ၄ နာရီကျော်မှာ ရေဆင်းကျေးရွာဘက်ကနေ ​ထော်လာဂျီတွေနဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်အင်အား ၇၀ ကျော်က အောင်သုခရွာရဲ့ အနောက်ဘက်မှာရှိတဲ့ အောင်သာကျေးရွာကို ပစ်ခတ်ဝင်ရောက်ခဲ့ရာ ဒေသခံတွေ ရွာထဲပိတ်မိနေခဲ့ကြပေမယ့် အထိအခိုက်မရှိခဲ့ဘူး လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

အဲဒီကုန်းကြောင်းစစ်ကြောင်းဟာ အောင်သာကျေးရွာက ပြန်ထွက်ခွာချိန် ထော်လာဂျီတစီးမှာ ရွာတံတားကိုအရောက် ရေထဲကိုပြုတ်ကျသွားခဲ့တာကြောင့် စစ်သား ၁ ဦး ရေနစ်သေဆုံးခဲ့တယ်လို့လည်း သူကဆက်ပြောပါ တယ်။

ပြီးခဲ့တဲ့သြဂုတ် ၆ ရက်နေ့မှာလည်း စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းတခုဟာ ငါန်းဇွန်မြို့ နယ်ထဲက ထန်းတပင်၊ ရေလည်သောင်၊ နဘဲပင်၊ သာကျင်း၊ ကံသာ၊ အောင်သုခစတဲ့ ကျေးရွာ ၆ ရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၂ ထောင်ခန့်ဟာ မြင်းမူမြို့နယ်ဘက်ကို ထွက်ပြေးခိုလှုံနေကြရတယ် လို့ သိရပါတယ်။

ပုံစာ- ၂၀၂၂ ခုနှစ်၊ သြဂုတ် ၁၉ ရက်နေ့က မီးရှို့ခံခဲ့ရတဲ့ ငါန်းဇွန်မြို့နယ်၊ မင်းဂျီကျေးရွာအားတွေ့ရစဥ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #မန္တလေးတိုင်း #ငါးဇွန်း #ဧရာဝတီမြစ် #ရေလယ်ကျွန်း #စစ်ကောင်စီ #မီးရှို့ဖျက်ဆီး #စစ်ရှောင်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10